ဂြိုဟ်လေးတွေ ဘယ်လိုသွား

ဂြိုဟ်တွေ ဒီနေ့ဘယ်မှာနေ . .

Thursday, March 1, 2012

တားရော့ ပုံပြင် (၅)

  တားရော့ ပုံပြင် (၅)
အကြောင်း - အကျိုး နဲ့ အကောင်း - အဆိုး
          အရေးကြီးတဲ့ နောက်တစ်ချက်က၊ ဗေဒင်မေးခြင်း/ဟောခြင်းရဲ့ ရည်ရွယ်ချက်ကဘာလဲ၊။ ကာယကံရှင်ရဲ့ လက်ရှိအခြေအနေ (တနည်းပြောရရင် ကုသိုလ်ကံပေါ့)၊ ကောင်းသလား၊ / ဆိုးသလား၊။ ဘာတွေ မကောင်းလို့ ဘာတွေရှောင်ရမလဲ၊ ဘာတွေကောင်းသလဲ၊ ကောင်းအောင်ဘာတွေလုပ်ရမလဲ၊ ---------၊ ဒါတွေဟာ ဗေဒင်မေးခြင်း/ဟောခြင်းရဲ့ ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။ အဲဒီလို ဗေဒင်မေးသူရဲ့ အကျိုး-ကောင်းကျိုးကို ဖြစ်ပေါ်စေမယ့် အကြောင်းတွေကို ထုတ်ဖော်ရှာဖွေဟောရမှာ ဖြစ်ပါတယ်။
          ဥပမာ - စနေနံက မကောင်းတဲ့နေရာမှာ တွေ့ရပြီဆိုပါတော့၊ '' ခင်ဗျားအိမ်မှာ ထီးစုတ်၊ ဘိနပ်စုတ်တွေရှိနေတယ်၊ အဲဒါတွေကို အမြန်စွန့်လိုက်ပါ။'' လို့ပြောတာထက် '' ခင်ဗျားမှာ ဂုဏ်သိက္ခာကျစရာ၊ အမှုပြဿနာ ဖြစ်စရာ ကိန်းကြုံနေတယ်၊ ဒါကြောင့် အစစအရာရာမှာ သည်းခံပါ၊ ကိုယ်တိုင်လဲမမှားစေနဲ့၊ သူများမှားရင်လဲ သည်းခံပါ။ ပြဿနာမဖြစ်ပါစေနဲ့။ ကိုယ်မှားမှား မှန်မှန်၊ သည်းမခံနိုင်လို့ ပြဿနာဖြစ်ပြီ ဆိုတာနဲ့ သိက္ခာကျစရာ၊ နာမည်ပျက်စရာ၊ နစ်နာဆုံးရှုံးမှုတွေနဲ့ ကြုံရလိမ့်မယ်။ စနေသားသမီး၊ စနေနံပစ္စည်း၊ လက်အောက်ငယ်သားတွေနဲ့ ပတ်သတ်ပြီးတော့ ဂရုစိုက်ပါ ''လို့ ပြောလိုက်တာက သူ့အတွက် ပိုပြီးအကျိုး မရှိဘူးလား၊
          လာမေးသူအတွက် အကျိုးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဟောပြောသူကို အထင်ကြီး/အံ့သြစေ နိုင်လောက်တဲ့ သမားဂုဏ်ပြဟောကွက်တွေအနေနဲ့ပဲ ဟောဆိုနေကြမယ်ဆိုရင်/အဲဒီမှာပဲ သာယာ၊ ကျေနပ်နေကြမယ်ဆိုရင် ----- ၊။ ပညာရဲ့ အနှစ်သာရတွေနဲ့ ဝေးကွာ - ကင်းကွာ သွားနိုင်ပါတယ်။
