မျက်မမြင် ပုဏ္ဏား (၆)ယောက် နှင့် ကျွန်တော်
(သို့မဟုတ်)
တားရော့ ပုံပြင် (2)
တက္ကသိုလ်ဆရာကြီးထံ တပည့်ခံခြင်း
တားရော့ Major အဓိက
ကားချပ်တွေရဲ့အနှစ်သာရတွေကို သိမြင်ခံစားပြီးပြန်တော့၊ Minor
သာမန်ကားချပ်တွေရဲ့ အဓိပ္ပါယ်ကို သိချင်လာပြန်တယ်။ ဒီတော့ အားကြိုးမာန်တက်
ဘာသာပြန် ဈာန်ဝင်စားမိပြန်ရော။ Major ကားချပ်တွေတုန်းက ပထမသင်္ကြန်ကနေ
နောက်သင်္ကြန်ကာလတိုင်အောင် လုပ်ခဲ့ရတာ၊ ပင်ပန်းခဲ့ရတာတွေကို
အမှတ်မရတော့ဘူး။ တောင်တက်သမားလိုပဲ၊ တက်နေတုန်းကတော့ ပင်ပန်းတာပေါ့၊
စိတ်ဓါတ်ကျတာပေါ့။ နောက်ပြန်ဆင်းချင်စိတ်တွေပေါ်တာပေါ့၊ အားတင်းရင်း
ရှေ့ဆက်တက်၊ တောင်ထိပ်ပေါ်ရောက်တော့ လတ်ဆတ်တဲ့လေ၊ သာယာတဲ့ရှုခင်း၊
ကိုယ့်အောင်မြင်မှုတွေကို ခံစားရင်း၊ ပင်ပန်းခဲ့သမျှ အကုန်ပြေပျောက်ပြီး၊
ပီတိဖြစ်ရသလို၊ နောက်တစ်ဆင့်မြင့်တဲ့ တောင်ကို ထပ်တက်ချင်တဲ့
စိတ်ပေါ်လာသလိုပါဘဲ။
အဲဒီစိတ်နဲ့ Minor
ကတ်တွေထဲမှာ နောက်ထပ်သင်္ကြန်ကာလတစ်ခုအထိ မြှုပ်နှံလိုက်ပြန်တယ်။ Major
ကတ်တွေတုန်းက အတွေ့အကြုံအရ၊ ကတ်တွေရဲ့ အနှစ်သာရကို ဘယ်လို ဖမ်းယူရမယ်ဆိုတာ
သဘောပေါက် ခဲ့တော့ Minor ကတ်တွေကျတော့၊ အရေအတွက်များတာကလွဲလို့၊ ဘာသာပြန်ပြီးတာနဲ့၊ တစ်ပြိုင်နက် တစ်ကတ်ချင်းစီရဲ့ သဘောတရားကို နားလည်ခဲ့ရပါတယ်။
သဘောပေါက် ခဲ့တော့ Minor ကတ်တွေကျတော့၊ အရေအတွက်များတာကလွဲလို့၊ ဘာသာပြန်ပြီးတာနဲ့၊ တစ်ပြိုင်နက် တစ်ကတ်ချင်းစီရဲ့ သဘောတရားကို နားလည်ခဲ့ရပါတယ်။
တုတ်၊ ဓါး၊ ခွက်၊ ကြယ်ဆိုတဲ့
အုပ်စု (၄)ခု၊ စုစုပေါင်း (၅၆)ကတ်လုံးလဲ ဘာသာပြန်ပြီးရော၊ ကျွန်တော့်အတွက်
ပြဿနာ (၂)ခုပေါ်လာပါတယ်။ အဲဒါတွေကတော့ - (၁) တုတ်နဲ့ ဓါးအုပ်စု ၂စုရဲ့
အနှစ်သာရပိုင်းမှာ အဓိပ္ပါယ်ရောယှက်နေခြင်းနဲ့ (၂) Court ကတ် ဟ မင်းလုလင်၊
မြင်းစီးရဲမက်၊ မိဖုရား၊ ဘုရင် ' တွေကို အဓိပ္ပါယ်ကိုယူရမှာလား၊ (သို့)
လူပုဂ္ဂိုလ်အနေနဲ့ ယူရမှာလား၊ - ဆိုတဲ့ (၂)ချက်ပဲဖြစ်ပါတယ်။
Minor ကတ်တွေကျတော့ ပိုမိုအသေးစိတ်လာတယ်၊ ပိုတိကျလာတယ်၊ စာအုပ်တွေမှာ
တစ်အုပ်နဲ့ တစ်အုပ် အယူအဆကွဲပြားတာကြုံရတယ်။ သဘောတရား အမှားမခံဘူး ဒီတော့
ဆရာရှာမှ ဖြစ်တော့မယ်ဆိုပြီး ရန်ကုန်ကို ဆင်းလာခဲ့ပါတယ်။
ဆရာကြီးဟိန်းလတ်နဲ့ ဆရာကြီး ဦးငြိမ်းအောင်တို့ ထံသွားဖို့ရည်ရွယ်ပါတယ်။
ဆရာဟိန်းလတ်ရဲ့ လိပ်စာမသိလို့ မသွားဖြစ်ခဲ့ဘူး၊ လိပ်စာသိတဲ့ ဆရာကြီး
ဦးငြိမ်းအောင်ထံဘဲ ရောက်ခဲ့ပါတယ်။
ဆရာကြီးဦးငြိမ်းအောင်ထံရောက်တဲ့အခါ '' ဆရာကြီး ကျွန်တော်တားရော့နဲ့
ဗေဒင်ကြည့်ချင်ပါတယ်။ ပြီးတော့ တားရော့ ဗေဒင်ပညာကိုလဲ
ကျွန်တော်ဝါသနာပါပါတယ်။ အခုလဲ လေ့လာနေပါတယ်၊ ဆရာကြီး
ကျွန်တော့်ကိုလမ်းညွှန်ပေးပါ '' လို့ တောင်းပန်ပါတယ်။ ဒီတော့ ဆရာကြီးက
တားရော့(၄)ကတ် ခင်းကျင်းတဲ့ပုံနဲ့ ကျွန်တော့်မေးခွန်းတွေကိုဖြေပါတယ်။
ကားချပ်တစ်ချပ်ကို ၁ဝဝဝိ/-နှုန်းဖြစ်ကြောင်းပြောပါတယ်။ ဆရာကြီး ဟောခဲ့တာတွေ
အားလုံးမှန်ပါတယ်။ (ဒီနေရာမှာ - မှားသလား၊ မှန်သလား၊ မပြောနိုင်တဲ့
တချက်တော့ရှိပါတယ်။ စီးပွားရေးကိစ္စမှာ - ဆရာကြီးက - ''ခင်ဗျားအားမနာနဲ့၊
ကိုယ့်ပညာ-ကိုယ့်ဥာဏစွမ်းအားနဲ့ ထိုက်တဲ့ငွေကိုယူပါ၊ ပိုလဲမတောင်းနဲ့
လျှော့ပြီးလဲမယူနဲ့'' လို့ဟောခဲ့တယ်။ အခုချိန်အထိ
ဗေဒင်ဟောခနှုံးသတ်မှတ်ပြီးတောင်းဖို့ ကျွန်တော်
မတောင်းရဲ/မတောင်းရက်သေးပါ)
ဟောတဲ့ အပိုင်းပြီးသွားတဲ့အခါ
ဗေဒင်ဟောခန်းထဲကထွက်၊ အိမ်ရှေ့ဧည့်ခန်းမှာထိုင်ပြီး၊ ကျွန်တော့်ကို
စစ်မေးတော့တာပါပဲ၊ တားရော့ကို ဘယ်လိုလေ့လာသလဲ၊ ဘယ်ဆရာဆီမှာသင်သလဲ၊
ဘာစာအုပ်ဖတ်သလဲ၊ တားရော့ကတ်ထုပ် (မူရင်း) ရှိသလား၊ ရှိရင်ပြပါ၊ စသဖြင့်
