ဂြိုဟ်လေးတွေ ဘယ်လိုသွား

ဂြိုဟ်တွေ ဒီနေ့ဘယ်မှာနေ . .

Thursday, March 1, 2012

တားရော့ ပုံပြင် (၁)

မျက်မမြင် ပုဏ္ဏား (၆)ယောက် နှင့် ကျွန်တော်
(သို့မဟုတ်)
တားရော့ ပုံပြင် (၁)
         
          ငယ်ငယ်တုန်းက မျက်မမြင်ပုဏ္ဏား (၆)ယောက်၊ ဆင်စမ်းတဲ့ပုံပြင်ကို ဖတ်ခဲ့ရဘူးတယ် -
          - နှာမောင်းကို ကိုင်မိသူက ဆင်ဆိုတာ မြွေနဲ့တူသတဲ့၊
          - အစွယ်ကို ကိုင်မိသူက ဆင်ဆိုတာ ပွတ်လုံးနဲ့တူသတဲ့၊
          - နားရွက်ကို စမ်းမိသူက ဆင်ဆိုတာ ယပ်တောင်လိုပဲတဲ့၊-
          - ခြေထောက်ကို ကိုင်မိသူက ဆင်ဆိုတာ သစ်ပင်ကြီးနဲ့တူသတဲ့၊
          - နံဘေးကို ကိုင်မိသူက ဆင်ဆိုတာ ကျောက်နံရံကြီးလိုပဲတဲ့၊
          - အမြီးကိုဆွဲမိသူက ဆင်ဆိုတာ နွယ်တစ်ပင်လိုပဲတဲ့။
          အခုလဲ နိုင်ငံတကာက တားရော့TAROTစာအုပ်တွေ ဖတ်ရှု့လေ့လာရင်းက၊ အထက်ပါ
ပုံပြင်လေးကို သတိရမိတယ်။
အချို့စာအုပ်တွေကလဲ၊ သူတို့ဆီက နတ်ဘုရားတွေရဲ့ ဒဏ္ဍာရီပုံပြင်တွေဖြစ်ပါသတဲ့၊
အချို့စာအုပ်တွေ ကျပြန်တော့လဲ  ရှေးဟောင်းဘာသာရေး ကျမ်းစာတွေဖြစ်ပါသတဲ့၊
အချို့ကတော့လဲ ဟီးဗရူးလူမျိုးတွေရဲ့ ရှေးဟောင်းအက္ခရာ (၂၂)လုံးက ဆင်းသက်လာတာ ဖြစ်ပါသတဲ့၊
အချို့ကြတော့လဲ ဆယ့်နှစ်ရာသီ၊ နက္ခတ်၊ ဂြိုဟ်တွေရဲ့ လျှို့ဝှက်သင်္ကေတတွေ ဖြစ်ပါသတဲ့၊
အချို့ကဆိုပြန်တယ် - ဂဏန်းတွေ ဂြိုဟ်သင်္ကေတတွေကို ရောင်စုံရုပ်ပုံတွေနဲ့ ဖုံးလွှမ်းပြီး၊ အရောင်အဓိပ္ပါယ်တွေနဲ့ ချယ်မှုန်းထားတာပါတဲ့------- ။
          သူတို့စာတွေဖတ်ပြီး၊ တားရော့ကို စိတ်ဝင်စားတာနဲ့ လေ့လာပုံဖော်နေမိတယ်ဆိုတော့၊ ကျွန်တော်လဲ မျက်မမြင်ပုဏ္ဏားတစ်ယောက်ဖြစ်ခဲ့ပြီပေါ့။ ဒီတော့ ကျွန်တော် ထိတွေ့မိတာလေးတွေကို ကျွန်တော်သိသလို ပြောပြချင်လာတယ်၊ ဆင်ကို လက်နဲ့စမ်းချင်နေတဲ့ သူတွေအတွက် အရိပ်အမြွက် ( Hnits )အနေနဲ့ပါ။
ဂျိမ်းစဘွန်းရဲ့ တားရော့လက်ဆောင်
          တားရော့ကားချပ်တွေကို စတင်မြင်ဘူးခဲ့တာက၊ ငယ်ငယ်တုန်းက ကြည့်ဘူးခဲ့တဲ့  James Bond ရုပ်ရှင် ကားတစ်ခုထဲမှာပါ။ လူဆိုးခေါင်းဆောင်မင်းသမီးရဲ့ အိမ်ထဲကို ဂျိမ်းစ်ဘွန်းက တိတ်တဆိတ် ဝင်သွားတယ်။ အဲဒီအချိန်မှာ မင်းသမီးက စားပွဲမှာထိုင်ပြီး ရုပ်ပုံလေးတွေပေါင်းစုံပါတဲ့ ဖဲထုပ်ကို ကုလားဖန်ထိုးနေချိန်ပေါ့၊ မင်းသမီးက ဂျိမ်းစ်ဘွန်းကို တစ်ချပ်ရွေးခိုင်းတယ်။ ဂျိမ်းစ်ဘွန်းရွေးလိုက်တဲ့ကတ်က အရိုးစုတွေနဲ့ ကြောက်စရာပုံ ဖြစ်နေတယ်။ ဂျိမ်းစ်ဘွန်းက ညှို့အားကောင်းသူဆိုတော့ မကြာမီမှာဘဲ မင်းသမီးနဲ့ ချစ်သွားရော ဆိုပါတော့။ အဲဒီအချိန်မှာ  James Bond က အထက်ပါ ဖဲထုပ်မျိုးတစ်ထုပ်ကို ကုလားဖန်ထိုးပြီး မင်းသမီးကို ရွေးခိုင်းတယ်၊ မင်းသမီးရွေးလိုက်တဲ့ ကားချပ်က အမျိုးသမီးနဲ့ အမျိုးသား လက်တွဲထားတဲ့ ပုံဖြစ်နေတယ်။