          ဥပမာ - တားရော့မှာ နံပါတ် (၄)ကတ်၊ ဘုရင်ကတ်၊ Emperor ကတ်ပေါ်ထွက်လာပြီဆိုပါတော့ (ခြေတစ်ဘက်မှာ ပတ်တီးစည်းထားသလို၊ ပုံပါတဲ့တားရော့ကားချပ် မျိုး - ဆိုပါတော့) '' ခင်ဗျားရဲ့အဖေ ခြေတစ်ဘက်မကောင်းဘူး'' '' မှန်လိုက်လေ ဆရာရယ်၊ ချော်လဲပြီးဒူးနာနေလို့ ဒုတ်ကောက်နဲ့ လျှောက်နေရ တယ်။ ဆရာက ကျွန်တော်တို့အိမ်ကို လိုက်ကြည့်နေသလိုပဲ '' ----။ အဲဒီဟောပြောချက်မှာ ဘယ်သူ့ကို အကျိုးပြုစေတဲ့အရာ ပါသလဲ၊ မြင်နိုင်ပါတယ်။
          အဲဒီလိုပြောမယ့်စကား ဘုရင်ကားချပ်ရဲ့ နိမိတ်ပုံအနှစ်သာရအတိုင်း '' ခင်ဗျားရဲ့အဖေက စိတ်ကြီးတယ်၊ တစ်ယူသန်တယ်၊ ဘေးလူပြောတာကိုလက်မခံချင်ဘူး၊ အဖေနဲ့ သားသမီးဖြစ်တဲ့အတွက်သည်းခံပါ။ မိဘကို မပြစ်မှားမိစေနဲ့၊ စိတ်ရှည်ရှည်ထားပြီး အခုကိစ္စကို ဖြေးဖြေးချင်းပြောပါ။ သူစိတ်လက်ကြည်သာနေချိန်မှာ ပြောရင် လက်ခံပါလိမ့်မယ်၊ ပြော့ပြော့ပျောင်းပျောင်းပြောပါ။ အဖေနဲ့ ထိပ်တိုက် မဝင်ပါနဲ့ '' -ဆိုတာလောက် ဟောပြောမယ်ဆိုရင်၊ သူရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ အံဝင်ဂွင်ကျ ကိုက်ညီပါလိမ့်မယ်။ ဗေဒင်မေးသူမှာ အကုသိုလ်လဲ ကင်းသွားမယ်၊ ဆန္ဒလဲပြည့်ဝသွားမယ် မဟုတ်ပါလား၊
          နောက်တစ်ချက်က တားရော့ကတ်နဲ့ ဟောကြားတဲ့နေရာမှာ၊ မေးခွန်းကဘာလဲ၊ ထွက်ပေါ်လာတဲ့ ကတ်ရဲ့အဓိပ္ပါယ်ကဘာလဲ၊ ထွက်ပေါ်လာတဲ့ ကတ်ရဲ့အဓိပ္ပါယ်ကဘာလဲ၊၊ ဖြန့်ခင်းတဲ့အခါ ဘယ်နေရာကို ရောက်နေသလဲ၊ (အကူအညီပေးနိုင်တဲ့သူ/နှလုံးသားခံစားချက်/ဘာလုပ်သင့်သလဲ၊ စသည်ဖြင့်)၊ အဖြေထုတ်မယ့် ကတ်ရဲ့ ရှေ့ကတ်/နောက်ကတ်တွေက ဘာတွေလဲ၊ --- အစရှိတဲ့ အချက်အလက်တွေနဲ့ ဆက်စပ်ပြီး သဘာဝကျတဲ့ အဖြေကို ကောက်ယူနိုင်ဖို့လဲလိုပါတယ်။
          လာမေးသူက လူကြီး/လူလတ်/လူငယ်လား၊ ။ ကျားလား၊ / မလား၊ ။ ဝန်ထမ်းလား၊ / စီးပွားရေးသမားလား၊ / ကျောင်းသူကျောင်းသားလား၊ / မှီခိုလား၊ ။ လူလွတ်လား၊ / အိမ်ထောင်ရှိသလား၊
