ဂြိုဟ်လေးတွေ ဘယ်လိုသွား
ဂြိုဟ်တွေ ဒီနေ့ဘယ်မှာနေ . .
Wednesday, March 7, 2012
ရာသီနှင့်ဂြိုဟ်တို့၏ဂုဏ်
ဝေဒပညာရှင်းတမ်း
ရာသီနှင့်ဂြိုဟ်တို့၏ဂုဏ်
ရာသီ၏ဂုဏ်
          မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့၏ အခြေခံဝေဒ ပညာသိမှတ်စရာများ စာအုပ်တွင် ရာသီပရိယာယ်များကို ဖော်ပြရာ ''ဂုဏ်'' ဟူ၍ အောက်ပါအတိုင်း ဖော်ပြထားပါ သည်။
          တမဂုဏ် = ရန်ဖြစ်ခြင်း၊ မိုက်မဲတွေဝေခြင်း၊ ပျင်းရိ ခြင်း၊ ကောက်ကျစ်စဉ်းလဲခြင်း၊ အအိပ်ကြီးခြင်း။
          ရဇဂုဏ် = အရသာကို ထက်မြက်စွာခံစားတတ်ခြင်း၊ ကူးသန်းရောင်းဝယ်ရေးတွင် တော်ခြင်း၊ သိပ္ပံ ၀ိဇ္ဇာအတတ် တို့၌ တော်ခြင်း၊ အမျိုးသမီးများကို စိတ်ဝင်စားခြင်း၊ ဇိမ်ခံ တတ်ခြင်း။
          သတွဂုဏ် = သစ္စာရှိခြင်း၊ လှူဒါန်းခြင်း၊ ပေးကမ်းစွန့် ကြဲခြင်း၊ ဖြောင့်မတ်ခြင်း၊ ကြင်နာသနားခြင်း။
          (မိုက်မဲတွေဝေ၊ ရန်ဖြစ်နေ၊ အိပ်နေကြီးခြင်း၊ ကောက် ကျစ်စဉ်းလဲ၊ ပျင်းရိခြင်း၊ စွဲမှတ်တမဂုဏ်။
          အမျိုးသမီးများ စိတ်ဝင်စား၊ ခံစားရသာ၊ ထက်မြက် စွာ၊ ၀ိဇ္ဇာသိပ္ပံ၊ တတ်မြောက်ပြန်၊ ဇိမ်ခံနေတတ်၊ စွဲမှတ်ရဇ ဂုဏ်။
          သစ္စာ၊ လှူဒါန်း၊ ပေးကမ်း၊ စွန့်ကြဲ၊ ဖြောင့်မြဲမှန်စွာ၊ သနားကြင်နာ၊ မှတ်ပါသတွဂုဏ်။)
          ဒေါက်တာဗိုလ်လေး မြန်မာပြန်သော ပရာသရဟော ရာသျှတ္တရ ကျမ်းတွင် ...
          မိဿရာသီ ...ရဇဂုဏော (ကာမဂုဏ်)လွှမ်းမိုး၏။
          ကရကဋ်ရာသီ ...စိတ်နေစိတ်ထား သတွဂုဏ်ရှိ၏။ (စင်ကြယ်၏)
          သိဟ်ရာသီ...သတွဂုဏ်ရှိ၏။
          ကန်ရာသီ...တမဂုဏ်ရှိ၏။
          တူရာသီ...ရဇဂုဏ်လွှမ်းမိုး၏။
          ဓနုရာသီ...သတွဂုဏ်ရှိ၏။
          မကာရရာသီ...တမဂုဏ်ရှိ၏။
          ကုံရာသီ...တမဂုဏ်ရှိ၏။
          မိန်ရာသီ...သတွဂုဏ်ရှိ၏ ဟုဖော်ပြထားသည်။
ဂြိုဟ်တို့၏ဂုဏ်
          ဆရာဦးမြင့်လွင်၏ ''အခြေခံဖလိတ''စာပေးစာယူသင် တန်းမူတွင် ''ဂြိုဟ်တို့၏ ပင်ကိုသဘာဝ''
          ပင်ကိုသဘာဝ = ဂုဏ်