မေးခွန်းတွေအများကြီးမေးပါတယ်။ ကျွန်တော်ကလဲ ကတ်ထုပ်တွေစာအုပ်တွေ
အသင့်ဆောင်သွားတော့ အတော်ဖြစ်သွားပါတယ်။ ပဏာမ စစ်ဆေးခန်းပြီးသွား တော့မှ
တားရော့ရဲ့ သမိုင်းကြောင်း အယူအဆကွဲပြားမှု၊ အမှားအမှန်၊
ဆရာကြီးကိုင်ရိုရဲ့ တားရော့အပေါ် အမြင်၊ ထူးခြားထင်ရှားတဲ့ ဥပမာ၊
သူ့ကိုယ်တွေ့ တွေကို စာအုပ်စာတမ်း အထောက်အထားတွေနဲ့တကွ
ပြောဆိုရှင်းပြပါတယ်။
ဆရာကြီး ကိုင်ရိုကိုလဲ
အထွဋ်အမြတ်ထားပြီးလေးစားတယ်။ ပြန်ကာနီး ကန်တော့တဲ့အခါ ဆက်တီမှာ
ထိုင်နေရာကထပြီး၊ ဆရာကြီးကိုင်ရိုရဲ့ ဓါတ်ပုံတင်ထားတဲ့ သံဘီဒိုဘေးမှာသွား
မတ်တပ်ရပ်ပြီး ကန်တော့ခံတယ်၊ ဆရာကြီးကိုင်ရိုကိုပါ တပါတည်း ကန်တော့ပြီး
ဖြစ်စေခဲ့ပါတယ်။
အသက်ကလဲ (၇ဝ)ကျော်၊
ဘဝအတွေ့အကြုံကလဲ တက္ကသိုလ်မှာဆရာလုပ်ခဲ့တာဆိုတော့၊ လေသံကမာသလို-
စကားပြောတာကလဲပြတ်တယ်၊ တားရော့ပေါ်မှာ အပြည့်အဝယုံကြည်မှုရှိတယ်၊
သူ့ကိုယ်ရေးကိုယ်တာကိစ္စ၊ သူ့မိသားစုဝင်များရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ
တားရော့ရဲ့ဆုံးဖြတ်ချက်ကို တိကျယုံကြည်စွာ လိုက်နာတယ်။
ဆရာကြီးရဲ့ လမ်းကြောင်းပေးမှု၊
သူတွေးခေါ်ပုံ အယူအဆတွေနဲ့ အားဖြည့်ပြီး၊ Minor ကတ်တွေနဲ့
ရင်းနှီးခဲ့ရပါတယ်။ နောက် (၆)လလောက်ကြာတဲ့အခါ
ဆရာကြီးထံတစ်ခေါက်ရောက်ခဲ့ပါတယ်။ ဒီတစ်ခါမှာတော့
တော်တော်လေးရင်းရင်းနှီးနှီးရှိသွားပါပြီ၊ ပါလာတဲ့ ဒေသထွက်သီးနှံကလေးတွေ
ကန်တော့ပြီး၊ သိချင်တာလေးတွေ မေးရပါတယ်။ တစ်ခေါက်ရောက်မှ
မေးခွန်းတစ်ခွန်းလောက် မေးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆရာကြီးကို
ကြောက်ရွံ့လေးစားတာကတစ်ကြောင်း၊ ကိုယ်က တခွန်းမေးလိုက်တာနဲ့ ဆရာကြီးက
သဘောတရား၊ အထောက်အထား၊ အကိုးအကား၊ စာအုပ်တွေတစ်အုပ်ပြီးတစ်အုပ်
လှန်လှန်ပြီးရှင်းပြနေတာ မဆုံးတော့ဘူး၊ တစ်ခါပြောရင် ၂-နာရီ
၃-နာရီလောက်ကြာတယ်၊ သူပြောနေတာ တွေက အဆက်အစပ်ကလဲရှိနေပြန်၊ ကြားသမျှကလဲ
ကိုယ့်အတွက် ပညာ ဗဟုသုတတွေ (အဆီအနှစ်တွေ) ရနေပြန်တာကတစ်ကြောင်းကြောင့်၊
စကားဖြတ်မမေးရဲတာနဲ့ တခါရောက်မှ တစ်ချက်လောက်ပဲ မေးဖြစ် ခဲ့ရပါတယ်။
ပြီးတော့ ဆရာကြီးက အားရပါးရ ပြည့်ပြည့်စုံစုံ ပြောတာဆိုတော့၊ တခါထဲ ၂နာရီ၊
၃နာရီ ကြာအောင်ပြောနေတဲ့ ဆရာကြီးကို မောမှာစိုးလို့-ပင်ပန်းမှာစိုးလို့
ဆက်မမေးဖြစ်တာလဲ ပါပါတယ်။
ရောက်ရောက်ချင်း ဦးချကန်တော့၊
မာကြောင်း၊ သာကြောင်းနှုတ်ဆက်၊ ပြန်ခါနီးတခါ ထိုင်ကန်တော့တဲ့ အခါ ဆရာကြီးက
မိဘတစ်ဦးကဲ့သို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းမေတ္တာများ ပေးပါတယ်။
နောက်ဆုံးရောက်ခဲ့တဲ့အခေါက်က၊
ဆရာကြီးက '' ကျွန်တော်လဲ Eden Gray ရဲ့စာအုပ်ကိုပဲ အဓိကထားတယ်၊ ဒီစာအုပ်လဲ
ခင်ဗျားမှာရှိနေတာပဲ၊ အခုသိထားတွေလဲ အတော်ပြည့်စုံနေပြီ၊ လက်တွေ့
လေ့လာရင်းနဲ့ ရဲရဲသာဆက်လုပ်၊ ရသမျှတားရော့ စာအုပ်တွေဖတ်၊
စာအုပ်ထဲကရေးထားတာကို ပုံသေမမှတ်နဲ့၊ လက်တွေ့လေ့ကျင့်လေ့လာပါ၊
မရှင်းတာသိချင်တာရှိရင် ဖုံးဆက်ပြီးမေး'' လို့ပြောပါတယ်။ (အခုချိန်မှာတော့
ဆရာကြီးကွယ်လွန်ခဲ့ပါပြီ၊ တားရော့ကို မြန်မာပြည်သူတွေနဲ့ မိတ်ဆက်ပေးခဲ့သူ၊
မူရင်းတားရော့ရဲ့ သဘောတရားတွေ၊ ဘာသာပြန်ဆိုချက်တွေ၊
ကိုယ်တွေ့သဘောတရားတွေကို မခြွင်းမချန် ဖြန့်ဝေပေးခဲ့သူ၊ ကျွန်တော့ကိုလဲ
သူ့တသက်တာ လေ့လာတွေ့ရှိခဲ့သမျှ ဗဟုသုတ၊ တားရော့ရဲ့ အနှစ်သာရတွေကို
အားပါးတရ လက်ဆင့်ကမ်းခဲ့သူ၊ အားပေးခဲ့သူ ဆရာကြီးဦးငြိမ်းအောင်အား ရိုသေစွာ
ဦးညွှတ်ဂါရဝပြုလိုက်ပါတယ်။)
အံ့သြကုန်နိုင်ဘွယ်
Minor ကတ်တွေကို
စာတွေ့လေ့လာပြီးတဲ့အခါ၊ သဘောတရားတွေကို သိမြင်နားလည်လာတဲ့အခါ၊