          အထက်မှာပြောခဲ့တဲ့၊ တားရော့နဲပဟောပြောနိုင်ဖို့အတွက် လိုအပ်ချက်တွေကို စုစည်းလိုက်ရင် -
          (၁)     တားရော့ကားချပ်ရဲ့ နိမိတ်ပုံအဓိပ္ပါယ်၊
          (၂)     တားရော့ကားချပ်များ ဖြန့်ခင်းထားစဉ် (Spread)၊ ကျရောက်ရာ နေရာ၏ အဓိပ္ပါယ်၊
          (၃)     မေးခွန်း ၊
          (၄)     မေးသူ ၊
          ဒီအချက်တွေကို သဘာဝကျကျ ပေါင်းစပ်တွေးယူလိုက်တော့မှ၊ တိကျတဲ့အဖြေ/အနီးစပ်ဆုံး အဖြေတစ်ခု ထွက်ပေါ်လာပါတယ်။
ဖြူစင်သောနှလုံးသားဖြင့် တံခါးခေါက်ပါ
          လျှို့ဝှက်နက်နဲတဲ့ တားရော့၊ ပုံပြင်ဒဏ္ဍာရီတွေထဲမှာ စီးမျောနေတဲ့တားရော့၊ မာယာများတဲ့တားရော့၊ ခြုံပုဝါးပါးရဲ့ နောက်ကွယ်မှာ အလှတရားတွေ ဖုံးကွယ်ထားတဲ့ တားရော့။ အဲဒီလို ကဗျာဆန်ဆန်အလှ အပတွေနဲ့ ဂမ္ဘီရအသွင်သဏ္ဍာန် လျှို့ဝှက်မှုတွေပေါတဲ့ တားရော့ မှော်ရုံတောကို၊ ဆင်ကန်းတောတိုး ဝင်ရောက် မိခဲ့တဲ့ ကျွန်တော့်အတွေ့အကြုံတွေကိုအရှိအတိုင်း တင်ပြခဲ့ပါပြီ။
          တားရော့ပညာရပ်မှာ သေစာ၊ ရှင်စာတော့ဖတ်တတ်ပြီပေါ့။ ဆက်ပြီး သင်ယူ လေ့လာစရာတွေ အများကြီးရှိနေပါသေးတယ်။ လေ့ကျင့်စရာတွေလဲ အများကြီးရှိနေပါသေးတယ်။       
          တားရော့ကို စိတ်ဝင်စားသူတွေ အများကြီးရှိနေတယ်၊ ဝါသနာပါလို့ လေ့လာလိုက်စားလိုသူတွေ အများကြီးရှိနေတယ်။ အဲဒီ့ ကျွန်တော်နဲ့ဘဝတူ-ဝါသနာတူ နောင်တော်-ညီတော်တို့အတွက်၊ ကျွန်တော်ရဲ့ တားရော့အတွေ့အကြုံကို မျှဝေခံစားခြင်းပါဘဲ။ အခြေအနေပေးရင် အသေးးစိတ်ဆက်လက်တင်ပြသွားပါမယ်။
          ကျွန်တော် နားလည်သလိုပြောပါရစေ။ တားရော့ပညာရပ်ဟာ လွယ်သလား၊ လွယ်ပါတယ်။ ခက်သလား၊ ခက်ပါတယ်။
          တွက်ချက်စရာ/ကျက်မှတ်စရာတွေ မပါတဲ့အတွက်၊ လွယ်ပါတယ်၊ မည်သူမဆို အလွယ်တကူ လေ့လာသင်ယူနိုင်ပါတယ်။ အတိအကျ ဘောင်ခတ်သတ်မှတ်ထားတဲ့ ဝေါဟာရပညတ်ချက်တွေမရှိပဲ၊ ရုပ်ပုံ - အသွင်သဏ္ဍာန် - အရောင် အစရှိတဲ့ သင်္ကေတတွေရဲ့ သဘာဝဇစ်မြစ်ကိုမြင်အောင်၊ တွေးမြင်ခံစားနားလည် ရတာဖြစ်လို့ ခက်ပါတယ်။ ဒါကြောင့် ဆရာကောင်းလိုပါတယ်၊ လေ့လာသင်ယူနည်းလမ်းမှန်ကို ညွှန်ပြပေးမယ့် လမ်းညွှန်လိုပါတယ်။ မသိတာ/မရှင်းတာတွေ့ရင် ဆွေးနွေးဖြေရှင်းပေးနိုင်တဲ့၊ ပြည့်ဝသူမိတ်ဆွေ ကောင်းလိုပါတယ်။
