ဂြိုဟ်လေးတွေ ဘယ်လိုသွား

ဂြိုဟ်တွေ ဒီနေ့ဘယ်မှာနေ . .

Thursday, March 1, 2012

တားရော့ ပုံပြင် (၄)

တားရော့ ပုံပြင် (၄)
နိမိတ်ပုံ - တားရော့
          ဇမ္ဗူဒီပါ လကျာ်တောင်ကျွန်း၊ သြဘာနိမိတ်ထွန်းသတဲ့။ ရှေးဆိုရိုးရှိခဲ့တယ်။ အလောင်းတော် သိဒ္ဓတ္တမင်းသားဟာ နိမိတ်ကြီး (၄)ပါးကိုမြင်လို့ သံဝေဂရပြီး တောထွက်တရားကျင့်ခဲ့ပြီးနောက် ဘုရား ဖြစ်ခဲ့တယ်။
          အယူတော်မင်္ဂလာဦးနိုးက လမ်းမှာ ဝက် (၄)ကောင်ပေါက်တာကို မြင်တွေ့ခဲ့ရတယ်၊ ဒါကို နိမိတ်ယူပြီး၊ ဘုရင်ရဲ့အစ်ထဲမှာ ကြွက် (၄)ကောင်ရှိကြောင်း မှန်ကန်စွာဖြေနိုင်ခဲ့တယ်။
          ဆရာတော်ခင်ကြီးဖျော်က၊ ရေအိုးကွဲတဲ့နိမိတ်ကိုကြည့်ပြီး၊ မြေနဲ့လုပ်ထားတဲ့အိုးဟာ၊ သူရဲ့မူလဘူတ ဖြစ်တဲ့ မြေကြီးနဲ့ပြန်လည်ပေါင်းစပ်သွားတယ်လို့ ကောက်ချက်ချပြီး၊ ခရီးဝေးသွားနေတဲ့ လင်ယောင်္ကျားအတွက် လာမေးတဲ့ဇနီးသည်ကို၊ နင့်ယောင်္ကျား ဒီနေ့ပြန်ရောက်မယ်၊ အိမ်အမြန်ပြန်ပြီး ထမင်းချက်ထားတော့ - လို့ တိကျရဲဝံ့စွာ ဖြေရှင်းပေးခဲ့တယ်။
          အလားတူ မြန်မာ့သမိုင်းရာဇဝင်မှာထင်ရှားတဲ့
နိမိတ်ယူပညာရှင်တွေ၊ အဖြစ်အပျက်တွေ အများကြီး ရှိခဲ့တယ်။ ကျွန်တော်တို့ငယ်ငယ်ကတည်းက၊ အခုချိန်ထိ နေ့စဉ်နဲ့အမျှ နိမိတ်အကြောင်းတွေကို ကြားနေ-မြင်နေကြရတယ်။ လူတိုင်းနိမိတ်ကို အလေးထားကြတယ်။ ကောင်းတဲ့နိမိတ်/မကောင်းတဲ့နိမိတ်၊ မင်္ဂလာရှိတဲ့နိမိတ်၊ မင်္ဂလာမရှိတဲ့နိမိတ် လောက်တော့ လူတိုင်းကောက်တတ်ကြတယ်။ မြန်မာလူမျိုးနဲ့ နိမိတ်နဲ့ ခွဲလို့မရဘူး။
          အဲဒီကတဆင့်တက်လာတော့ ဗေဒင်ပညာပိုင်းမှာလဲ နိမိတ်ဆိုတာ ပါလာတယ်။ မြန်မာ့ဗေဒင်ပညာမှာ ဖြစ်တော်စဉ်/နံတော်စဉ်ဟောကိန်းဆိုတာ၊ ယနေ့အချိန်ထိ ခိုင်မာစွာနေရာ ယူထားဆဲ၊ လေ့လာနေကြရဆဲ ရှိနေတုန်းပါ။ နေ့တစ်နေ့ရဲ့ (၂၄)နာရီကို၊ အာစရိယဝါဒအရ အခါ (၁၆)ပိုင်း၊ (၂၄)ပိုင်း၊ (၈)ပိုင်း ခွဲဝေပြီး ဟ သူရဇ္ဇ၊ သောကြ၊ ဗုဒ္ဓ၊ စနြေ္ဒာ၊ သောရီ၊ ဂုရု၊ ဘောမ၊ သူရဇ္ဇ ' ရယ်လို့အမည်တွေ သတ်မှတ်ထားပါတယ်။ ပြီးတော့မှ (မ၊ သိ၊ ကြ၊ လျင်၊ တွေး၊ ဆ၊ ဦး)ဆိုတဲ့ ဗုဒ္ဓရဲ့ဖြစ်တော်စဉ်တွေနဲ့ တိုက်ဆိုင်ပြီး၊ ဘယ်အချိန် - ဘယ်အခါကိုရောက်နေပြီလဲ၊ ဒီအခါမှာ လာမေးရင်ဘယ်လိုဖြေမလဲ၊ ဘာကိစ္စလဲ၊ လို့ အဖြေထုတ် ခန့်မှန်းကြပါတယ်။ အင်္ဂဝိဇ္ဇာ ပညာဟာ၊ ဗုဒ္ဓရဲ့ ဖြစ်တော်စဉ်ကို နိမိတ်ယူပြီး ဟောပြောတဲ့ နိမိတ်ပညာစစ်စစ်    ဖြစ်ပါတယ်။
          ဥပမာ - ဗုဒ္ဓအခါ (ဗုဒ္ဓဟူး)အခါမှာ ကိစ္စတစ်ခု/အမေးတစ်ခွန်း ကြုံတွေ့ရရင် - '' ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားရမယ်၊ ကိုယ့်ကိုယ်ပဲအားကိုးရမယ်၊ ကူညီနိုင်မယ့်သူမရှိဘူး၊ အများနဲ့တစ်ယောက် အတိုက်အခံဖြစ်မယ်၊ ရန်အပြုခံရမယ်၊ ဆန့်ကျင်ဘက်တွေ ဘယ်လိုပင်ရှိသော်လည်း၊ မေတ္တာ/ခန္တီတရားတွေ လက်ကိုင်ထားပြီး၊ စိတ်ဓါတ်ဖြူစင်စွာနဲ့၊ ရည်ရွယ်ချက်ကို မပျောက်စေဘဲ ကိုယ့်အလုပ်ကိုသာ ဆက်လုပ်မယ်ဆိုရင်၊ သေချာပေါက် အောင်မြင်မယ်၊ ဟိုးနောက်က ကိုယ်လုပ်ခဲ့တဲ့ အလုပ်တွေကပဲ ကိုယ့်ကို အထောက်အပံ့ ပြုလိမ့်မယ် --'' စသဖြင့် ဗုဒ္ဓရဲ့ ဘုရားဖြစ်စဉ်အချိန်အခါမှာ တွေ့ကြုံခဲ့ရတဲ့ ဖြစ်စဉ်တွေကို နိမိတ်ယူပြီးဟောပြောတာပေါ့။ မလွဲပါဘူး။ ဒီဖြစ်စဉ်တွေရဲ့ သဘောသဘာဝထဲက ကျော်ထွက် မသွားပါဘူး။
          အဲဒီ ဗုဒ္ဓရဲ့ဖြစ်တော်စဉ်မှတစ်ဆင့်၊ ဂဏန်း (၇)လုံးကို တိုင်ထောင်ပြီး အင်္ဂဝိဇ္ဇာ ပညာရပ်အဖြစ်၊ အမြင်နိမိတ်၊ အကြားနိမိတ်တွေနဲ့ ပေါင်းစပ်ပြီး ဟောပြောကြပြန်ပါတယ်။ နောက်တစ်ဆင့် အခါတိုင်နဲ့ ဓါတ်တိုင်ပေါင်းစပ်ပြီး (၂)တိုင်နဲ့ ဟောဆိုအသုံးပြုကြပါတယ်။ ဥာဏ်ကြီးရင် ကြီးသလို ချဲ့ထွင်အသုံးပြု ကြပါတယ်။
          အဲဒီလိုနံတော်စဉ် ဟောကိန်း၊ အင်္ဂဝိဇ္ဇာပညာမှာ နိမိတ်ကအဓိကဖြစ်သလို၊ မြန်မာ့ဗေဒင်ရဲ့ လက်ရိုး၊ လက်ဆန်း ပညာရပ်တွေမှာလဲ ရှေးဆရာကြီးများက၊ နိမိတ်ကို အဓိကထားကြည့်ပြီး ဟောဆိုဖို့၊ လမ်းညွှန်မိန့်ကြားခဲ့ကြပါတယ်။
          အထက်ဖော်ပြပါ နိမိတ်တွေကိုကြည့်ရင်၊ တိုက်ရိုက်နိမိတ်နဲ့ အဓိပ္ပါယ်နိမိတ် (တနည်း) အပြင်နိမိတ်နဲ့  အတွင်းနိမိတ်ဆိုပြီး၊ ကောက်ယူပုံနှစ်မျိုးကွဲထွက်လာပါတယ်။