ဗေဒင်မေးမယ့်သူကို မျှော်ရတာအမော၊ ဟောချင်တာ
ပါးစပ်ကိုယားနေတာပဲလို့ပြောရင် ပိုတယ်မထင်နဲ့၊ တကယ်ပါ။ မေးသူလာပြီဆိုတာနဲ့
စည်းကမ်းတကျပြည့်ပြည့်စုံစုံ - လက်ကိုဆပ်ပြာနဲ့ဆေး၊ ပြောင်စင်အောင် သုတ်၊
ရေမွှေးဖြန်း၊ တားရော့အစောင့်အရှောက်ပုဂ္ဂိုလ်တွေကို နံ့သာတိုင်လှူ၊
မေတ္တာပို့ - စသဖြင့် စိတ်ပါလက်ပါ လုပ်ပြီးမှ ဟောတာပေါ့။ ပထမတော့
သိပ်မရဲဘူး Major နဲ့ Minor ကတ်တွေပေါင်းစပ်ပြီး စ-ဟောတာကိုး၊ အထူးသဖြင့်
Minor ကတ်တွေပေါ်လာရင် ရင်တထိတ်ထိတ်နဲ့ မှားများမှားသွားမလားလို့
သူကတိကျတာကိုး၊ မှားသွားရင် ခက်လှချည့်/ရှက်ရချည်ရဲ့ပေါ့။
Major ကတ်တွေက
မဟာဗျူဟာဆန်တယ်။ သဘောတရားပိုင်း၊ လမ်းညွှန်မှုပိုင်းအားကြီးတယ်။ Minor
ကတ်တွေကျတော့ နည်းဗျူဟာဆန်တယ်၊ လက်တွေ့ကျတယ်၊ ခင်မင်မှု သံယောဇဉ်ကိစ္စလား၊/
အလုပ်ကိစ္စလား၊ /ငွေကြေးစီးပွားကိစ္စလား၊ / အမှုပြဿနာကိစ္စလား၊ ဆိုတာကို
အတိအကျပြောတယ်။ ဒီတော့ပိုမှားနိုင်တယ်၊ အတွေ့အကြုံမရှိသေးတော့
ကိုယ့်ကိုယ်ကို မယုံဘူး။ ဒါပေမယ့် Major ကတ်တွေတုန်း ကတောင်
ဒီလောက်မှန်ခဲ့တာ Minor ကတ်တွေမှာလဲ မှန်ကိုမှန်ရမယ်လို့ ဇွတ်အားမွေးပြီး၊
ကတ်ကပြောတဲ့ အတိုင်းပြန်ပြောတာပေါ့။ ကိုယ့်ထင်မြင်ယူဆချက် - အပိုစကားတွေ
ထည့်မပြောရဲဘူး။
ဒီနေရာမှာ ဖြတ်ပြီး
ပြောချင်တာက၊ တားရော့ကားချပ်တွေကို လေ့လာရင်းက '' ငါဟာ ဗေဒင်ဟောတဲ့
ဆရာမဟုတ်ပါလား…… စကားပြန်-တားရော့ကားချပ်တွေက ပြောနေတဲ့ Voiceless
Language (Silence Language)အသံမယ့်ဘာသာစကားကို၊ ငါကဘာသာပြန်ပြီး
ပြောပေးရုံပါလား - ဆိုတာ သဘောပေါက် လာတယ်။
ကဲ-ဈေးဦးပေါက် Minor
ကတ်တွေသုံးပါပြီ။ ထုံးစံအတိုင်း ကျွန်တော်ရဲ့ဖေါက်သည် (တနည်း)
ကျေးဇူးရှင်ကြီးပေါ့ ''အကိုကြီး ရန်ကုန်က အမက မနက်ဖြန်ရန်ကုန်ကို လာဖို့
ကျွန်တော့်ကိုခေါ်နေတယ်၊ ဘာကိစ္စဖြစ်မလဲ၊ တားရော့နဲ့ဟောပေးပါ'' တဲ့၊
သိနေတယ်၊ အဆူခံရမယ့်ကိစ္စဆိုရင် သူ့မိန်းမကို လွှတ်မယ်၊ ရပေါက်ရလမ်းဆိုရင်
သူသွားမယ်ပေါ့။ ပေါ်ထွက်လာတဲ့ ကတ်က '' ဒင်္ဂါး (၃)ချပ် ''။ '' ညီလေးကို
ပိုက်ဆံပေး မလို့၊ အလုပ်အပ်မလို့ ဒါမှမဟုတ် အလုပ်စမ်းခိုင်းမလို့
ငွေပေးဖို့ခေါ်တာ၊ စိတ်တိုင်းကျ ငွေပမာဏ ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။
ကောင်းသော ခေါ်ခြင်းပါ၊ ညီလေးသွားလိုက်ပါ '' လို့ ဖြေလိုက်တယ်။
ရင်ထဲမှာတော့ ဘုရားတနေမိတယ်။
နောက် ၂-ရက်ညနေကျတော့ ''
အကိုကြီးအတွက် ရန်ကုန်လက်ဆောင် ''ဆိုပြီး Ready Made Foreign Shirt တစ်ထည်
Packing လေးနဲ့၊ '' အကိုကြီးပြောတာ မှန်တယ်၊ ယောက်ဖလုပ်သူက-မင်းအဆင်
ပြေမယ့် စီးပွားရေးတစ်ခု စမ်းလုပ်ကြည့်ဆိုပြီး ငွေပေးလိုက်တယ်၊
နောက်အဆင်ပြေရင် ထပ်ထုတ်ပေးမယ် လို့ပြောတယ်''။ ရင်ထဲက အလုံးကြီး ခုမှ
ကျသွားတယ်။
နောက်တစ်ခါ ခေါ်ပြန်ပြီ၊ ''
အကိုကြီးလုပ်ပါအုံး၊ ခေါ်ဆူမလို့လားမသိဘူး၊ တားရော့ကြည့်ပေးပါအုံး ''။ Fool
ကတ်။ '' ဘာမှပူမနေနဲ့ စိတ်အေးအေးသာထားသွား၊ ဘာကိစ္စများဖြစ်မလဲ၊
ဘာမေးရင်-ဘယ်လိုဖြေရမလဲ၊ ဆိုတာတွေ ပူပင်ပြီးကြိုစဉ်းစားမနေနဲ့၊
ပေါ့ပေါ့ပါးပါးသွား၊ တွေ့ကြတဲ့အခါ စိတ်လွတ်လွတ် လပ်လပ်ထားပြီး၊
ပြောချင်ရာပြော၊ ဖြစ်ချင်ရာပြော၊ အားလုံးအဆင်ပြေစေရမယ်။''
'' ဟုတ်ပါ့မလား အကိုကြီးရယ်၊
ကြည့်လဲလုပ်ပါအုံး၊ အရင်ပေးထားတဲ့ငွေတွေကို ကျွန်တော်ဘာမှ
အကောင်အထည်မဖော်ရသေးဘူး၊ ကျွန်တော်တော့ နရင်းအုပ်ခံရတော့မယ်ထင်တယ်''
''ဘာမှမဖြစ်ဘူး၊ ပျော်ပျော်သာသွား၊ ကိုယ့်အမအရင်းပဲ၊ သူပြောလဲမနာနဲ့၊
ကိုယ်ကလဲ လုပ်ချင်တာ-ဖြစ်ချင်တာကိုသာပွင့်ပွင့်လင်းလင်းပြော၊
တာဝန်ယူတယ်'' Major ကတ်အားကိုးနဲ့ ရဲရဲကြီးအာမခံလိုက်တယ်၊ အရူးနဲ့ကလေး
