ဆရာကျော်မြသန်း၊ ဘိုးတော်ကင်း၊
ဘိုးတော်ကင်း၊ ကန္နားစီးမောင်မောင်လတ်
ဆရာကျော်မြသန်း၊ သမ္မတ
သမ္မတ၊ ဆရာကျော်မြသန်း
. . . . . . . . . . . . . . . . .
ဆရာကျော်မြသန်း . . . . . . ။
တစ်ခုနှင့်တစ်ခု
ခွဲခြားမရသော အမည်နာမများ၊ အသိအာရုံနှင့် သညာသိ ခန္ဓာမှာ အတိုင်းအတာတစ်ရပ်အထိ နေရာယူလွှမ်းမိုးထားခဲ့သော
အမည်နာမများ၊ ထိုအမည်နာမများက မိမိနှင့်အတူ အခြားစာဖတ်ပရိသတ်ထုကြီးကိုပါ လွှမ်းမိုးထားဖူးသည်။
ဘာ့ကြောင့် လွှမ်းမိုးထားနိုင်ခဲ့ပါသလဲ။
ဆရာ့အကြောင်းမပြောခင်
မိမိအကြောင်း နည်းနည်းပြောချင်သည်။ ပြောခွင့်ပြုပါ။ ၁၀ နှစ် ၁၁နှစ် ၀န်းကျင်ကတည်းက
ဘိုးတော်ပေါင်းစုံ၊ ဆရာပေါင်းစုံ၊ ဆရာတော်မျိုးစုံ တွေ့ဖူး၊ ကြုံဖူး၊ ဆုံးဖူး ဖူးသည်။
အံ့သြဖွယ်ရာ ဖြစ်ရပ်များ ကြုံဆုံခဲ့ဖူးသည်။ ယုတ်စွအဆုံး ရသေ့ကြီးကျိကုန်းကဲ့သို့သော
မြေလျှောက် ဂန္ဓရီခရီးသည် ၀ိဇ္ဖာဆိုသူများပင် ကြုံဆုံဖူး၏။ လူကိုယ်တိုင် ကြုံဆုံဖူးသလို
ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)၏ ကတိသစ္စာ အစပြုသော ဂမ္ဘီရစာပေများ ဖတ်ရှုဖြစ်ခဲ့ပြန်သည်။
၁၀ နှစ်ဝန်းကျင်မျှ ဂမ္ဘီရ ဘာသာရပ်ကြီးက လွှမ်းမိုးခဲ့သည်ဟု သုံးသပ်မိသည်။ ထို ၁၀ နှစ်ဝန်းကျင်
အတွင်းထဲမှာပင် ဖတ်ဖြစ်ခဲ့သော စာအုပ်က ဘိုးတော်ကင်း။
ဆရာကျော်မြသန်း၏
အခြားစာအုပ်များကို သိပ်အာရုံမရောက်ခဲ့သော်လည်း ဘိုးတော်ကင်းမှစ၍ စူးစူးစိုက်စိုက်
ဖတ်မိလာခဲ့သည်။ အထူးသဖြင့် ဘိုးတော်ကိစ္စ၊ နတ်ကိစ္စ၊ ဗေဒင်ဆရာကိစ္စများ . . . ။
ဆရာက
ဝတ္ထုတစ်ပုဒ်ကို ဇာတ်လမ်းဇာတ်ကွက်အရ တောက်လျှောက်ရေးဖွဲ့လေ့မရှိ။ ဆရာအသိ၊ ဆရာ့အတွေးအခေါ်ကို
ဆရာကိုယ်တိုင် ၀င်၍ ပြောပြသွားသည်။ ညွှန်ပြသွားသည်။ ဆရာ့ အာဘော်များကို ဇာတ်ဆောင်အား
သိပ်ပြီး ပြောခိုင်းလေ့မရှိ။ ဆရာကပဲ ပြောလေ့ရှိသည်။