          အဲဒီကထဲက အဲဒီကားချပ်ကလေးတွေဟာ ဘာလဲဆိုတာ သိချင်နေတာ၊ ဘာကြောင့်လဲဆိုတော့ - James Bond ဇာတ်ကားတွေမှာ နောက်ဆုံးပေါ်နည်းပညာနဲ့ တီထွင်ဖန်တီးထားတဲ့ လက်နက်ကိရိယာ စက်ပစ္စည်းတွေကို အံ့ဘနန်းမြင်တွေ့ရပြီး၊ ကမ္ဘာပေါ်မှာ အတော်ဆုံးစုံထောက်တစ်ယောက်ရဲ့ သဲထိတ်ရင်ဖို ဖွယ်ရာ စွန့်စားမှုတွေကိုသာ ဖော်ပြလေ့ရှိတယ်။ ဒီလို အတော်ဆုံး၊ အကောင်းဆုံးတွေကိုသာ ရွေးချယ် ဖော်ပြလေ့ရှိတဲ့ James Bond ရဲ့ ကားထဲမှာ ဒီဖဲထုပ်ကိုဘာကြောင့် တကူးတကထည့်သွင်းထားသလဲ၊ သာမန်တော့မဟုတ်ဘူးဆိုပြီး စိတ်ဝင်စားခဲ့တာပါ။
          နောက်ပိုင်း စာတွေဖတ်လာရင်းမှ ဒီကားချပ်တွေဟာ နိုင်ငံတကာမှာ လက်ခံယုံကြည်ပြီး တလေးတစား အသုံးပြုနေတဲ့ ဂမ္ဘီရ - တားရော့ ကားချပ်ထုပ်ဖြစ်တယ်။ James Bond ကားထဲက ကားချပ်တွေဟာ Death ကားချပ်နဲ့ Lovers  ကားချပ်တွေဖြစ်ကြောင်း ခုမှ သိရပါတယ်။ အဲဒီတော့ ကျွန်တော့ဘဝမှာJames Bond က Tarot ကို စတင်မိတ်ဆက်ပေးခဲ့တယ် ဆိုရမှာပေါ့။
တစ်ဘက်သတ် ချစ်သူ
          နှစ်အတော်ကြာပြီးတဲ့နောက် တားရော့ကားချပ်ကလေးတွေနဲ့ စမ်းသပ် ဟောပြောနေတဲ့ ဝါသနာရှင် တယောက်နဲ့ မိတ်ဆွေဖြစ်ကြရော။ ကားချပ်ဆိုပေမဲ့ မူရင်း Original ကားချပ်တွေမဟုတ်ပါဘူး။ စာအုပ်ထဲမှာ ပါတဲ့ ပုံတွေကို Copy ကူးပြီး ပလပ်စတစ်ဖုံးထားတဲ့ ၁လက်မ x ၁လက်မခွဲ အရွယ် ရုပ်ပုံကားချပ်လေးတွေပါ။ သူကဗေဒင်ဝါသနာပါတယ်။ နိုင်ငံခြားသွားတုန်းက ပါလာခဲ့တဲ့ စာအုပ်တွေကို ဖတ်ပြီး လေ့လာနေသူပေါ့၊ အဲဒီအချိန်မှာ ကျွန်တော်က ဆရာကြီးဦးကြာမြင့်ထံမှာ အင်္ဂဝိဇ္ဇာ၊ ဗေဒင်အချုပ် မဟာဘုတ်နဲ့၊ လောကဓံ (၈)ပါး သက္ခတ်ပညာ၊ န၀င်းစီးပွဲ ယတြာတွေကို သင်ယူပြီးချိန်ဆိုတော့၊ ကျွန်တော်တို့ နှစ်ယောက် ဗေဒင်ကို အကြောင်းပြုပြီး ပေါင်းစုသွားမိတယ်။
 မှတ်ချက် ။ သူကတော့ တခြားသူမဟုတ်ပါ။ ယနေ့မဂ္ဂဇင်းတွေထဲမှာ အထူးသဖြင့် သူရဇ္ဇမှာ ပင်တိုင်ဆောင်းပါးရှင်လို့တောင် ပြောလို့ရအောင်၊ မြန်မာ့ပညာစစ်စစ် မဟာဘုတ် ပညာမျိုးစုံကို လစဉ်ရေးသားနေတဲ့၊ Internet ထဲကတဆင့် သြစတြေးလျနိုင်ငံကပို့ချတဲ့ မဟာဘုတ်ပညာ ဒီပလိုမာဘွဲ့ရထားခဲ့တဲ့၊ ကျွန်တော့်ရဲ့ ပထမဦးဆုံး တားရော့ဆရာဖြစ်ခဲ့တဲ့ '' မဟာဘုတ် - ဥက္ကာအောင် '' ဖြစ်ကြောင်းပါ။'
          ကျွန်တော် တားရော့ဝါသနာပါမှန်းသိတော့ အပေါင်းအသင်းတွေက တဆင့် နိုင်ငံခြားက တားရော့ထုပ်မှာပေးပါတယ်။ A. E. Waite ရဲ့ Rider ကားချပ်တစ်ထုပ်နဲ့၊ Eden Gray ရဲ့ The Tarot  Revealed  စာအုပ် ကျွန်တော့်လက်ထဲရောက်လာပါတယ်။ ကျွန်တော်အရမ်းပျော်သွားတယ်။ ကတ်ဘူးထဲက ထုတ်လိုက် ကြည့်လိုက် - နမ်းလိုက်နဲ့ကြည့်လို့မဝဘူး၊ ဒီအခါမှာ - တဘက်သတ်တိတ်တခိုးချစ်ရတဲ့ သူရဲ့ ဓါတ်ပုံလေးကို လူမမြင်ကွယ်ရာမှာ ခိုးနမ်းရသလို၊ ဘာအဓိပ္ပါယ်မှန်းမသိတဲ့ ရောင်စုံတားရော့ ကားချပ်လေးတွေကို နေ့စဉ်ကိုင်တွယ် ပွတ်သပ်ရင်းနဲ့ စိတ်တွေမရိုးမရွ ရှိခဲ့ရပါတယ်။