          နိုင်ငံခြားကလာတဲ့ ရုပ်ပုံလှလှနဲ့ တားရော့ကားချပ်တွေကို ပိုင်ဆိုင်ထားရုံနဲ့ ပညာမရပါဘူး၊ အင်္ဂလိပ် စာအုပ်ကြီးတွေကို ဘာသာပြန်/အလွတ်ကျက်ရုံမျှနဲ့လဲ ပညာမရပါဘူး၊ ဆရာက အတတ်သင်ပေးလို့ရတဲ့ ပညာမျိုးလဲမဟုတ်ပါဘူး။
          ဦးဏှောက်နဲ့ နှလုံးသားပေါင်းပြီး တွေးမြင်ခံစားရတဲ့ ပညာမျိုးသာဖြစ်ပါတယ်။
          '' -တားရော့ ကားချပ်တွေက ဘာတွေမှန်းမသိပါဘူး၊ သူ့ကားချပ်နဲ့ သူ့ဟောချက်တွေက မှန်လဲ မမှန်ဘူး၊ ဒါကြောင့်တားရော့ အထုပ်ရော၊ စာအုပ်တွေပါ သူများကိုပေးလိုက်ပြီ-ဆိုတဲ့ မိတ်ဆွေများအတွက်။ ထွက်သမျှ (မြန်မာပြည်က) တားရော့ကားချပ်တွေ၊ စာအုပ်တွေဝယ်ဖတ်၊ သင်တန်းတွေ တက်ထားပြီး၊ ယောင်ချာချာ ဖြစ်နေတဲ့ - ကျွန်တော်နဲ့ဘဝတူ ညီငယ်-ညီမငယ်များအတွက် --- '' ရည်ရွယ်ချက်နဲ့ ဒီစာစုကိုရေးသားခြင်း ဖြစ်ပါတယ်၊ ကျွန်တော်လျှောက်ခဲ့တဲလမ်းကြောင်းကို သင်္ခန်းစာ (သို့) Hnits အနေနဲ့သာ ဖော်ပြခြင်းဖြစ်ပါတယ်။
          တားရော့ကို အမှန်တကယ်သဘောပေါက်ထားပြီး၊ ကျွမ်းကျင်ပြီးဖြစ်သော ဆရာကြီးများ၊ ပညာရှင်ကြီး များကို မရည်ရွယ်ပါ။
          ဒီပညာရပ်ဟာ ဘယ်တိုင်းပြည်၊ ဘယ်လူမျိုးက၊ ဘယ်အချိန်က စတင်ခဲ့တယ်ဆိုတာကို ဇစ်မြစ် ဖော်ထုတ်လို့မရအောင်၊ ရှေးကျလွန်းလှသလို၊ ယနေ့ နိုင်ငံအသီးသီးမှာ လူမျိုးအသီးသီးက ဘာသာအသီးသီးက လက်ခံ/လေ့လာ/ယုံကြည် အသုံးပြုနေကြတဲ့ ကမ္ဘာ့လူသား အားလုံးပိုင်တဲ့ ပညာတစ်ရပ်အဖြစ် ကျယ်ပြန့် နေပါပြီ။