အတူတူပဲ မဟုတ်လား၊ သူတို့ကို ဘယ်သူကမှ အပြစ်မယူဘူး၊
နဲနဲပါးပါးပြောဆိုဆုံးမတာကလွဲလို့၊ အားလုံးက ခွင့်လွှတ်ပေးကြတယ်မဟုတ်လား၊။
နောက် ၂ရက်လောက်ကြာတော့
မုန့်ပဲသားရေစာတွေတပွေ့တပိုက်နဲ့ '' အကိုကြီးရေ - တားရော့ကမှန်တာ အံ့ရော၊
အမက ကျွန်တော့်ကို တစ်ခါမှ ဒီလို ဖက်လှဲတကင်းမဆက်ဆံဖူး-ဘူး၊ တွေ့ရင်ဆူဘို့
- ဆုံးမဘို့ပဲစဉ်းစားနေတာ၊ ဒီတခေါက်တော့ အရမ်းကိုနွေးထွေးတာပဲ
မောင်လေး-မောင်လေးနဲ့၊ ကျွန်တော်တော်တော်လေး အံ့သြမိတယ်''
မုန့်ဖိုးဘယ်လောက်ရလာသလဲ ဆိုတာတော့ ထည့်ပြောမသွားပါဘူး။
နောက်တစ်ခါ၊ ဆရာမ (၂)ယောက်၊
စနေနေ့ သူရဇ္ဇအခါ၊ '' အကိုကြီး အရမ်းကို အရေးကြီးတယ်၊ သေရေးရှင်ရေးကို
အရေးကြီးတယ်၊ တားရော့နဲ့မေးပေးပါအုံး။'' ဒီတော့တားရော့ကတ်တွေကို အုပ်စု
(၂)စုခွဲ၊ Minor ကားချပ်တွေကို Celtic Cross Method နဲ့ ဖြန့်ခင်း၊ Major
ကတ်တွေကို Star Spread နဲ့ဖြန့်ခင်းပြီး ပုံစံ
(၂)မျိုးနဲ့သေသေချာချာကြည့်တယ်။ သူတို့က ဘယ်သူ့ရဲ့ ဘာကိစ္စကို သိချင်တာလို့
မပြောဘူး၊ ဆရာမတွေဆိုတော့ Unseen Question မေးတာ အကျင့်ပါနေတယ်ထင်ပါ့။
Minor အုပ်စုနဲ့ကြည့်တဲ့
Celtic Cross Method မှာ လက်ရှိအခြေအနေက Ten of Swords ဓါး (၁ဝ)လက်ကတ်၊
လွှမ်းမိုးနေတဲ့ ကိစ္စက Eight of Wands တုတ် (၈)ချောင်းကတ်၊ အနာဂါတ်
အနီးစပ်ဆုံး အနေထားက Five of Wands တုတ် (၅)ချောင်းကတ်။
ဒီမှာတင်ဇာတ်လမ်းကပြတ်နေပြီ
Ten of Swords ကံဆိုးသော ဇာတ်သိမ်းခန်း၊ Eight of Wands က
ရပ်ဝေးမှအရေးကြီးသော သတင်းတစ်ခု၊ အဆက်အသွယ်တစ်ခုကို
မျှော်လင့်တကြီးစောင့်နေတယ်။ Five of Wands က အားပြိုင်မှု၊ ရုန်းကန်ရမှု၊
ဘဝတိုက်ပွဲ။
ဖြစ်ရပ်မှန်က '' ဦးဏှောက်
အကြိတ်ဖြစ်နေတဲ့လူနာ၊ အိပ်ယာထဲမှာဘဲ ထမင်းခွံ့ကျွေးနေရတယ်၊
စင်္ကာပူကိုသွားခွဲရင်ကောင်းသွားမှာလား၊ မကောင်းဘူးလား၊၊
လက်ရှိဓါတ်မှန်တွေကို စင်္ကာပူကိုပို့ပြီး စစ်ဆေးထားတယ်၊ အဲဒီကအဖြေကို
စောင့်နေတယ်၊ အဖြေပြန်လာမှ ခွဲစိတ်ရင် ပျောက်နိုင်/မပျောက်နိုင် သိရမယ်။
'' Tarot ကပြောပါတယ်၊
အခြေအနေမပေးတော့ပါဘူး၊ မသွားပါနဲ့တော့။ မခွဲပါနဲ့တော့၊ ဘာသာရေးကိုပဲ
အာရုံပြုစေပြီး၊ အလှူဒါနနဲ့ တရားတော်များနာကြားနေစေတာပဲ။
အကောင်းဆုံးဖြစ်ပါတယ်။ ဆရာမတို့က လူနာရှင်မဟုတ်တဲ့အတွက်
ကျွန်တော့်အာရုံမှာ ပေါ်လာတာကို အမှန်အတိုင်းပြောလိုက်မယ်၊
လူတွေတန်းစီပြီး၊ အခေါင်းထမ်းလို့ အသုဘပို့တဲ့ နိမိတ်မြင်ရတယ်၊ အဖြေကတော့
ဒါပါပဲ''။ ဆရာမ (၂)ဦး မျက်နှာမကောင်းစွာ ပြန်သွားကြတယ်။
နောက် (၄)ရက်လောက်အကြာမှာ
သတင်းကြားရတယ်။ လူနာဆုံးသွားပြီ။ ကားငှားပြီးရန်ကုန်ကို ခေါ်အသွား၊
လမ်းမှာပဲဆုံးပါးသွားလို့ လောင်းကိုပြန်သယ်ခဲ့ရကြောင်း။
ဒီနေရာမှာ Star Spread
လို့ခေါ်တဲ့၊ ကြယ်ပုံစံဖြန့်ကျက်ထားတဲ့ Major ကတ်တွေရဲ့ အထောက်အပံ့
လဲပါပါတယ်။ '' အဓိကဖြေရှင်းရမယ့်နေရာ '' မှာ ကျနေတဲ့ Dealth ကတ်နဲ့ ''
မမျှော်လင့်ပဲ ကြုံတွေ့ရမယ့် အနေအထား '' မှာရှိနေတဲ့ Tower ကားချပ်တွေက
အခြေအနေအမှန်ကို ပြောပါတယ်။
နောက်ဇာတ်လမ်းလေးတစ်ခုကတော့၊
အသက်(၂၅)နှစ်အရွယ် လူငယ်တစ်ယောက်၊ သူ့လက်ရှိ လုပ်နေတဲ့လုပ်ငန်းမှာ
တိုးတက်မှုရှိ/မရှိ မေးတယ်။ လက်ရှိအလုပ်ကို လေးလေးနက်နက် အာရုံပြုစေပြီး
ကားချပ်တွေကို မွှေနှောက်၊ ချိုးခိုင်းလိုက်တယ်၊ ကားချပ် (၃)ချပ်နဲ့
အတိတ်အနာဂတ်၊ ပစ္စုပ္ပန်ကို ပြောမယ်လို့ ဆုံးဖြတ်လိုက်တယ်။
ပေါ်ထွက်လာတဲ့ ကားချပ်တွေက (၁)
High Priestess (၂) Nine of Swords (၃) Seven of
Swordsကားချပ်တွေပဲဖြစ်တယ်။ (၁) High Priestess ကားချပ်က အတိတ်တုန်းက