          အဲဒီအချိန်တုန်းက ရုံးကနေ့စဉ် ည ၇နာရီ - ၈နာရီမှ ပြန်၊ စနေ - တနင်္ဂနွေ ကျတော့ အချိန်ပို၊ အဲဒီလိုအလုပ်များတာကတပိုင်း၊ ဘာသာပြန်ရမှာ ကြောက်တာ/ပျင်းတာက တကြောင်းနဲ့ မယ်မယ်ရရ မဖတ်ဖြစ်ခဲ့ဘူး၊ အထက်က ပြောခဲ့တဲ့ မိတ်ဆွေကို သင်ပေးခိုင်းတော့လဲ ''ကျွန်တော်လဲလေ့လာတုန်းပဲ၊ မသင်တတ်ဘူး၊ ကိုယ့်ဖာသာလေ့လာပါ'' တဲ့ အားရှိစရာ အားပေးပါတယ်။ ဒါပေမဲ့ သူကပဲ သတင်းတစ်ခု ပေးတယ်။ တားရော့နဲ့ ဟောနေတဲ့ ဗေဒင်ဆရာတစ်ယောက်နဲ့ ခင်မင်ကြောင်း၊ သူ့ဆီမှာ တပည့်ခံသင်ယူဖို့ တိုက်တွန်းပါတယ်။
          ဒါနဲ့ ကျွန်တော်တို့နှစ်ယောက် သူညွှန်းတဲ့ ဗေဒင်ဆရာဆီ ရောက်သွားပါတယ်။ (အဲဒီဆရာနဲ့ တွေ့ဆုံခဲ့ရပုံလေးတွေကို နောင်အလျဉ်းသင့်တဲ့အခါ တင်ပြပါမယ်) အခုတော့ လိုရင်းပြောရရင် မသင်ဖြစ်ဖူး အဲဒီဆရာက သူတို့ဂိုဏ်းထဲဝင်ရမယ်၊ သစ္စာဆိုရမယ်၊ ခွင့်ပြုချက်မရပဲ ဒီပညာတွေကို ဆင့်ပွားသင်မပေးရဘူး ဆိုတဲ့ အဓိကအချက်တွေကို လက်မခံနိုင်လို့ မဝင်ဖြစ်၊ မသင်ဖြစ်ခဲ့ဘူး။
          ဒီလိုနဲ့ တားရော့ကားချပ်တွေ၊ တားရော့စာအုပ်တွေကို လက်ထဲကိုင်ပြီး တားရော့ပညာနဲ့ဝေးခဲ့ရတယ်၊ နောက်ပြီး ပိုဝေးခဲ့ရတဲ့အကြောင်းတစ်ခု ရှိသေးတယ်၊ တားရော့စာအုပ်တွေကို လုံးစေ့ပတ်စေ့ ဘာသာမပြန် ဖြစ်ခဲ့ပေမယ့်၊ ကိုယ်စိတ်ဝင်စားတဲ့ ပုံတွေရဲ့စာတွေကိုတော့ ရွေးပြီးဖတ်ထားတာတွေရှိတယ်။ အဲဒီလိုလုပ်မိတာဟာ ကောင်းသလား၊ ဆိုးသလား၊ မဝေခွဲနိုင်တဲ့ အကျိုး (၂)ခုရခဲ့တယ်။
          ပထမအချက်က ကျွန်တော်ဖတ်မိတဲ့ စာမျက်နှာတွေထဲမှာ သူတို့ဆီမှာ ကိုးကွယ်နေတဲ့ ဘုရားသခင်နဲ့ ဆက်စပ်နေတာတွေ သွားတွေ့တယ်၊ ဒီတော့ တားရော့ဟာ တခြားဘာသာတစ်ခုရဲ့ လောင်းရိပ်အောက်မှာ ရှိနေတဲ့ အစွယ်အပွားတွေလို့ ထင်ပြီးစိတ်ဝင်စားမှုလျော့သွားတယ်။ နောက်တစ်ချက်က အဲဒီအချိန်ကာလ တုန်းက မြန်မာလိုဟောချက်တွေနဲ့ ရုပ်ပုံတွေ တွဲပြီးပုံနှိပ်ထားတဲ့ စာအုပ်ကလေးတစ်အုပ်ရလာတယ်။ ကျွန်တော်စိတ်ဝင်စားလို့ ဘာသာပြန်ဖတ်ထားတဲ့ ကားချပ်တွေရဲ့ ဟောချက်တွေနဲ့ ယှဉ်ဖတ်ကြည့်တဲ့အခါ၊ ဘာမှ မဆိုင်အောင် ကွဲပြားခြားနားနေတာတွေ့ရတယ်။ ဒီတော့ဆုံးဖြတ်လိုက်တယ်။ တနေ့နေ့မှာ လက်ထဲမှာ ရှိတဲ့ တားရော့စာအုပ်တွေကို ဘာသာပြန်နိုင်အောင် ကြိုးစားမယ်။ အဲဒီအချိန်ကျတော့မှပဲ တားရော့ကို ဇောက်ချလေ့လာတော့မယ် - ဆိုတာဖြစ်သွားရော။ အဲဒီလိုနဲ့ တားရော့ကားချပ်တွေနဲ့ စာအုပ်တွေကို ရင်မှာပိုက်ပြီး ငမိုက်သား ကျွန်တော်၊ Tarot ရဲ့ အနှစ်အရသာတွေနဲ့ ဝေးနေလိုက်တာ နှစ်ပေါင်း (၂ဝ)နီးပါး ရှိပါရော။