          ကျွန်တော့်ဆန္ဒတင်ပြရရင်၊ တားရော့ဝါသနာရှင်များရဲ့ အသင်းအဖွဲ့တစ်ခုဖြစ်စေချင်ပါတယ်။ နားလည်တတ်ကျွမ်းပြီးသော ပညာရှင်များက ဦးဆောင်ကြပါ၊ ပညာပေးကြပါ၊ ဝါသနာရှင်များ စုစည်းကြပါ၊ ဆွေးနွေးညှိနှိုင်းဖလှယ်ကြပါ။ တစ်ယောက်ကိုင်တစ်လက်ကိုင် ဖွက်မထားကြပါနဲ့။
          မြန်မာပြည်အရပ်ရပ်၊ အလွှာအသီးသီးမှ တားရော့ဝါသနာရှင်များအတွက်၊ တားရော့ရဲ့ စစ်မှန်တဲ့ ပညာရောင်ခြည်တွေ ဖြန့်ဝေ-တောက်ပစေချင်ပါတယ်။ အများပြည်သူတစ်ရပ်လုံးလဲ တားရော့ရဲ့ စစ်မှန်တဲ့ အကြံပေးလမ်းညွှန်မှုတွေကို ရယူပြီး၊ ဘဝအမောတွေ ပြေစေချင်ပါတယ်။
          ကာလာမသုတ်မှာ ဘုရားဟောခဲ့တာရှိပါတယ်၊ မိဘပြောတဲ့စကားပဲဆိုပြီး အရမ်းမယုံပါနဲ့၊ ဆရာသမား ပြောတဲ့စကားပဲဆိုပြီးတော့လဲ အရမ်းမယုံလိုက်ပါနဲ့၊ မိရိုးဖလာ ဆင်းသက်လာတာပဲဆိုပြီးတော့လဲ အရမ်း မယုံကြည်လိုက်ပါနဲ့၊ နောက်ဆုံး ငါ-ဘုရားပြောတာတောင်မှ အရမ်းမယုံလိုက်ပါနဲ့၊ ကိုယ်တိုင်ဆင်ခြင် စဉ်းစားကြည်၊ လက်တွေ့လုပ်ကြည့်၊ ကိုယ်တိုင်ကောင်းကျိုးခံစားရတော့မှ ယုံပါတဲ့။
          ကျွန်တော်က လိုရင်းပြောတာပါ။ ဘုရားရှင်ဟောခဲ့တာက ရှင်းပါတယ်၊ အစွဲမထားပါနဲ့၊ မျက်မှန်စိမ်း အတပ်မခံပါနဲ့၊ ဘောင်ခတ်မခံမိပါစေနဲ့။
          လွတ်လပ်စွာ လေ့လာ၊ သင်ယူ၊ စဉ်းစား၊ လေ့ကျင့်ကြည့်ပါ။ ကိုယ်တိုင် အမှန်တရားနဲ့ အနှစ်သာရကို ရယူခံစားစေချင်ပါတယ်။
          ''အမှန်တရားရဲ့ အနှစ်သာရ'' ဆိုတာ ဆုပ်ကိုင်ထားလို့ မရပါဘူး၊ လှောင်ပိတ်ထားလို့လဲ မရနိုင်ပါဘူး၊ ဘောင်ခတ်ထားလို့လဲ မဖြစ်နိုင်ပါဘူး၊ ထို့အတူ လုပ်ယူလို့လဲမရနိုင်သလို၊ ဖျက်ဆီးဖျောက်ဖျက် ပစ်လို့လဲ မရနိုင်ပါဘူး။
          ဒါ့ကြောင့် ရိုးသားပါ၊ နာမည်ကြီးလိုမှု၊ အသုံးချလိုမှုဆိုတဲ့ လောဘစိတ်တွေအရင်းခံပြီးမလုပ်ပါနဲ့၊ ဒီပညာကို ရိုးသားစွာ သိမြင်-တတ်မြောက်လိုစိတ် တစ်ခုတည်းနဲ့သာ လေ့လာသင်ယူသင့်ပါတယ်လို့ အကြံပြု ပါရစေ။
          တားရော့ပညာရှင် Eden Gray ရဲ့ စာပုဒ်ကလေးနဲ့ ဒီစာစုကို နိဂုံးချုပ်ပါရစေ။