          ဂုဏ်သုံးမျိုးရှိသည်။ ၎င်းတို့မှာ သတွဂုဏ်၊ ရဇဂုဏ်၊ တမဂုဏ်တို့ဖြစ်သည်။ 
          ပရာသရဘောရာသျှတ္တရ ကျမ်းတွင်လည်း တနင်္ဂနွေ ဂြိုဟ်၊ တနင်္လာဂြိုဟ်နှင့် ကြာသပတေးဂြိုဟ်တို့သည် သတွ ဂုဏ်ရှိသောဂြိုဟ်များ။
          သောကြာဂြိုဟ်နှင့် ဗုဒ္ဓဟူးဂြိုဟ်တို့သည် ရဇဂုဏ်ရှိ သောဂြိုဟ်များ။
          အင်္ဂါဂြိုဟ်နှင့် စနေဂြိုဟ်တို့သည် တမဂုဏ်ရှိသော ဂြိုဟ်များ ဟုဖော်ပြထားပါသည်။ ကျမ်းတိုင်းတွင် ဂြိုဟ်တို့၏ ဂုဏ်များကို တညီတညွတ်တည်း ဖော်ပြပုံတူကြသည်။
          ရာသီ၏ဂုဏ်များတွင် ရာသီသခင်အလိုက် ပရာသရ ဆရာကဖော်ပြသည်ဟု ယူဆရသော်လည်း ကန်ရာသီသည် ဗုဒ္ဓဟူးပိုင်ရာသီဖြစ်သည့် တမဂုဏ်ဟု ဖော်ပြထားသည်။ ဗုဒ္ဓဟူးသည် ရဇဂုဏ်သဘာဝရှိနေသည်။ ထိုနည်းတူ မိဿ ရာသီသခင်သည်အင်္ဂါဖြစ်သည်။ အင်္ဂါသည်တမဂုဏ်သဘာဝ  ရှိသော်လည်း ပရာသရစာရာသည် မိဿကို ရဇဂုဏ်ဟုဖော် ပြထားသည်။ ကရကဋ်ရာသီ သခင် ၂လာ၊ သိဟ်ရာသီသခင် ၁နွေတို့ဖြစ်ရာ ကရကဋ်နှင့် သိဟ်ကို သတွဂုဏ်ဟုဖော်ပြထား သည်မှာ ဂြိုဟ်၏ဂုဏ်နှင့်တူညီနေပြန်သည်။ တူရာသီသခင် သောကြာသည် ရဇဂုဏ်၊ ဓနုနှင့် မိန်ရာသီသခင်သည် ၅တေး = သတွဂုဏ်၊ မကာရနှင့် ကုံရာသီသခင် စနေသည် တမဂုဏ် စသည်ဖြင့် ရာသီနှင့်ဂြိုဟ်တို့ သဘာဝတူညီနေကြသည်။
ဂုဏ် သုံးပါး
          ဆရာတော် ဦးပညန္ဒူ၏ သက္ကတသင်ရိုးတွင် ဂုဏ်သုံး ပါးကို (အတ္တမာ)ဟုဖော်ပြ၍ ...
          သတွဂုဏ် = လောဘ
          ရဇဂုဏ် = ဒေါသ
          တမဂုဏ် = မောဟ ဟုသင်ကြားသည်။
          မန်လည်ဆရာတော်ဘုရားကြီးက ...
          လောဘ = လူတို့လောဘ၊ ကြီးကာလ၌၊ ဒုဗ္ဘိက္ခန္တရကပ် ဘေး၊ ငတ်မွတ်ရေးကြောင့်၊ ရိုးဖွေးတောင်မျှ၊ ပျက်စီးကြ၏။
          ဒေါသ = ဒေါသတရား၊ ပွားလတ်သောအခါ၊ ဓားမိုး ရွာသို့၊ သတ္တ၀ါလူပုံ၊ ပြောဟုန်အမျက်၊ စစ်မက်ပြိုင်ခင်း၊ လက် နက်ကျင်း၍၊ ချင်းချင်းသတ်ကြ၊ သွေးချောင်းကျ၏။
          မောဟ = မောဟလွန်ငြား၊ ဘီလူးစားသို့၊ ထူးခြား ရောဂါ၊ ဝေဒနာဖြင့်၊ များစွာကပ်ရောက်၊ သေပျောက်လူရှင်၊ ထူပြောဖျင်၏။
တန်ခိုးရှင်၏ဂုဏ်သုံးပါး
          ပရာသရဟောရာသျှတ္တရကျမ်းတွင် ...