ဆရာ့ဝတ္ထုများကို
ဖတ်ရဖန်များသောအခါ ဆရာသည် လောကီကိစ္စများကို စနစ်တကျ သိရှိသူ၊ စာဖတ်ပရိတ်သတ်ကို ဆရာကဲ့သို့
သိရှိစေလိုသူဟု နားလည်မိခဲ့သည်။ “အမှန်သိမှ အသိမှန်မယ်၊ အသိမှန်မှ အမှန်သိမယ်” ဟူသော
စေတနာသည် ပေါ်လွင်လှသည်။
စာနယ်ဇင်းသမားတစ်ယောက်၏
တာဝန်က ဘာများပါလဲ။ ထိုတာဝန်းများထဲမှာ စာဖတ်သူတွေ “အမှန်သိမှ အသိမှန်မယ်၊ အသိမှန်မှ
အမှန်သိမယ်” ဟူသော စေတနာတွေ မလွဲမသွေ ပါဝင်သည်ဟု ထစ်ထစ်ချ ယုံကြည်သည်။
ကိစ္စတစ်ရပ်၊
ဖြစ်ရပ်တစ်ခု
လောကတစ်လွှာ
. . .။
အရာရာအပေါ်မှာ
စာဖတ်သူတွေ အမှန်သိ အသိမှန်ဖို့ ဆောင်ရွက်ပေးနိုင်ခြင်းသည် စာနယ်ဇင်း၏ တာဝန်တစ်ရပ်
ဖြစ်သည်။ ဒါဆို ဆရာကျော်မြသန်း၏ စေတနာနှင့် စာနယ်ဇင်း၏ တာဝန်ဦးတည်ချက် မတူဘူးလား။
အထူးသဖြင့် ထင်ယောင်ထင်မှားဖြစ်စေသည့် ဂမ္ဘီရ၊ လောကီနယ်ပယ်နှင့် စပ်လျဉ်း၍ အမှန်သိရေး
အသိမှန်ရေးအတွက် ဆရာကျော်မြသန်းနှင့် ဆွေးနွေးဖို့ အချိန်ကျပြီဟု ယူဆမိပါသဖြင့် .
. . .
ဆရာ့အနေနဲ့ ဗေဒင်၊ လက္ခဏာ၊ ယတြာ အစရှိတဲ့ ပညာရပ် (ပညာစစ် ပညာမှန်) တွေကို ယုံကြည်မှု
အပြည့်ရှိပါသလား။ လက်ခံမှုရော ရှိပါသလား။ ဘာကြောင့် ယုံကြည်တာလဲ။ ဘာကြောင့် လက်ခံတာလဲ။
ယုံကြည်မှု
အပြည့်အ၀ရှိပါတယ်။ ပညာရပ်အကောင်းကိုလည်း လက်ခံပါတယ်။ မြန်မာ့မျိုးနွယ် အစဉ်အဆက် ဘုရားရှင်
လက်ထက်တော်ကတည်းက ရှိခဲ့သော ပညာရပ်ဖြစ်၍ ယုတ္တိယုတ္တခိုင်လို့ ပညာရပ်ဆိုင်ရာ ကျမ်းရင်းများ
ရှိသောကြောင့် ယုံကြည်လက်ခံတာပါ။ ပညာရှင်နဲ့ ဆရာကိုတော့ ခွဲခြားရမယ်ထင်ပါတယ်။ ယနေ့ခေတ်မှာ
ပညာရှင်ထက် ဆရာများနေတယ်လို့ ဆိုပါရစေလား . . .။
အဲဒီပညာရပ်တွေရဲ့ တန်ဖိုးဟာ ဘယ်လိုအနေထားမျိုးဆိုရင် ပိုပြီး တန်ဖိုးကြီးမားနိုင်ပါသလဲ။
ပညာရပ်အစစ်အမှန်ရဲ့ တန်ဖိုးဟာ ပညာရပ်ပေါ် တည်တည်သလား၊ လူအပေါ်မူတည်သလား။