          '' But we are living in the new age now, and all turth is open to those who came with ေ humble wish to learm and who will not abuse the cosmic laws ''
         
ကျွန်တော်နားလည်သလို ပြန်ပြောရရင် - '' ယနေ့ (၂၁)ရာစုရဲ့ ခေတ်သစ်မှာ ကျွန်တော်တို့ အသက်ရှင် နေထိုင်ကြတာဖြစ်ပါတယ်။ ယနေ့ခေတ်သစ်မှာ (လျှို့ဝှက်ချက်ဆိုတာ မရှိတော့ပါဘူး) အမှန်တရားဆိုတာ အားလုံးအတွက် တံခါးဖွင့်ထားပါတယ်။
          ဒါပေမယ့် အတ္တတွေ-မာနတွေ ဖယ်ခွါပြီး၊ ရိုးသားကျိုးနွံစွာ သင်ယူလေ့လာလိုသူတွေနဲ့၊ လောကရဲ့ သစ္စာတရားကို စောင့်ထိန်းလိုက်နာသူတွေ အတွက်သာဖြစ်ပါတယ်။
          မျက်မမြင် ပုဏ္ဏားဇာတ်ဝင်ပြီး၊ ကျွန်တော်တော့ ဆင်ကို လက်နဲ့စမ်းသပ်ကိုင်တွယ်နေမိပြီ၊
          သင်ရော . . . . 
တားရော့ကို ကျွန်တော်စတင် မြင်ဘူးကြားဘူးတဲ့နေရာက စပြီး တားရော့ကို ကျွန်တော် ရူးသွပ်ခဲ့ပုံ၊ မလေးမစားရှိခဲ့ပုံ၊ ဗရမ်ဗတာ လေ့လာခဲ့ပုံ၊ ဆရာ့ရဲ့ လမ်းညွှန်မှု ခံယူခဲ့ရပုံ၊ သဘောပေါက် နားလည်ပုံတွေနဲ့ လက်တွေ့မြင်ကွင်းတွေကို အရှိအတိုင်း ခြုံငုံတင်ပြခဲ့ပါတယ်။ ပြောချင်တာတွေ ပြောနေတဲ့အတွက် အစီအစဉ်တကျ ဖြစ်ချင်မှ ဖြစ်မယ်။ အဓိပ္ပာယ်နဲ့ အချက်အလက်တွေ ပြည့်စုံချင်မှ ပြည့်စုံပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့် စေတနာနဲ့ ရည်ရွယ်ချက်ကို သဘောပေါက်လိမ့်မယ် ထင်ပါတယ် . . အစကနေ အခုချိန်ထိ ကျွန်တော်ဘာကို ပြောနေတာမှန်း မသိသေးဘူး ဆိုရင်တော့ ကျွန်တော် တင်ပြပုံ ညံ့လို့ပါ၊
          (အခါအခွင့် သင့်ရင်တော့ တားရော့ရဲ့ Major-၂၂ ကတ်နဲ့ Minor-၅၆ကတ်ကို၊ စာသဘောတရားနဲ့ လက်တွေ့သိမြင်ချက်တွေ ပေါင်းစပ်ပြီး၊ တစ်ကတ်ချင်း အသေးစိတ်ဆက်လက်တင်ပြပါမယ်။)
“မျက်မမြင် ပုဏ္ဏား (၆)ယောက် နှင့် ကျွန်တော်” ပြီးပါပြီ . . .
စေတနာရိုးသားစွာဖြင့်
ဆရာစိုး - ရွှေအာရုဏ်ဦး
(တားရော့ - သုတေသီ)
မိုးကောင်း

No comments:

Post a Comment