(၁)     သတွဂုဏ်နှင့် ပြည့်စုံတော်မူသော သီရိသတ္တိ (မယ် တော်လက်ချမီး)
(၂)     ရဇဂုဏ်နှင့် ပြည့်စုံတော်မူသော ဘူသတ္တိ (မြေနတ် သမီး)
(၃)     တမဂုဏ်နှင့် ပြည့်စုံတော်မူသော နီလသတ္တိ
          သီရိသတ္တိနှင့်အတူ ဗိဿနိုးနတ်ဘုရားသည် သုံး လောကကို အုပ်စိုး၏။ ဘူသတ္တိနှင့်အတူ သူသည် စကြ၀ဠာ ကြီးကိုဖြစ်စေသော ဗြဟ္မာမင်းဖြစ်၏။ နီလသတ္တိနှင့်အတူ သူသည် စကြ၀ဠာကြီးကိုပျက်စေသော သီဝဖြစ်၏။
          သတွဂုဏ် = နတ်နှင့်ဆိုင်သော အဆင့်အတန်း (စင်ကြယ်သောဂုဏ်)
          ရဇဂုဏ် = အာရုံပိုင်းဆိုင်ရာအင်္ဂါ (ကာမဂုဏ်)
          တမဂုဏ် = ဇာတ်ကြီးငါးပါး (လေဓာတ်၊ မြေဓာတ်၊ ရေဓာတ်၊ မီးဓာတ်၊ အာကာသဓာတ်)
          မှောင်မည်းသောဂုဏ်ဟု ဖော်ပြထားသည်။
          ဇာတကတတွကျမ်း ဦးသိန်းဖေ၏ မြန်မာပြန်တွင်..
          ၂လာ၊ ၁နွေ၊ ၅တေးဂြိုဟ်တို့သည် သတွဂုဏ် (သန့် ရှင်းခြင်း၊ ကောင်းခြင်း)
          ကျန်ဂြိုဟ်တို့သည် တမဂုဏ် (အမှောင်အမိုက်)ကို အစိုးရ၏။
          တနင်္ဂနွေဂြိုဟ်စီးသော တြင်းသခင်ဂြိုဟ်သည် ဇာတာ ရှင်၏ဂုဏ် (သတွ၊ ရဇ၊ တမ) ကိုညွှန်ပြ၏ဟု ဖော်ပြထားပါ သည်။
ဥပနိသျှကျမ်းများမှဂုဏ် သုံးပါး
          မောင်အံ့ (မဟာဝိဇ္ဇာ-ဘုံဘေ)၏ ဥပနိသျှကျမ်းများ တွင် ပကတိတရား၌ တမဂုဏ်နှင့် ရဇဂုဏ်ရှိ၏။
          တမဂုဏ်ကြောင့် တွေဝေမိုက်မဲခြင်း၊ ကြောက်ခြင်း၊ အိပ်ငိုက်ခြင်း၊ သတိကင်းမဲ့ခြင်း၊ အိုခြင်း၊ နာခြင်း၊ ဆာလောင် မွတ်သိပ်ခြင်း၊ ဒေါသ၊ မောဟ၊ မစ္ဆေရ၊ ရက်စက်ခြင်း၊ မာန၊ အရှက်မဲ့ခြင်း၊ ဘုရားတရား မယုံကြည်မှုများဖြစ်ရ၏။
          ရဇဂုဏ်ကြောင့် ချစ်ခြင်း၊ တပ်မက်ခြင်း၊ မနာလိုခြင်း၊  မုန်းတီးခြင်း၊ အဂတိလိုက်ခြင်း၊ ပတ်ဝန်းကျင်ကို တွယ်တာမှု များဖြစ်ရ၏။
          တမဂုဏ်မှ ရုဒြ (သျှီဝ) ဖြစ်၏။
          ရဇဂုဏ်မှ ဗြဟ္မာဖြစ်၏။
          သတွဂုဏ်မှ ဗိဿနိုး (ဗိရှဏု)ဖြစ်၏ဟုဖော်ပြထားပါ သည်။
No comments:
Post a Comment