ငယ်ချစ်ဦးနှင့် တွေ့ဆုံခြင်း
          စာအုပ်သေတ္တာကိုထမ်းလို့ ရွာအဝင်လမ်းကိုရောက်ခဲ့ပါပြီ။ အမေနဲ့ရွာကို လွမ်း၍မဟုတ်ပါ။ လွမ်းစရာ အမေလဲမရှိတော့ပြီ၊ အလုပ်က အငြိမ်းစားယူလိုက်လို့ ဖြစ်ပါတယ်။
          စိတ်ရောကိုယ်ပါ လွတ်လပ်စွာနဲ့ အတိုးချပြီး ပျော်နေခဲ့တယ်၊ ပျော်လို့ဝတော့မှ စာအုပ်သေတ္တာဖွင့်၊ ဖုံခါ၊ နေလှမ်း၊ တွေ့ရပါပြီ - အရင်အနှစ် (၂ဝ) လောက်တုန်းက တဖက်သတ်တိတ်တခိုးချစ်ခဲ့ရတဲ့ တားရော့ရဲ့ရုပ်ပုံလွှာလေးတွေ၊ အိမ်ဝင်းအပြင်မထွက်ပဲ တားရော့စာအုပ်တွေကို ဘာသာပြန်လိုက်တာ (၃)အုပ် ဘာသာပြန်ပြီးတော့မှပဲ ရေးတေးတေး နားလည်လာတယ်။
          ရှိသမျှ အင်္ဂလိပ် - အင်္ဂလိပ်၊ အင်္ဂလိပ် - မြန်မာခေတ်ဟောင်း - ခေတ်သစ်၊ အဘိဓာန်စာအုပ်တွေက် ပါတ်လည်မှာ ဗုံစီသလိုပါပဲ။ ဘာသာရေးဆိုင်ရာ/ စိတ်ပိုင်းဆိုင်ရာ/ ဝိညာဉ်ပိုင်းဆိုင်ရာ/ ခံစားမှုပိုင်းဆိုင်ရာ - ဝေါဟာရတွေ၊ လုံးဝအစိမ်းသက်သက်တွေချည်းပဲ၊ ပထမ စာအုပ်မှာ မျက်မှန်ဒီဂရီ ထပ်တိုးရတယ်။ စိတ်ဓါတ်ကျသလိုတောင်ဖြစ်သွားတယ်၊ အချို့ဝေါဟာရတွေရဲ့ အဘိဓာန်ကပေးတဲ့ အဓိပ္ပါယ်တွေက စာကြောင်းရဲ့ မူလအကြောင်းအရာနဲ့ လုံးဝဆက်စပ်လို့ မရဘူး။ နောက်အဘိဓာန်တစ်အုပ်လှန်ရှာ စာကြောင်းကို အခေါက်ခေါက်အခါခါပြန်ဖတ်၊ ကားချပ်ထဲကပုံကို ကြည့်စဉ်းစား၊ လမ်းလျှောက်စဉ်းစား၊ တစ်ချို့ စာကြောင်းဆိုရင် ၂ရက်/၃ရက် လောက်စဉ်းစားတာတောင် လိုချင်တဲ့ - ချောတဲ့ အဓိပ္ပါယ်ထွက်မလာဘူး၊ မေးမြန်းဆွေးနွေးစရာလဲ လူမရှိ။
          စားလဲမဖြောင့်၊ အိပ်လဲမဖြောင့်၊ အိမ်မက်ထဲအထိအောင် တားရော့ကားချပ်ပုံတွေကလိုက်လာ။ နှစ်ပေါင်းများစွာ ပစ်ပယ်ထားတဲ့ ကျွန်တော်ကို အတိုးချ နှိပ်စက်နေတယ်ထင်ပါ့ တားရော့ရယ်။
          ဒီလိုနဲ့တားရော့ဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ ကျွန်တော့ရဲ့ ရင်တွင်းကို ဝင်ရောက်စိုးမိုးခဲ့ပါတယ်။ ကျွန်တော့် အကျင့်က တားရော့ကားချပ်တစ်ခုကို ဘာသာပြန်တော့မယ်ဆိုရင် ဒီကားချပ်ကို စာအုပ်ပေါ်မှာ ချထားပြီး၊ ဘာသာပြန်လိုက်၊ ရုပ်ပုံကြည့်လိုက်၊ အဓိပ္ပါယ်စဉ်းစားလိုက်နဲ့ လုပ်နေတော့၊ စာအုပ် (၃)အုပ်လဲ ဘာသာပြန်ပြီးရော - တားရော့ကားချပ်ထဲကရုပ်ပုံတွေဟာမျက်စိမှိတ်ပြီး အာရုံပြုစရာမလိုပဲ၊ မျက်စိဖွင့်ထားရက်နဲ့ကိုပဲ မျက်စိထဲမှာ ရုပ်ပုံတွေက တရစ်ဝဲဝဲ၊ တဖျတ်ဖျတ်နဲ့ ပေါ်လာအောင် အာရုံမှာ စွဲထင်နေပါတော့တယ်။
         