လောကီပညာရပ်များရဲ့
တန်းဖိုးဟာ ပညာစစ် ပညာမှန်ဘက်သို့ ဇောင်းပေးမှုကို ဦးတည်ချက်ထားရင် ပိုပြီး တန်ဖိုးကြီးမားပါလိမ့်မယ်။
အပေါ်ယံ အဟောအပြောဘက်သို့ ဇောင်းပေးရင် တန်ဖိုးလျော့သွားမယ်လို့ ထင်ပါတယ်။ သိပ္ပံခေတ်အားပြိုင်မှုမှာ
ပညာစစ် ပညာမှန်နှင့်သာ အားပြိုင်မှု ပြုနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ လူထက် ပညာရပ်ပေါ်မှာသာ
တည်ပါတယ်။ ယနေ့ခေတ်မှာ ကြေငြာဟိတ်ဟန်ထည်ဝင့်မှုနဲ့ လူအပေါ်တင်နေတာကို ၀မ်းနည်းဖွယ်ရာ
တွေ့နေရပါတယ်။ အဓိကဟာ ပညာပါ။ သာမညဟာ လူပါ။
“ဘိုးတော်ခေတ်”ဟာ ဆရာ “ဘိုးတော်ကင်း”ရေးတဲ့ ၁၉၇၅-၇၆ နဲ့သည်ဘက်ကာလတွေမှာ ပိုပြီး
ကျယ်ပြန့်လာတယ်လို့ ထင်ပါတယ်။ ဒီအရင်က မကျယ်ပြန့်ဘဲ အဲဒီကာလကျမှ ပိုမိုကျယ်ပြန့်လာတာ
ဘာကြောင့်ပါလဲဆရာ။ ဆရာ့အယူအဆပေါ့။
ဘိုးတော်ခေတ်ဟာ
ကျွန်တော် ဘိုးတော်ကင်းရေးပြီး ကျယ်ပြန့်လာတာပါ။ ကျွန်တော်ရဲ့ စာအုပ်ကြောင့်များလားလို့
ယနေ့အထိ သံသယရှိနေဆဲပါ။ ခုတ်ရာတစ်ခြား၊ ရှရာတစ်ခြားများ ဖြစ်သွားလေသလားလို့။ လူသိများအောင်
သူတို့အကြောင်း ကြေငြာပေးလိုက်သလို ဖြစ်သွားလေသလားလို့။ ဒါပေမယ့် ဘိုးတော်ခေတ်ဟာ ကျဆုံးသည့်ဘက်သို့
ဦးတည်နေပါပြီ။ အတုဟာ ခဏသာခံပါတယ်။
ဘိုးတော်မယ်တော်တွေ ကျယ်ပြန့်လာသလို လောကီဖြစ်ရပ်ဆန်း၊ ထူးခြားတဲ့သစ်ပင်၊ အမြုတေ၊
မိုးကြိုးသွား . . . စတဲ့ အကြောင်းအရာတွေလည်း ကျယ်ပြန့်လာပါတယ်။ ဒါ စာနယ်ဇင်းဆိုတဲ့
Media တွေကြောင့်လား။
ထူးခြား
ဆန်းကျယ်တဲ့ အကြောင်း ဖြစ်ရပ်မျိုးကစုံ လူတွေစိတ်ဝင်တစား လက်ခံလာခြင်းဟာ အကြောင်းဖြစ်ရပ်တွေ
ထူးခြားဆန်းကျယ်သောကြောင့်လို့ မထင်ဘူး။ မထူးခြား မဆန်းကျယ်တာတွေကို လူတွေစိတ်ဝင်စားလာခြင်းဟာ
စာနယ်ဇင်း Media များကြောင့်လို့ ထင်ပါတယ်။
အဲဒီ လောကီဖြစ်ရပ်ဆန်း၊ ထူးခြားတဲ့ အရာဝတ္ထုတွေက လူတွေကို အကျိုးပြုနိုင်ပါသလား။