စေတနာ ဖြူစင်စိတ်ထားမွန်မြတ်တဲ့ အမျိုးသမီးကြီးတဦးရဲ့ ကူညီမှုကြောင့်
လုပ်ငန်းအဆင်ပြေစိတ်ချမ်းသာခဲ့ရတယ်။ နံပါတ် (၂) နဲ့ (၃)က
အဓိပ္ပါယ်ဆက်စပ်လို့မရဘူး၊ ဘက်ပေါင်းစုံက လှည့်ပတ်စဉ်းစားတယ်၊
အဖြေထွက်မလာဘူး၊ လုပ်ငန်းနဲ့ မပတ်သက်ဘူးဖြစ်နေတယ်။ ဒီတော့
ကာယကံရှင်ကိုပြန်မေးရတယ်၊ ''ညီလေး-မင်းစောစောက ကားချပ်တွေ
ကိုကုလားဖန်ထိုးနေစဉ်မှာ၊ မင်းစိတ်အာရုံက ဘယ်ကိုရောက်သွားသေးသလဲ၊
အလုပ်နဲ့မပါတ်သက်တဲ့ အကြောင်းအရာတစ်ခုခုကိုစဉ်းစားမိသေးလား၊၊
ကားချပ်တွေထဲမှာ ပထမကားချပ်တစ်ခုပဲ အလုပ်နဲ့ ပတ်သက် ပြီး၊
နောက်ကားချပ်တွေက ခံစားမှု၊ စိတ်ဆင်းရဲမှုတွေကိုပြောတယ်၊
တိတ်တဆိတ်ဖြေရှင်းရမယ့် မိသားစုပြဿနာတွေကိုလဲ ဖော်ပြနေတယ်'' -
လို့ပြောတော့မှ၊ သူကပြန်ဖြေလာတယ်- '' ဟုတ်တယ်ဆရာ၊
ကျွန်တော်အဖေအကြောင်းခေါင်းထဲ ဖျတ်ကနဲဝင်လာတယ်၊ အဖေက အညာမှာ
နောက်မိန်းမယူထားတယ်၊ အဆင်မပြေဘူး၊ ကျွန်တော်က ဒီကိစ္စကို
လုံးဝသဘောမတူဘူး''--တဲ့။
နှုတ်ဖျားကမေးလာတဲ့
မေးခွန်းထက်၊ ရင်ထဲက ခံစားချက်အမှန် / ခေါင်းထဲကအတွေးအမှန်တွေကိုသာ
တားရော့ကဖော်ထုတ်ဖြေကြားပေးပါတယ်။ လိမ်လို့ - ဖုံးကွယ်လို့မရတဲ့
တားရော့ကို ကျွန်တော်ကြောက်လာမိ ပါတယ်။
ဆေးစက်ကျရာ အရုပ်ထင်
ခြေထောက်ရွှေ့ရာ သိုင်းကွက်ဝင်
ကားချပ်တွေအကြောင်းကို
အတော်လေးတီးမိခေါက်မိလာတော့၊ ကားချပ်တွေကို ဆက်စပ်ဟောပြော ဖို့အတွက်၊
ကားချပ်များဖြန့်ခင်းပုံ Spread ကို လေ့လာရပြန်တယ်။
တားရော့ကျမ်းစာအုပ်တိုင်းမှာ ဟီးဗရူးလူမျိုးတွေရဲ့ မူလအက္ခရာ (၂၂)လုံးနဲ့
ဆက်နွယ်နေတဲ့ ကာဗလာပညာဖြစ်တဲ့ The Tree of Life ''ဘဝသစ်ပင်''
ပုံစံဖြန့်ခင်းပုံနဲ့၊ Keltic Cross Method လို့ခေါ်တဲ့
ကဲတစ်လူမျိုးတွေသုံးတဲ့ ကြက်ခြေခတ်ပုံပါတဲ့ ဖြန့်ခင်းပုံ (၂)မျိုးကို
အလေးထားဖော်ပြကြတယ်။ ကားချပ်တစ်ချပ်စီကိုတောင်
အနိုင်နိုင်ဟောပြောနေရစဉ်မှာ၊ ကားချပ် ၇-ချပ်/၁ဝ-ချပ်နဲ့
ဟောပြောနိုင်အောင် ကြိုးစားဖို့ဆိုတာ တော်တော်လေး လက်တွန့်မိပါတယ်။
ပထမဦးဆုံး
တစ်ကတ်စီဘဲပြောကြည့်တယ်၊ တစ်ကတ်ချင်းနှုတ်သွက်လာတော့မှ (၃)ချပ်နဲ့
လေ့ကျင့်တယ်။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ်ကာလ (၃)ပါးကို ဟောပြောတာပေါ့။
အဲဒီလို ကားချပ် (၃)ချပ်ကိုပဲ အသုံးပြုပြီး (၁) ဘာကိစ္စမေးတာလဲ၊ (၂)
သူဘာလုပ်ချင်တာလဲ၊ (၃) သူလုပ်သင့်တာဘာလဲ၊ ဆိုတဲ့ Unseen Question
ဗေဒင်မေးလာသူက နှုတ်မှဘာမှဖွင့်မပြော/အသိမပေးတဲ့ကိစ္စကို အဖြေထုတ်တဲ့နည်းပါ။
အဲဒီလိုကားချပ် (၃)ချပ်နဲ့ လေ့ကျင့်ဟောပြောနေခဲ့ရတာ အတော်ကြာပါတယ်။
ကားချပ်ပေါင်းစုံက အနေအထားပေါင်းစုံမှာ ကျရောက်လာတဲ့အခါ၊ သူရောက်ရှိတဲ့
နေရာနဲ့ - ကားချပ်ရဲ့ အဓိပ္ပါယ်ကို သဘာဝကျအောင်ပေါင်းစပ်ဖို့ အများကြီး
ကြိုးစားလေ့ကျင့်ခဲ့ရပါတယ်။
ဒီနေရာမှာ
တွေ့ကြုံရတဲ့အခက်အခဲတစ်ခုရှိလာတယ်၊ ဘာလဲဆိုတော့ မေးခွန်းကို တိတိကျကျ
ပြတ်ပြတ်သားသားမေးဖို့ပါဘဲ၊ တားရော့က ပြတ်ပြတ်သားသားဖြေတဲ့အတွက်
မေးခွန်းကပြတ်သားဖို့လိုတယ်။ ဒီမှာဗေဒင်မေးနေကြတဲ့သူတွေက - '' ဆရာရယ်
ကျွန်တော်/ကျွန်မတို့ရဲ့ဇာတာလေးစစ်ပေးပါ။ ကျန်းမာရေး၊ စီးပွားရေး၊
အိမ်ထောင်ရေး၊ သားသမီးကိစ္စတွေကိုပါ - ပေါ့ဆရာရယ် ''လို့ မေးတတ်ကြတာ
နှုတ်ကျိုးနေတယ်။ ဒီတော့ ကိုယ်က-သူအဓိကသိချင်တာ ဘာလဲဆိုတာ -
ရှင်းလင်းတိကျအောင်မေးရတယ်။ ပြီးမှ ဒီလိုမေးခွန်းမျိုးနဲ့မေးသင့်တယ်-လို့
အကြံပြုပေးရတယ်။
ဖြန့်ခင်းပုံ Spread
အကြောင်းဆက်ရရင်၊ အစောကတင်ပြခဲ့တဲ့ ကားချပ် (၃)ချပ်ကို သုံးပြီးဟောတဲ့
(၂)နည်းကလိုရင်းကိုထိရောက်တယ်။ ဗေဒင်မေးလာတဲ့သူ ၉ဝ%ခန့်က၊ သူ့မှာအဓိက -
အခုသိချင်တဲ့ကိစ္စကတစ်ခုပဲရှိတယ်။ အဲဒီအဓိက-အခုလက်ငင်းဖြေရှင်းရမယ့်ကိစ္စကို