          အထက်ကပြောခဲ့တဲ့ တတိယစာအုပ်ဘာသာပြန်အပြီးမှာ ရေးတေးတေးသိလာပြီလို့ ပြောခဲ့ရတာက ဒီလိုပါ . . . အဲဒီတတိယမြောက်စာအုပ်က အီဂျစ်နတ်ဖုရားမ  Isis နဲ့ သူကြင်ယာတော်နတ်ဖုရား Osiris တို့ရဲ့ ဒဏ္ဍာရီဇာတ်လမ်းနောက်ခံသမိုင်းကြောင်းနဲ့ တားရော့တစ်ကတ်ချင်းစီရဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုထားပါတယ်။ ကျွန်တော် အင်္ဂဝိဇ္ဇာ သင်တုန်းက (မ။ သိ။ ကြ။ လျင်။ တွေး။ ဆ။ ဦး ) ဆိုတဲ့အလင်္ကာအရ ဗုဒ္ဓရဲ့ ဖြစ်တော်စဉ်ကို အခြေခံပြီးသင်ခဲ့၊ မှတ်ခဲ့ရတာကိုတော့ အခု အီဂျစ်နတ်ဘုရားရဲ့ ဒဏ္ဍာရီ ပုံပြင်လေးနဲ့ တွဲလာတော့ မှတ်ရတာ လွယ်သွားတယ်။ ဘာပြောချင်သလဲဆိုတာ သဘောပေါက်သွားတယ်။ Key သိပြီဆိုပါတော့။
          အဲဒီ အီဂျစ်လက်ရာ တားရော့ကတ်ပြားတွေနဲ့၊ အီဂျစ်နတ်ဘုရား ဒဏ္ဍာရီက ရလိုက်တဲ့ Key နဲ့၊ ဘာသာပြန်ထားပြီးသားတွေကို ပြန်ဖတ်ကြည့်တော့၊ အားလုံးရဲ့ ယေဘူယျသဘောကို သဘောပေါက်သွားပါပြီ။ တစ်ချို့အသေးအမွှား အချက်ကလေးတွေကလွဲလို့၊ မူရင်းကျောရိုး ဆိုလိုရင်းတွေက အားလုံးအတူတူ လိုချည်းဖြစ်နေတာ တွေ့ရပါတယ်။
          ဒီတော့ လက်တွေ့စမ်းသပ်ဟောပြောဖို့ ပြင်ဆင်ရပါတယ်။ အရင်ဆုံး Major အဓိက ကားချပ် (၂၂)ကတ်နဲ့ ဟောတာပေါ့။ တောမြို့ကလေးဆိုတော့ Tarot အကြောင်းမသိသူများတယ်၊ ဒီတော့ တားရော့ အကြောင်းကို ကိုယ့်ဘာသာညွှန်းပြီးမှ အလကားဟော၊ ကွယ်ရာက အတင်းပြောခံရ၊ ဗေဒင်ဟောတယ်ဆိုပြီး ဘာမှ တွက်ချက်တာလဲ မပါဘူးတဲ့။ ဖဲချပ်တွေလှန်ပြီး ဟောတာပါတဲ့ --။
အနိစ္စရယ်၊ ဒုက္ခရယ်၊ အနတ္တရယ်
          ကျွန်တော်ဘာသာပြန်ဖြစ်တဲ့ တားရော့စာအုပ်တွေထဲမှာက၊ ဗေဒင်ဟောချက်ကနဲနဲရယ်၊ ဘဝအကြောင်း ဖွင့်ဆိုပြတဲ့ ဒဿနတွေ၊ စိတ်ပိုင်းဆိုင်ရာ ပြဆိုချက်တွေ၊ မိမိကိုယ်ကို ဆင်ခြင်/ပြင်ဆင်ရမယ့် အတွေးအခေါ် - အကျင့်စရိုက်တွေ - ကိုဖော်ပြထားတာများတယ်။ ဗေဒင်စာအုပ်နဲ့ လောကနီတိစာအုပ်မှားပြီး ဘာသာပြန် နေမိသလားလို့တောင်ထင်မိတယ်၊ သားမှားပြီအမေရဲ့လို့ အော်လိုက်ချင်တော့တယ်။ ကျွန်တော်လိုချင်တာက '' ဒီကားချပ်တွေ့ရင် ကောင်းတာတွေကို ဒီလိုဟော၊ မကောင်းတာတွေကို ဒီလိုဟော- '' အဲဒီလို ဒဲ့လိုချင်တာ။ ဒါပေမယ့် အဲဒီလိုလေးနက်တဲ့ အတွေးအခေါ်တွေ၊ သဘောတရားတွေ၊ လမ်းညွှန်ချက်တွေကို ဖတ်မိပြန်တော့၊ လေးစားစိတ်ဝင်စားမိပြန်ရော၊ ဥပမာ အနည်းငယ်ပြောရရင် -
          '' အမှန်တကယ်တော့ - ကျွန်ုပ်တို့ဘဝမှာ အရာရာကို ဟန်ချက်ညီစေဖို့၊ မျှတဖို့၊ သမာသမတ်ကျဖို့၊ တဘက်စွန်းမှ ကင်းလွတ်ဖို့ - တွေလိုအပ်နေတယ်ဆိုတာကို၊ တားရော့ကားချပ် အားလုံးက ညွှန်ပြထားတယ်။
          ဒါ့အပြင် ဘဝခရီးကို ဖြတ်သန်းကြတဲ့အခါ ရုပ်ဝတ္ထုပစ္စည်းတွေကို ပိုင်ဆိုင်ဖို့၊ ကြီးပွားဖို့၊ သာယာဖို့ - အစရှိတဲ့ ရုပ်ပိုင်းဆိုင်ရာ စွဲလန်းမှုတွေချည်းကိုပဲ ပဓာနမထားပဲ၊ အကျင့်ဖြူစင်မှု၊ သည်းခံခွင့်လွှတ်မှု၊ ကိုယ်ချင်းစာမှု၊ စွန့်လွှတ်အနစ်နာခံမှု - အစရှိတဲ့ စိတ်ပိုင်းဆိုင်ရာ မြင့်မြတ်ရေး ကိစ္စတွေကို အလေးထားပြီး၊ ရုပ်နဲ့စိတ် မျှတစွာပေါင်းစပ်ထားတဲ့ '' အလယ် အလတ် '' လမ်းကိုသာ ရွေးချယ်တတ်ဖို့လဲ လိုတယ်''လို့ လမ်းညွှန်ထားပါတယ်။ (Eden Gray)