          ဘုရားအလောင်းတော်ရဲ့ နိမိတ်ကြီးလေးပါးကို တွေးမြင်ကောက်ဆပုံနဲ့၊ ဆရာတော် ခင်ကြီးဖျော်ရဲ့ ရေအိုးကွဲနိမိတ်ကို တွေးကောက်ယူဆပုံတွေဟာ အဓိပ္ပါယ်/မူရင်းအနှစ်သာရကို ကောက်ယူပုံဖြစ်ပါတယ်။
          ရံဖန်ရံခါမှာတော့ အပြင်နိမိတ်နဲ့ အတွင်းနိမိတ်ဟာ၊ အဖြေတစ်ခုထဲကို ညွှန်းပြီး တစ်ပေါင်းတည်း ဖြစ်သွားတာမျိုးလဲရှိတတ်ပါတယ်။ နိမိတ်ရဲ့ အနှစ်သာရကတော့ မြင်ရ၊ ကြားရတဲ့ အဖြစ်အပျက်ရဲ့ အဓိပ္ပါယ်ကို ကောက်ယူမှုပဲဖြစ်ပါတယ်။ အဲဒါကိုတော့ မြင်အောင်ကြည့်တတ်ဖို့လိုပါတယ်။
          ဘုရားအလောင်းတော် သိဒ္ဓတ္တမင်းသားဟာ သူအို၊ သူနာ၊ သူသေ နိမိတ်တွေကို မြင်တဲ့အခါ သာမန်လူတွေမြင်တဲ့အတိုင်း '' ရွံ့စရာ၊ ကြောက်စရာကြီးပါလား ''လို့ပဲတွေးပြီး၊ မျက်နှာလွှဲသွားခဲ့ရင်၊ ဘုရားဖြစ်လာမှာ မဟုတ်ပါဘူး။ (ဘုရားအလောင်းတော်ဖြစ်လို့/ ပါရမီရှင်ဖြစ်လို့-ဆိုတဲ့အကြောင်းတရား ကလဲရှိနှင့်ပြီးသားပါ။ ဒီနေရာမှာ အတွေးအမြင်ပိုင်းကို ဆွေးနွေးနေတာမို့ ပါရမီအပိုင်းကို မပြောတော့ပါ။)
          ခေါင်းပေါ်မှာတင်ပြီး ရွက်လာတဲ့ ရေအိုးကျကွဲသွားတာကို၊ အနိဋ္ဌနိမိတ်ပဲ/ မကောင်းတဲ့နိမိတ်ပဲလို့ သာမန်တွေးပြီး၊ သာမန်ကောက်ယူမှုမျိုးသာရှိခဲ့ရင်၊ ဆရာတော် ခင်ကြီးဖျော်ရဲ့ ရေအိုးကွဲနိမိတ်ဟာ၊ ဒီနေ့အင်္ဂဝိဇ္ဇာအဟောပညာလောကမှာ ဂန္တဝင်အဖြစ် ပေါ်ပေါက်လာခဲ့မှာ မဟုတ်ပါဘူး။
          ထို့အတူပဲ - သူရဇ္ဇလို့ခေါ်တဲ့ တနင်္ဂနွေအခါမှာ/ဗုဒ္ဓရဲ့ ရုပ်အလောင်းတော်၊ တေဇောဓါတ်လောင်ကျွမ်းချိန်မှာ လာမေးတဲ့သူကို '' ခင်ဗျားတော့ မီးလောင်ခံရတော့မယ်'' လို့သာဟောပြောနိုင် ခဲ့ကြမယ်ဆိုရင် ယနေ့အထိ ကျွန်တော်တို့ ဗေဒင်ဝါသနာရှင်များ တခုတ်တရ ဆည်းပူးလေ့လာနေရတဲ့ အင်္ဂဝိဇ္ဇာ/နံတော်စဉ် ဟောကိန်း ပညာဆိုတာ၊ ပျောက်ကွယ်သွားခဲ့တာ ကြာလှပေါ့။
          နိမိတ်အတိုင်းဟောတာပဲ မဟုတ်လား၊ လူတစ်ထောင်မှာ တစ်ယောက်/တစ်သောင်းမှာ တစ်ယောက် ကတော့ မှန်ကောင်းမှန်ပါလိမ့်မယ်။