ရွေးချယ်မမေးတတ်တာများတယ်။ လူ့ဘဝဆိုတာ လူမှုရေး၊ အိမ်ထောင်ရေး၊ စီးပွားရေး၊
ကျန်းမာရေးအစရှိတဲ့ ကဏ္ဍပေါင်းများစွာ ပေါင်းစပ်ရပ်တည် နေကြတာဆိုတော့၊
အားလုံးကတော့ ယှက်နွယ်နေတာမှန်တယ်။ အဲဒီနွယ်နေတဲ့ အရှုပ်ထဲက၊ အဓိက Main
ကျတဲ့ကိစ္စကို ဖော်ထုတ်နိုင်ဖို့နဲ့ အဖြေရှာနိုင်ဘို့က လိုရင်းပါ။
နောက်တစ်ခုက - တစ်ချို့လူတွေက ကြုံတုန်းဆိုပြီး - ခုနကပြောခဲ့သလို၊
လူတွေနဲ့ ဆက်နွယ်နေတဲ့ ကိစ္စတွေကို အားလုံးသိခြင်ကြတယ်။ ကာယကံရှင်အပြင်၊
အိမ်မှာကျန်ခဲ့တဲ့ လင်ယောင်္ကျား၊ သားသမီး၊ သားမက်၊ ချွေးမနဲ့
မြေးတွေအကြောင်းပါမေးကြတယ်။ (မေးခွန်းတစ်ခွန်းကို ၁ဝဝဝဝိ/-ဆိုရင်
မေးတော့မှာမဟုတ်ဘူး)
ဒီအခါမျိုးတွေမှာ
မေးခွန်းတခွန်းစီခွဲပြီးမေးခိုင်းရတယ်။ နောက်ပြီး အဓိက ပြဿနာ/အရေးကြီးဆုံး
အခက်အခဲက ဘာလဲ၊ ဘယ်ကိစ္စကိုဖြေရှင်းလိုက်ရင် အားလုံးပြေလည်သွားမလဲ၊
ဆိုတာမျိုးကျတော့ ဓါးပုံစံဖြန့်ခင်းနည်း ( Sword Spread )နဲ့
ကြယ်ပုံစံဖြန့်ခင်းနည်း ( Star Spread )တွေကပိုပြီးထိရောက်တယ်။
အဲဒီဖြန့်ခင်းပုံတွေမှာ၊ အဓိကဖြေရှင်းရမယ့်ကိစ္စဆိုတာဘာလဲ၊ ဆိုတာပါတယ်။
မြင်းခွာပုံဖြန့်ကျက်နည်း ( Horse-Shoe Spread )မှာကျတော့ သင်လုပ်သင့်တာ
ဘာလဲ၊ ( What should you do ၊ ) ဆိုတဲ့ အကြံပေး လမ်းညွှန်းချက်ပါတယ်။
သိပ်ကောင်းပါတယ်၊ ကာယကံရှင်က ဘာလုပ်ရမလဲ ဆရာ၊ လို့ပြန်မေးစရာ
မလိုလောက်အောင်ပြည့်စုံပါတယ်။ Celtic Method မှာကျတော့ လက်ရှိကိစ္စတွေအပြင်
(ရုပ်ပိုင်းကိစ္စ တွေအပြင်)၊ ကာယကံရှင်ရဲ့ စိုးရိမ်ကြောက်ရွံ့မှု၊
စိုးရိမ်ပူပန်မှု၊ ပါတ်ဝန်းကျင်သဘောထား၊ သူရဲ့မျှော်လင့်ချက် - အစရှိတဲ့
စိတ်ပိုင်းဆိုင်ရာအပိုင်းကိုပါ ဖော်ပြထားတာကို တွေ့ရှိရပါတယ်။
အဲဒီလို မြင်ကွင်းစုံပါတဲ့
ဖြန့်ကျက်နည်းကို အသုံးပြုပြီး၊ Major + Minor ကားချပ်တွေ
ပေါင်းစပ်ပုံဖော်လိုက်တဲ့အခါ၊ ရင်ထဲကခံစားချက်၊ ခေါင်းထဲကအတွေး၊
ဝန်းရံနေတဲ့ အနေအထားပေါင်းစုံကို X-ray နဲ့ ဓါတ်မှန်ရိုက်ကြည့်သလို
အံ့သြဖွယ်ကောင်းရောက်အောင်ကို ရုပ်လုံးပေါ်လာပါတော့တယ်။ နံမည်ပြောစရာမလို၊
မွေးနေ့မွေးချိန်သိဖို့မလို၊ လက်ဝါးဖြန့်ပြစရာမလိုပဲ -
မူရင်းလက်ရှိဘဝရုပ်သွင်ကို ပီပြင်စွာမြင်ရပါတယ်။
တားရော့ကားချပ်တွေ - စာအုပ်တွေ လက်ထဲကိုင်ပြီး တားရော့နဲ့ ဝေးနေခဲ့ရတဲ့ အနှစ် (၂ဝ)လောက် ကာလတွေကို နှမြောလိုက်ပါဘိတော့။
အဲဒီလို အဓိက ကားချပ်
(၂၂)ကတ်၊ သာမန်ကားချပ် (၅၆)ကတ်ကို ဖြန့်ကျက်နည်းပေါင်းစုံနဲ့ ပေါင်းစပ်-
လေ့ကျင့်- လေ့လာလို့ ဆက်စပ်နားလည်သဘောပေါက်လာတဲ့အခါ၊ တားရော့စာအုပ်တွေက
လမ်းညွှန်ထားတဲ့ '' ဖြန့်ကျက်မှုပုံစံတွေဟာ ပုံသေသတ်မှတ်ထားတာမဟုတ်ပါဘူး၊
ကျွမ်းကျင်လာတဲ့အခါမှာ မိမိနှစ်သက်ရာ၊ အားသန်ရာ ဖြန့်ကျက်နည်းတွေကို
ဖော်ထုတ်စမ်းသပ်လေ့ကျင့်ပြီး အသုံးပြုနိုင်တယ်လို့'' ဆိုတဲ့သဘောထားကို
နားလည်လာပါတော့တယ်။
ပမာပြောရရင် အခြေခံအရောင်တွေ၊
မျဉ်းဖြောင့်၊ မျဉ်းကောက်တွေ၊ အလင်းနဲ့အမှောင်ရဲ့ သဘောတရားတွေကို လေ့ကျင့်
သဘောပေါက်နားလည်လာတဲ့အခါမှာ၊ စိတ်ကူးထဲပေါ်လာတဲ့ပုံကိုလက်က
တစ်ထပ်တည်းပုံဖော်နိုင်တဲ့ ဆေးစက်ကျရာ အရုပ်ထင်စေနိုင်တဲ့
ပန်းချီဆရာတစ်ဦးလို၊ အခြေခံသိုင်းကွက်တွေ ကစပြီး လေ့ကျင့်ခဲ့ရာက
အတွေ့အကြုံရင့်ကျက်လာတဲ့အခါ အကွက်နောက်ကို ခြေထောက်လိုက်စရာ မလိုတော့ပဲ၊
ခြေထောက်ကျရာ အကွက်တွေဖြစ်လာရတဲ့ သိုင်းသမားတယောက်လိုပါဘဲ။
ပတ္တမြားငမောက်နဲ့ ခုံလောက်မီးဖို
ဒီနေရာမှာ ဆက်စပ်လို့
ကျွန်တော်နားလည်လာသမျှ ပြောရရင်၊ တားရော့ကားချပ်တွေရဲ့ တစ်ကတ်ခြင်း ဆီမှာ