          နောက် (Heart) ဟတ်ထိတဲ့ စကားစုတစ်ခုရှိသေးတယ်၊ Eden Gray ရဲ့စာအုပ်ထဲမှာပဲ၊ တားရော့ ကားချပ် တစ်ခုချင်းစီ/အတွဲလိုက် အသုံးပြုပြီး (Meditation) သမာဓိထူထောင်ရတဲ့ ကျင့်စဉ်တစ်ခုပါရှိတယ်။ အဲဒီအခန်းမှာ ဘာရေးသလဲဆိုတော့ -
          '' တရားထိုင်ပြီးနောက် ရရှိလာတဲ့ အံ့သြဖွယ်ရာ အတွေးအမြင်စွမ်းရည်တွေကို၊ ကိုယ်တိုင်သဘောပေါက် သိမြင်လာပြီးတဲ့နောက် - (လူဆိုတာ တခြားသတ္တဝါတွေလိုပဲ၊ သွေးသားနဲ့တည်ဆောက်ထားတဲ့ ရုပ်အဖွဲ့အစည်း တစ်ခုမျှသာ ဖြစ်တယ်။ ဒီထက်ဘာမှမပိုပါဘူး - ) လို့ ယုံကြည်နေကြတဲ့ သူတွေရဲ့ မှားယွင်းတဲ့ ထင်မြင်ယူဆချက်တွေကို ရင်ဆိုင်ဖြေရှင်းဖို့နဲ့၊ သူတို့ကို အဲဒီအတွေးအခေါ်လောင်းရိပ်အောက်က လွတ်မြောက်အောင် ဆောင်ရွက်ပေးဖို့ရာ ဆန္ဒတွေပေါ်ပေါက်လာပါတယ်။''
          '' လူတွေဟာ - နေရာမရွေး၊ အချိန်မရွေး-အခုလုပ်ရင်၊ အခုသိမြင်နိုင်တဲ့ - လူ့ဘဝရဲ့ အနှစ်သာရတွေကို မစမ်းသပ် မရှုမြင်ပဲ၊ ယခုအချိန်တိုင်အောင် မသိကျိုးကျွန် ပြုနေဦးမယ်ဆိုရင်၊ သူတို့ကိုဖုံးလွှမ်းနေတဲ့ မသိမှု (အဝိဇ္ဇာ)တည်းဟူသော အမှောင်ထုကြီးအောက်က ဘယ်တော့မှ လွတ်မြောက်သွားမှာ မဟုတ်ဘူး'' - တဲ့။
          ကဲ ဘယ်လောက် ဟက်ထိစရာကောင်းလိုက်ပါသလဲ၊ အဝိဇ္ဇာ - အမှောင်ကိုခွင်းပြီး အလင်းထဲ ရောက်အောင် ကြိုးစားနေကြတဲ့ ကျွန်တော်တို့တစ်တွေအတွက်၊ ကိုယ်လုပ်မှကိုယ်ရမယ်၊ အခုလုပ်ရင်အခုရမယ်၊ လမ်းမှန်ရမယ် - ဆိုတဲ့ ဗုဒ္ဓရဲ့ လမ်းညွှန်ချက်နဲ့ ဘယ်လောက်နီးစပ်လိုက်ပါသလဲ။
          အဲဒီသဘောတရားတွေကို ဖတ်ရှု့သိမြင်လာတဲ့အခါ - တားရော့ကို ဗေဒင်ဟောဖို့ရာ သက်သက်ပဲလို့ သဘောမထားရဲတော့ပါဘူး။ တားရော့ဆိုတာ ဘာလဲ၊ လို့ ကြည်ကြည်လင်လင်မြင်သွားပါပြီ။
          တားရော့ကားချပ်ကလေးတွေက ပြောပြတဲ့ အတွေးအခေါ်တွေ၊ လမ်းညွှန်ချက်တွေထဲမှာ (သံသရာပြတ်ကြောင်းဖြစ်တဲ့ သစ္စာလေးပါးနဲ့ မဂ္ဂင်ရှစ်ပါး - ဝိပဿနာ တရားတော်) မပါတာကလွဲရင်  ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေရဲ့ ယုံကြည်မှုအတွေးအခေါ်လေးတွေနဲ့ အတော်လေးကိုက်ညီပြီး၊ သဘာဝကျတာတွေ တွေ့မြင်ရပါတယ်။ '' လောက - ဓမ္မ '' လို့ ပြောလို့ရပါတယ်။
          နောက်စာပုဒ်တစ်ခုက '' လောကကြီးဟာ အကြောင်းတရားနဲ့အကျိုးတရား  ဆက်စပ်ပြီး စဉ်ဆက်မပြတ် လည်ပတ်နေကြခြင်းဖြစ်တယ်၊ မည်သူမျှ တနေရာထဲမှာ စွဲမြဲစွာရပ်တည်နေချင်လို့မဖြစ်နိုင်ဘူး၊ ထို့အတူ မည်သည့်အရာကိုမျှလည်း ထာဝစဉ်ဆုပ်ကိုင်ထားလို့ မရနိုင်ပါဘူး။ '' တဲ့ ၊ လောကဓံတရားရဲ့သဘော၊ ကိုယ့်ကိုကို - ကိုယ်မပိုင်တဲ့ ( အနတ္တ ) -သဘော၊ ဘယ်အရာမှ မမြဲဘူးဆိုတဲ့ (အနိစ္စ) ရဲ့သဘောတရားတွေ မဟုတ်ပါလား . . ..