          အဲဒီလိုပြောမယ့်အစား --- '' စိတ်ပူပင်သောကဖြစ်စရာနဲ့ တွေ့ကြုံနေရမယ်၊ ပိုင်ဆိုင်မှုတွေ တစ်စစီပြိုကွဲ ပျက်စီးကုန်မယ်၊ အလုပ်အကိုင်၊ အိုးအိမ်၊ အိမ်ထောင်၊ အုပ်စု၊ စီးပွားတွေကို ဘယ်လိုမှ ပြန်လည်စုစည်း လို့မရနိုင်တော့ဘူး။ စိတ်ဝမ်းတွေကွဲမယ်၊ ကြားဝင်ဖြန်ဖြေ ဖြေရှင်းပေးသလိုနဲ့၊ အခွင့်အရေးယူတဲ့ သူနဲ့တွေ့မယ်၊ သည်းခံပြီးအချိန်အခါကို စောင့်ပါ။ လောဘမကြီးပါနဲ့၊ သူ့အချိန်အခါကို ရောက်ရင် စောစောက ပျက်စီးဆုံးရှုံးမှု တွေကို ပြန်လည်တည်ဆောက်နိုင်မယ်။ အထူးသဖြင့် တစ်ရွာမပြောင်း သူကောင်းမဖြစ် ဆိုသလို၊ တစ်နယ် တစ်ကျေးမှာသွားပြီး စီးပွားရှာ၊ ဘဝသစ်ထူထောင်ရင် ပိုကောင်းပါလိမ့်မယ်၊ ပြောင်းရွှေ့ဖို့ အခြေအနေကလဲ တောင်းဆိုလာပါလိမ့်မယ်။ အဲဒီအချိန်မှာ စိတ်သစ်၊ လူသစ်နဲ့ ဘဝသစ်ကို ထူထောင်ပါ။ အောင်မြင်ပါ လိမ့်မယ်''- လို့သာ - သူရဇ္ဇအခါရဲ့ ပရိယာယ်တွေ၊ အနှစ်သာရတွေ အတွင်းကဟောဆိုမယ်ဆိုရင်၊ ရာနှုန်းပြည့်နီးပါး မှန်ကန်တာတွေ့ရှိရမှာပါ။
          ကျွန်တော်နားလည်ထားတဲ့ နိမိတ်ဆိုတာရယ်၊ အပြင်နိမိတ်နဲ့ အတွင်းနိမိတ်ဆိုတာရယ်က အဲဒီလိုပါ။
          နိမိတ်အကြောင်းတွေ အတော်လေးပြည့်စုံတော့မှ တားရော့အကြောင်းဆက်ရအောင်။ နိမိတ်အကြောင်းတွေကို ဘာ့ကြောင့် ဒီလောက်အကျယ်ချဲ့ပြောနေရသလဲဆိုတော့ - တားရော့ကားချပ်လေး တွေဟာ အဓိပ္ပါယ်တွေအများကြီးစုပေါင်းဆက်စပ်ထားတဲ့ နိမိတ်ပုံတွေဖြစ်နေလို့ပါပဲ။ တားရော့အဟော ပညာရပ်ဟာ၊ နိမိတ်ဟောပညာစစ်စစ်ဖြစ်နေလို့ပါပဲ။
          တားရော့ပညာရပ်ကို ကျွန်တော့်အတွက် သဘောပေါက်စေတဲ့/ အမြင်ပေါက်စေခဲ့တာက၊ အီဂျစ်နတ် ဘုရား အိုဆီးရစ်နဲ့ မိဖုရား အိုင်းစစ်တို့ရဲ့ ဇာတ်လမ်းဖြစ်စဉ်တွေကို ရည်ညွှန်း အဓိပ္ပါယ်ဖော်ဆောင်တဲ့ တားရော့ကားချပ်တွေပဲ ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ ဖြစ်တော်စဉ်ကို အခြေပြုပြီး၊ သူရဇ္ဇ - သောကြာ - ဗုဒ္ဓ - အစရှိတဲ့ အခါ (၇)ပါးအတွက် ဟောဆိုချက်တွေကောက်ယူခဲ့ရတဲ့ အင်္ဂဝိဇ္ဇာကို ပြန်သတိရပြီး ခုနကတုန်းက ပြောခဲ့သလို အီဂျစ်နတ်ဘုရားရဲ့ဖြစ်စဉ်ကို အခြေပြုထားတဲ့ - တားရော့ စာအုပ်နဲ့တွေ့မှ၊ အဓိပ္ပါယ်ကောက်ယူရမယ့်သော့ချက် ကို မြင်ခဲ့ရပါတယ်။