ဆန့်ကျင်ဘက် အစွန်းတရား (၂)ခုရဲ့ သဘောတရားတွေပါဝင်နေတာတွေ့ရပါတယ်။
ကောင်းခြင်း /ဆိုးခြင်း ဆိုတဲ့ ပုံသေအဓိပ္ပါယ်သတ်မှတ်ချက်မရှိပါဘူး။
မေးခွန်းအနေအထား၊ ကားချပ်များဖြန့်ခင်းရာမှ ကျရောက်နေတဲ့ အနေအထား၊ ရှေ့ -
နောက်ကားချပ်တွေနဲ့ ဆက်စပ် - တွေးခေါ်ပြီး ဟောပြောသူရဲ့ ဆုံးဖြတ်ချက်သာ
အဓိကဖြစ်ပါတယ်။
ဥပမာဆိုရရင်၊ အရူး ( The Fool
) ကားချပ်ဆိုပါတော့၊ သူ့မှာ - ရိုးသားခြင်း၊ အပြစ်ကင်းစင်ခြင်း၊
ပွင့်လင်းခြင်း၊ လွတ်လပ်ခြင်း အစရှိတဲ့ ကောင်းတဲ့အဓိပ္ပါယ်များရှိသလို၊
တဖက်မှာလဲ - ထိန်းချုပ်မှုမရှိခြင်း၊ အလိုက်ကန်းဆိုးမသိခြင်း၊ အခြေအနေကို
မသုံးသပ်တက်ခြင်း၊ အစီအစဉ်မရှိ ရည်မှန်းချက်ကင်းမယ့်ခြင်း၊ လေလွင့်ခြင်း၊
ခြေသလုံးအိမ်တိုင်ဖြစ်ခြင်း- အစရှိတဲ့ မကောင်းတဲ့ သဘောတရားတွေက
ရှိနေပြန်တယ်။ ဒါကြောင့် ရှေ့နောက်ကားချပ်တွေနဲ့၊ ကျရောက်တျဲ့နေရာရဲ့
အနေအထားတွေ ပေါင်းစပ်သုံးသပ်လိုက်မှသာ မေးခွန်းအတွက်
မှန်ကန်တဲ့အဖြေထွက်ပေါ်လာပါတယ်၊ ပုံသေသတ်မှတ်ထားချက်မရှိပါဘူး။
ဒီလိုပြောလိုက်တော့ - တိကျတဲ့
အဓိပ္ပါယ်မရှိဘူးဆိုလို့၊ ကိုယ်ထင်ရာ ပြောလို့လဲ မရနိုင်ပြန်ဘူး။
ကားချပ်တစ်ချပ်ချင်းစီရဲ့ အနှစ်သာရ သဘာဝကို ခြုံငုံနားလည် သဘောပေါက်
ခံစားနိုင်ဖို့လိုပါတယ်။ အဲဒီ ဟ အနှစ်သာရ ' ဆိုတဲ့ ဘောင်ခတ်မထားတဲ့ -
ဘောင်အတွင်းကပဲ - အဓိပ္ပါယ်ကောက်ယူနိုင်ပါမယ်။
တနည်းအားဖြင့် ပြောရရင်
အချက်အလက်တွေ၊ စကားလုံးတွေနဲ့ ဘောင်ခတ်မထားပါဘူး၊ အနှစ်သာရ -
သဘာဝအားဖြင့်တော့ ဘောင်ရှိနေပါတယ်။ ဒီအနှစ်သာရတွေဟာ တားရော့ကားချပ်ရဲ့
ရုပ်ပုံလှလှလေး တွေအပေါ်မှာ မရှိပါဘူး၊ အရောင်တွေ - ရုပ်သဏ္ဍန်တွေရဲ့
အောက်မှာ နက်ရှိုင်းစွာ နစ်မြုပ်နေပါတယ်။ သဘောပေါက်မယ်ဆိုရင်တော့ - အပေါ်ယံက
ဖုံးအုပ်ထားတဲ့အရောင်တွေ-ရုပ်ပုံတွေဆိုတဲ့ ပညတ်ချက် တွေကို ဖယ်ခွါလိုက်ရင်
အနှစ်သာရကို မြင်နိုင်ပါတယ်။ ပါးပါးလေးပါ။
နှစ်ပေါင်းထောင်နဲ့ချီပြီး
တည်ရှိလာခဲ့တဲ့ ပညာတစ်ရပ်၊ ကမ္ဘာပေါ်မှာ တိုင်းပြည်အသီးသီးလူမျိုး
အသီးသီးတို့ ယုံကြည်အားကိုးရာဖြစ်တဲ့ ပညာတစ်ရပ်၊ ပညာရှင်တို့အလေးအနက်
လေ့လာကြံစည်ရာဖြစ်တဲ့ ဂမ္ဘီရနွယ်ဝင် - တားရော့ပညာအစဉ်တွေဟာ၊ ရုပ်ပုံတွေကို
မြင်တတ်ရုံ၊ စာအုပ်ထဲမှာ ဖော်ပြထားတဲ့ စာတွေကို အလွတ်ရွတ်ဆိုတတ်ရုံမျှနဲ့၊
( မံသ - မျက်စိမျှလောက်နဲ့ ) ဟောပြောဖို့ရာ မှန်နိုင်ပါ့မလား၊ လို့
စဉ်းစားမိတယ်။
ဂမ္ဘီရတားရော့ ပညာရပ်နယ်ပယ်မှာ
ဆရာကြီးတစ်ဆူဖြစ်တဲ့ A.E. Waite က၊ တားရော့ပညာ လေ့လာလိုက်စားသူများအတွက်
လက်စွဲတားရော့ ရုပ်ပုံသင်္ကေတ အဘိဓါန် ( The Pictorial Key to the Tarot )
စာအုပ်ပြုစုခဲ့ပါတယ်။ အဲ့ဒီစာအုပ်ထဲမှာ '' သူသိသမျှဟာ -
တားရော့ပညာရပ်ကြီးရဲ့ အပိုင်းအစ ကလေးမျှသာရှိပါသေးတယ် '' - လို့
ဝန်ခံဖော်ပြခဲ့ပါတယ်။
သူဟာ တားရော့ရုပ်ပုံတွေထဲက
ရုပ်ပုံသင်္ကေတတွေရဲ့ တစ်ခုချင်းစီကို အဓိပ္ပါယ်ဖော်ထုတ်ခဲ့သလို၊ လေ့လာသူတွေ
ပိုမိုရှင်းလင်းလွယ်ကူစွာ အဓိပ္ပါယ်ပေါ်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့
မူရင်းတားရော့ ကားချပ်တွေထဲက ရုပ်ပုံတွေကို ခေတ်သစ် ပုံစံ - ပန်းချီတွေနဲ့
ပြုပြင် - တီထွင်ခဲ့ပါတယ်။ အဲဒီလောက် တားရော့ပညာရပ်မှာ လေ့လာ -
ကျွမ်းကျင်ခဲ့တဲ့ ဆရာကြီးတယောက်က သူသိတာ - နားလည်ထားတာ တွေဟာ
တားရော့အနှစ်သာရရဲ့ အစိတ်အပိုင်းမျှသာ ရှိသေးတယ်ဆိုတော့၊ မနေ့တနေ့ကမှ
တားရော့စာအုပ် ကလေး ၃/၄အုပ်ဖတ်ပြီး တားရော့ကိုနားလည်ဖို့ ကြိုးစားနေတဲ့
ကျွန်တော်တို့အတွက်တော့ ဆိုဖွယ်ရာမရှိပါပြီ။
တားရော့ပညာရှင်တွေက တားရော့
ပညာရပ်ကို (သို့မဟုတ်) တားရော့ကားချပ်တွေကို Voiceless Language (silence