လက်တွေ့ထိတွေ့ချက်များ
          လက်တွေ့အဟောလေ့ကျင့်ခဏ်း စပါပြီ။
          တနေ့ ညီဝမ်းကွဲတစ်ယောက် ရောက်လာတယ်။ မတွေ့တာကြာလို့ လာလည်တာ။ သာကြောင်း မာကြောင်းပေါ့။ တားရော့ကားချပ်တွေကို မြင်တော့၊ ဘာတွေလဲလို့မေးတယ်။ ဗေဒင်ဟောတဲ့ ကားချပ်တွေ ဖြစ်ကြောင်း သိတော့ သူ့ကိုဟောခိုင်းတယ်။ ကျွန်တော်ကလဲ မေးတဲ့သူ မျှော်နေတာနဲ့ အတော်ပဲပေါ့။ သူ့ကို လက်ဆေးခိုင်း၊ လက်ကိုရေမွှေးဆွတ်၊ တားရော့အစောင့်အရှောက်တွေကို မေတ္တာပို့ခိုင်း၊ တားရော့ကားချပ် တွေကို သူ့စိတ်တိုင်းကျရောမွှေခိုင်း၊ ရောမွှေနေရင် သူမေးချင်တဲ့မေးခွန်းကို ကားချပ်တွေထဲစိမ့်ဝင်သွားအောင် အာရုံပြုပြီးမေးခိုင်းတယ်။ သူ့မေးခွန်းကရှင်းတယ်။ ''ကျွန်တော် အခုဘာဖြစ်နေတာလဲ။၊ ကျွန်တော့်ရဲ့ လက်ရှိအခြေအနေကို သိချင်ပါတယ် '' တဲ့၊ ဒီတော့ ကားချပ်တစ်ချပ်နဲ့ဘဲ ဖြေဖို့ဆုံးဖြတ်လိုက်တယ်၊ ကားချပ်တွေအများကြီးနဲ့ပေါင်းစပ်ပြီး conbination လဲ မလုပ်တတ်သေးဘူးဆိုတော့ အတော်ပဲပေါ့။
          သူချိုးထားတဲ့ အပုံထဲက အပေါ်ဆုံးတစ်ချပ်ကိုယူပြီးလှန်လိုက်တယ်၊ '' Hanged Man ဇောက်ထိုး ဆွဲခံထားရသူ''  ကားချပ်။ ခြေထောက်ကို ကြိုးနဲ့ချည်ပြီး ဇောက်ထိုးဆွဲခံရပေမယ့်၊ သူ့မျက်နှာကတော့ ကြည်ကြည်လင်လင်နဲ့ပြုံးသယောင်ယောင် မထီမဲ့မြင်ယောင်ယောင်။
Hanged Man
          ကျွန်တော်က ပြောလိုက်တယ် '' မင်းဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ဘာလုပ်မယ်ဆိုတာ မပြတ်သားဘူး၊ ဘာသာရေးလိုလို လောကီကြီးပွားရေးလိုလိုနဲ့၊ ဘာကိစ္စကိုမှလဲ ပြတ်ပြတ်သားသား လွတ်လွတ် ကျွတ်ကျွတ်မလုပ်ဘူး၊ တစ်ချိန်တုန်းကတော့ ကိုယ့်သဘောနဲ့ကိုယ် ကိုယ့်အကျိုးကို အနစ်နာခံမယ်၊ စွန့်လွှတ်မယ်ဆိုပြီး လုပ်ခဲ့ပြီးမှ၊ ကိုယ့်အနစ်နာခံမှုကို ပတ်ဝန်းကျင်က အသိအမှတ်မပြု၊ ကျေးဇူးတုံ့ပြန်မှုတွေလဲမပြုရော၊ လူတွေကို အပြစ်မြင်ရော၊ ကိုယ့်ကိုယ်ကိုလဲ ဒေါသဖြစ်ပြန်ရော၊ မင်းက မင်းရဲ့ပတ်ဝန်းကျင်ကို စိတ်နဲ့ မတွေ့ သလို၊ ပတ်ဝန်းကျင်ကလဲ မင်းကို လူ့ဂွစာ/လူ့ကန့်လန့်လို့မြင်ပြီး သဟဇာတမဖြစ်ကြဘူး''
          '' ပြီးတော့ - ငါဘယ်သူ့အကူအညီမှ မလိုဘူး၊ ငါ့ဘဝကို ငါရပ်တည်နိုင်တယ် - ဖြေရှင်းနိုင်တယ်လို့ ကြွေးကြော်နေပေမယ့်၊ မင်းရင်ထဲမှာတော့ ဘယ်သူကများ ငါ့ကိုလာကူညီပါ့မလဲ၊ လို့ တိတ်တခိုး မျှော်လင့် နေတယ်။ ဒါကြောင့် ခြံစည်းရိုးအပေါ်ခွထိုင်မနေနဲ့၊ တဘက်ဘက်ကို ရဲရဲတင်းတင်းခုန်ချလိုက်တော့'' - လို့ ရင်ထဲကနားလည်ထားတာတွေရော၊ မှတ်မိသမျှ စာအုပ်ထဲကစာသားတွေကိုရော - သိသမျှအကုန်ပြောလိုက် တယ်။ မှန်မှ မှန်ပါ့မလားလို့ မတွေးမိဘူး၊ လူရင်းတွေကိုး။
          ''ရပါပြီ တော်ပါတော့ ဆက်မဟောပါနဲ့တော့၊ ဒီလောက်ဆို လုံလောက်ပါပြီ'' တဲ့။ ပြီးတော့မှ သူ့ဘဝခံစားချက်တွေကို ရင်ဖွင့်တယ်။ သူ့ညီ - ညီမတွေကိုငဲ့ပြီး သူ့ပညာရေးကို စွန့်လွှတ်ကာ လယ်ယာထဲမှာ သူ့ဘဝမြုပ်နှံခဲ့ရကြောင်း၊ အခုတော့ အတောင်အလက်စုံ၊ ပညာစုံ၊ ကြင်ယာစုံ၊ ပစ္စည်းဥစ္စာပါစုံနေကြပြီဖြစ်တဲ့၊ သူ့ ညီ - ညီမတွေနဲ့ မိဘတွေကပါ သူ့ကိုပစ်ပယ်ထားကြောင်း၊ တရားဓမ္မကို လိုက်စားကျင့်ကြံလိုပေမယ့်၊ အရွယ်မရောက်သေးတဲ့ သားသမီးတွေနဲ့ ဇနီးကိုငဲ့ပြီး ဘာသာရေးကိုခြေစုံပစ် မလပ်နိုင်သောကြောင့်၊ သူ့လက်မှုပညာလုပ်ငန်းမှာ လူကြိုက်များသော်လည်း သူစိတ်ပါမှ ထလုပ်သဖြင့် စီးပွားရေးမဖြစ်ကြောင်း၊ -- စသည် --- စသည်ဖြင့်။