          ဗုဒ္ဓဂေါတမရဲ့ဖြစ်တော်စဉ်နဲ့၊ အီဂျစ်နတ်ဘုရားတို့ရဲ့ ဖြစ်စဉ်ကို ထပ်တူပြု ခိုင်းနှိုင်းတာမဟုတ်ဘူးနော်၊ ဒီဖြစ်စဉ်၊ ဒီနိမိတ်တွေအပေါ်မှာ မြင်ပုံမြင်နည်း၊ ကောက်ယူပုံကောက်ယူနည်းတွေကိုသာ ဥပမာပြု ခိုင်းနှိုင်းခြင်း မျှသာဖြစ်ပါတယ်။
          အထက်မှာ ဗုဒ္ဓရဲ့ ဖြစ်တော်စဉ်ကို နိမိတ်ယူပြီး အင်္ဂဝိဇ္ဇာ နံတော်စဉ်ဟောကိန်းကောက်ယူပုံကို ကျွန်တော်နားလည်ထားသမျှနဲ့ နမူနာပြခဲ့ပါတယ်။ ထို့အတူ တားရော့ဆိုတဲ့ နိမိတ်ပုံကားချပ်တွေအပေါ်မှာ ဟောကိန်းကောက်ယူပုံနမူနာပြပါရစေ -
          နံပါတ် (၅)ကတ်၊ ဘုန်းကြီးကတ်၊ Hierophant ကားချပ်ဆိုပါတော့၊ '' ခင်ဗျား - တစ်နေ့ဘုန်းကြီး ဖြစ်လိမ့်မယ်၊ ဒါမှမဟုတ် ထူးခြားတဲ့ ဘုန်းကြီးတစ်ပါးနဲ့ တွေ့ဆုံရလိမ့်မယ် '' - ဆိုတာက အပြင်နိမိတ်အနေနဲ့ ယူတာပါ။
          '' ခင်ဗျားဟာ - ရှေးရိုးအစဉ်အလာကြီးမားသော၊ ဘာသာရေးကိုင်းရှိုင်းသော၊ ဘာသာရေးနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသော မိသားစု အသိုင်းအဝိုင်းကဖြစ်နိုင်တယ်။ ခင်ဗျားကိုယ်တိုင်လဲ ဘာသာရေးကို စိတ်ဝင်စားမှုရှိတယ်၊ လေ့လာလိုစိတ်ရှိတယ်၊ စိတ်ထား နူးညံ့သိမ်မွေ့တယ်၊ ပေးချင်ကမ်းချင်၊ ကူညီထောက်ပံ့ ချင်တဲ့စိတ်ရှိတယ်၊ အမြင်မတော်ရင် ပြုပြင်ဆုံးမချင်တဲ့ စေတနာရှိတယ်၊ ရသမျှနဲ့ တင်းတိမ်ရောင့်ရဲမှုရှိတယ်၊ လောဘမကြီးဘူး၊ ဘာလုပ်လုပ် - မိဘ၊ မိသားစုနဲ့ တိုင်ပင်ဆုံးဖြတ်ပြီးမှ လုပ်လေ့ရှိတယ် '' -- အစရှိတဲ့ ဘုန်းကြီးကတ်ရဲ့ အဓိပ္ပါယ်အနှစ်သာရတွေအတွင်းကသာ ပြောရင်၊ ပိုပြီးအမှန်နဲ့ နီးစပ်တာတွေ့ရပါတယ်။ တနည်းအားဖြင့် အတွင်းနိမိတ်ယူပုံနဲ့ ဟောပြောခြင်း ပဲဖြစ်ပါတယ်။
          ဒါလောက်ဆိုရင် နိမိတ်ပုံဖြစ်တဲ့ တားရော့ကတ်ပြားတွေကို ဘယ်လို အဓိပ္ပါယ် ကောက်ယူသင့်သလဲ၊ ၊ ဘာကြောင့်လဲ၊ ဆိုတာရှင်းလောက်ပြီ ဖြစ်ပါတယ်။

No comments:

Post a Comment