language) = အသံမယ့်ဘာသာစကားလို့ အမွှန်းတင် အမည်ပေးခဲ့ကြတယ်။ အရမ်းကို
လေးနက်ပြီး ဆီလျော်တဲ့ ဝေါဟာရတစ်ခုပါ။ ကျွန်တော်အတော့်ကို
သဘောကျနှစ်ခြိုက်မိပါတယ်။
Language =
ဘာသာစကားလို့ဆိုကထဲက အသံရှိရမယ်၊ အသံထွက်စရာ စာလုံး/စကားလုံး တွေရှိရမယ်၊
Voiceless ဆိုတော့ အသံမရှိဘူး၊ အသံမထွက်ဘူး၊ အသံမယ့်တယ်။ ဒါပေမယ့်
လူအချင်းချင်း ဆက်သွယ်နိုင်တဲ့ /ကိုယ်ပြောချင်တာကို
တဖက်သူနားလည်စေနိုင်တဲ့ Language ဘာသာစကားလဲဖြစ်ပြန် တယ်ဆိုတော့ -
ဘယ်လိုပြောပြီး ဘယ်လိုနားလည်ရမလဲ၊ အမူအယာနဲ့ သင်္ကေတနဲ့ ပြရ-နားလည်ရမှာပေါ့။
စကားမတူတဲ့ လူမျိုးခြားနှစ်ယောက်တွေ့ကြတဲ့အခါ
မပြောမဖြစ်ပြောကြရတော့မယ်ဆိုရင် ဘယ်လိုပြောဆို ဆက်သွယ်ကြမလဲ၊
ဘန်းစကားအဖြစ် International Language လို့ ပြော-ပြောနေကြတဲ့ လက်ဟန်၊
ခြေဟန်နဲ့ ပြောကြတာပေါ့။ တနည်းအားဖြင့် သင်္ကေတနဲ့ပြောကြတာပေါ့။ ဥပမာ -
ဆေးလိပ်မသောက်ရဆိုရင် စီးကရက် မီးခိုးထွက်နေတဲ့ ပုံအပေါ်မှာ
အနီရောင်ကြက်ခြေခတ်ပြထားတယ်။
ဒါဆို မျက်စိမြင်သူတိုင်း
နားလည်တယ်။ ဒါကြောင့် တားရော့ကို Voiceless Language
လို့အမည်ပေးခဲ့ကြသလို၊ Symbolism = သင်္ကေတဝါဒ လို့လဲခေါ်ကြတာပေါ့။
တားရော့ကားချပ်တစ်ခုချင်းမှာ
ပါဝင်နေတဲ့ အရောင်၊ ပစ္စည်း၊ လူ၊ ရေ၊ မြေ၊ တော၊ တောင်၊ သစ်ပင်၊ ငှက်၊
တိရိစ္ဆာန်၊ နေ၊ လ၊ ကြယ် တွေရဲ့ အနေအထား၊ ပုံသဏ္ဍန်၊
အဓိပ္ပါယ်တွေကိုလဲသိဖို့လိုပါတယ်။ ဒီအဓိပ္ပါယ်တွေပေါင်းစပ်လိုက်တော့မှ
ဒီကားချပ်ရဲ့ အနှစ်သာရ - သဘာဝကို နားလည်ယူရမှာပါ။
ဒါ့ကြောင့် တားရော့ကို နှလုံးသားနဲ့ လိုက်စားကြဖို့တိုက်တွန်းခဲ့ကြတာ ဖြစ်ပါတယ်။
တားရော့ကို စီးပွားရှာဖို့ ရည်ရွယ်ချက်နဲ့ မလိုက်စားပါနဲ့။ တားရော့ကို ခိုင်းမစားပါနဲ့ - ဒဏ်ခတ်မှု တုန့်ပြန်လာပါလိမ့်မယ်။
မိမိရဲ့ ဝမ်းအတွင်းမှာ
ကိုးလလွယ်သယ်ပိုးခဲ့ပြီး၊ ဆယ်လချိန်စေ့မှ၊ မီးရှူးသန့်စင်ဖွားမြင်ခဲ့တဲ့
ကလေးငယ်ကို၊ နေ့နေ့ - ညည ရင်မှာပွေ့လို့ နို့ချိုတိုက်ကျွေး မျက်မှေးမခတ်
ကြတ်မတ်ကြည့်ရှု့စောင့်ရှောက် လာခဲ့တဲ့ မိခင်တစ်ဦးဟာ
မိမိရဲ့ကလေးမျက်နှာတစ်ချက်ကြည့်ရုံမျှနဲ့ / အသံလေးတစ်ချက်ကြားရုံမျှနဲ့
အချိန်ကာလနဲ့ချိန်ဆပြီး၊ နို့ဆာလို့ အသံပေးတာလား၊/ ရှူးရှူးစိုနေလို့လား၊
/ အပွေ့အချီခံချင်လို့လား၊ / အိပ်ချင်နေလို့လား၊ -ဆိုတာတွေကို မလွဲတန်း -
တတ်အပ်သိနိုင်ဘိသကဲ့သို့ - တားရော့ကားချပ် လေးတွေကိုချစ်ပါ၊ ယုယပါ၊
ထွေးပွေ့ပါ၊ သူ့အရိပ်အကဲကိုမေတ္တာစိတ်ဖြင့် အမြဲအကဲခတ်ပေးပါ။
တားရော့ကားချပ်လေးတွေပြောပြတဲ့ Voiceless Language = အသံမယ့်ဘာသာစကားကို
သင့်နှလုံးသားက လွယ်ကူရှင်းလင်းစွာနားလည်သဘောပေါက်လာပါလိမ့်မယ်။
နောက်တစ်ခုက '' တားရော့သည်
သင့်ဘဝအတွက်လမ်းညွှန်မြေပုံဖြစ်သည်။'' ''မြင့်မြတ်သော လမ်းစဉ်ဖြစ်သည်''
စသည်ဖြင့် တားရော့ပညာရဲ့ လေးနက်မှု၊ တန်ဖိုးရှိမှုတွေကို
ရှေးပညာရှင်အသီးသီးက ဖွင့်ဆိုခဲ့ကြပါတယ်။ အဲဒီလိုလေးနက်တဲ့ ပညာရပ်တစ်ခုရဲ့
အနှစ်သာရကို ခံစားနိုင်အောင် ကြိုးပမ်းအသုံးပြု သင့်ပါတယ်။
ရတနာပေါင်းစုံစီချယ်ထားတဲ့
နန်းစဉ်သုံးတော်ဝင်သံလျက်တော်ကို ထက်လှချည်ရဲ့ဆိုပြီး ကြက်သွန်
လှီး/ငါးခုတ်အသုံးပြုတတ်ရုံနဲ့ ကျေနပ်မနေသင့်ပါဘူး။ မတန်မရာတွေမှာလဲ
အသုံးမပြုသင့်ပါဘူး။ ပြည်တန် ပတ္တမြား ငမောက်ကို - ခုံလောက်အဖြစ်နဲ့
သုံးသလို ဖြစ်နေမှာပေါ့။ (ခုံလောက် = ထမင်းအိုးတင်ချက်ရာတွင် သုံးသည့်
ကျောက်တုံး)
အရိုးကို အရွက်မဖုံးစေနှင့် (တားရော့ပုံပြင် - 3)ဆက်ရန် . . .
စေတနာရိုးသားစွာဖြင့်
ဆရာစိုး - ရွှေအရုဏ်ဦး
No comments:
Post a Comment