          နောက်တစ်ယောက်ကတော့ အိမ်နီးချင်းမိတ်ဆွေတစ်ဦး၊ ညီအရွယ်၊ စီးပွားရေးသမား၊ ငွေကစား တတ်သူ၊ အပေါင်းအသင်းများသူ၊ အပျော်အပါးများသူ၊ သူတို့လင်မယားနှစ်ယောက်က အိမ်တွင်းရေးတွေ လာပြီးတိုင်ပင်နေကြ။ တိုင်ပင်တယ်ဆိုတာ လူကြားကောင်းအောင်ပြောတာပါ။ သူတို့ရင်ဖွင့်တာကို နားထောင်ပေးရုံသက်သက်ပါ။ ဆရာကြီးဦးကြာမြင့်ရဲ့မဟာဘုတ်အကြွင်းစရိုက်နဲ့ ပြောရရင် ယောင်္ကျားက ၄-ကြွင်း x တနင်္လာ၊ ဇနီးက ၂-ကြွင်း x တနင်္ဂနွေ၊ နှစ်ယောက်စလုံးက ဆရာကြီးတွေ၊ ဘယ်သူအကြံ ပေးတာကိုမှ ကျိုးနွံနာယူမယ့်သူတွေမဟုတ်ဘူး။
          ထားပါတော့၊ တစ်ညမှာ အဲဒီမိတ်ဆွေ-ညီငယ်ကတားရော့နဲ့ ဗေဒင်ကြည့်ချင်တယ် လို့ဆိုလာတယ်။ ထုံးစံအတိုင်း ပြင်ဆင်ပြီး၊ တားရော့ကတ်ရွေးပြီး လှန်လိုက်တယ် '' Strength '' အမျိုးသမီးတစ်ဦးက ခြင်္သေ့ကြီးရဲ့ ပါးစပ်ကို လက်နှစ်ဘက်နဲ့ဆွဲဖြဲထားတဲ့ပုံ။
Strength
ညီလေး အခုအမျိုးသမီးတစ်ဦးရဲ့ ဆွဲဆောင်မှုအောက်မှာ ရောက်နေတယ်၊ ဒီအမျိုးသမီးက တနည်းနည်းနဲ့ သူများနဲ့မတူတဲ့ညှို့အားကောင်းသူ၊ ယောင်္ကျားတစ်ယောက်ကို ကျွမ်းကျင်စွာ ထိန်းချုပ်ကိုင်တွယ်နိုင်စွမ်းရှိသူ ဖြစ်မယ်။ ဒီကိစ္စတွေဟာ ငယ်စဉ်ဘဝကပဲ လုပ်သင့်တဲ့ ကိစ္စတွေဖြစ်တယ်၊ ဒီအသက်အရွယ်နဲ့မသင့်တော်တော့ပါဘူး၊ ဒီအကျင့်တွေကို စွန့်လွှတ်လိုက်ပါတော့'' လို့ပြောလိုက်တယ်။ သူက ပြုံးစစနဲ့၊ ခေါင်းမညှိမ့်၊ ခေါင်းမခါ၊ မှားများမှားသွားသလားပေါ့ ။
          နောက်တစ်နေ့မနက်မှာ၊ ကျွန်တော်နဲ့ ၂ယောက်ထဲတွေ့တော့မှ ပြောပြတယ်၊ စားသောက်ဆိုင်က ခလေးမတစ်ယောက်နဲ့ ငြိနေတဲ့အကြောင်း၊ ငြိတယ်ဆိုပေမယ့် မရိုးသားမှုတွေမပါကြောင်း၊ ဒီမိန်းခလေးက ရိုးသားပြီးသနားစရာ ကောင်းလို့၊ ခင်မင်ပြီးကူညီ ထောက်ပံ့နေကြောင်း၊ မိဘရပ်ထံပြန်ပြီးကောင်းရောင်း ကောင်းဝယ် လုပ်ကိုင်ဖို့ သူကတိုက်တွန်း ဆုံးမနေကြောင်း ------ စသည် ----စသည်ဖြင့်။
          နောက်တစ်ယောက်က ညီမဝမ်းကွဲ၊ သူ့ကိုတော့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ် ကားချပ် (၃)ချပ်နဲ့ ပြောဖို့ဆုံးဖြတ်လိုက်တယ်။ ရွေးချယ်လို့ထွက်ပေါ်လာတဲ့ ကားချပ်တွေကတော့ အတိတ်အတွက် '' The Moon ''၊ ပစ္စုပ္ပန်အတွက် '' The fool '' အနာဂါတ်အတွက် '' The Tower ''။
         
The Moon
The fool
The Tower
          '' အတူနေသူတွေနဲ့ အဆင်မပြေ၊ အကောက်ကြံ၊ ဂျောက်တွန်း၊ ဝိုင်းနှိမ်ခံနေရတဲ့ ဘဝမျိုးကြောင့်၊ နင်အခုစိတ်ညစ်နေပြီး၊ ခြေဦးတည့်ရာ ထွက်သွားဖို့စဉ်းစားနေတယ်။ မလုပ်လိုက်နဲ့ လက်ရှိအခြေအနေတွေ တစ်စစီပြိုကွဲသွားမယ်။ ဘဝပျက်သွားမယ်'' လို့။
          ဒီတော့မှ ညီမက - ဝင်ငွေမရှိတဲ့ယောင်္ကျားရဲ့ အိမ်မှာလိုက်နေပြီး၊ ခလေးးတွေကို ယောင်းမအပျိုကြီး တွေက အစစအရာရာ တာဝန်ယူ ပြုစု-ကျောင်းထားပေး၊ သူကတော့အိမ်ဖော်တစ်ယောက်လို ကျွန်ခံလုပ်ပေး နေတဲ့ကြားက၊ ဝိုင်းပြီးနှိမ်ကြောင်း၊ သည်းမခံနိုင်တော့တဲ့အတွက် အိမ်ပေါ်ကဆင်းသွားဖို့စဉ်းစားမိကြောင်း- ငိုချင်းချပါတယ်။
          အဲဒီလိုနဲ့ တားရော့ကားချပ်ကလေးတွေရဲ့ မှန်ကန်ပြတ်သားတဲ့ ဟောကွက်တွေကို၊ လက်တွေ့နယ်ပယ်မှာ ရင်တထိတ်ထိတ်နဲ့ လေ့လာမှတ်သားခဲ့ရပါတယ်။
ဆက်ရန် . . .

စေတနာရိုးသားစွာဖြင့်
ဆရာစိုး - ရွှေအရုဏ်ဦး
(တားရော့ - သုတေသီ)
မိုးကောင်း

No comments:

Post a Comment