အဲဒါကို ဖော်ပြတဲ့ Media တွေကရော အကျိုးပြုနိုင်ပါသလား။
လောကီဖြစ်ရပ်ဆန်း
ထူးခြားတဲ့ အရာဝတ္ထုတွေက လူတွေကို အကျိုးမပြုနိုင်ပါ။ တဒင်္ဂဟန် စိတ်ဝင်စားမှုဖြစ် စေမည်တာပါ၊
ကြွက်ကို ဆင်ဖြစ်အောင် ချဲ့ထွင်ပေးတဲ့ စာနယ်ဇင်း၊ Media များကိုတော့ အကျိုးပြုလိမ့်မယ်လို့
ထင်မြင်ပါတယ်။ ဒီအကြောင်းအရာတွေက လူဗြိန်းကြိုက်မို့ ပိုရောင်းရမယ်လေ။ ဒါကြောင့် စာနယ်ဇင်းကို
အကျိုးပြုတာပေါ့။
ဆရာက လောကီဝိဇ္ဖာ အစစ်အမှန်တွေရှိတယ်လို့ ယုံကြည်တယ်နော်။
ယုံကြည်ပါတယ်။
ဒါဆို အဲဒီလောကီဝိဇ္ဖာ အစစ်အမှန်တွေဟာ ကျွန်တော်တို့ လူတွေကြားထဲမှာ ရှိနိုင်ပါ့မလား။
လူတွေဖြစ်ချင်ရာ ဆန္ဒ အသီးသီးကို ဖြည့်စွမ်းပေးလေ့ ရှိပါသလား။
လောကီဝိဇ္ဖာ
အစစ်အမှန်တွေဟာ လူတွေကြားထဲမှာ မရှိနိုင်ပါ။ လူတွေ ဖြစ်ချင်ရာဆန္ဒတွေကိုလည်း မဖြည့်စွမ်းပေးနိုင်ပါဘူး။
တချို့ပုဂ္ဂိုလ်များဟာ မူလက အကျင့်စခန်းမှန်ကန်ပေမယ့် နောက်ပိုင်း အတုအယောင်သဖွယ်
လမ်းမှားသွားတာ ဘာကြောင့်လဲ။ သူ့ဖောက်ပြန်မှုကြောင့်လား။ လူတွေရဲ့ ဖျက်စီးမှုကြောင့်လား။
မူလအမှန်၊
နောက်မမှန်တာက လူ့သဘာဝ နိယာမအတိုင်း ကိုယ်တိုင် ဖောက်ပြန်တတ်တဲ့ သဘာဝကြောင့် ဖြစ်ပါတယ်။
တပည့်တပန်းများရဲ့ မြှောက်ပင့်မှုအပေါ် သာယာသောကြောင့်လို့လည်း ဆိုနိုင်ပါတယ်။
ဒါကလည်း
လူ့သဘာဝပေါ့။
Media တွေမှာ ဖော်ပြလေ့ရှိတဲ့ ပုဂ္ဂိုလ်ထူးတွေကို ဆရာ စိတ်ချပါသလား။ လူတွေကိုရော
စိတ်ချပါသလား။
ပုဂ္ဂိုလ်ထူးဟု
ဆိုသူတွေကို လုံးဝစိတ်မချ။ မယုံကြည်ပါ။ လူတွေကိုလည်း စိတ်မချပါနဲ့။ မယုံကြည်ပါနဲ့လို့
တိုက်တွန်းလိုပါတယ်။ အရှိအမှန်ဆို ဟုတ်၊ မဟုတ်ကို အသိအမှန် ကိုယ်ပိုင်ဥာဏ်ပေတံဖြင့်
တိုင်းကြည့်ပါလို့ လေးလေးနက်နက် တိုက်တွန်းလိုပါတယ်။
ဗေဒင်ဆရာ၊ လက္ခဏာဆရာ၊ နတ်ကတော်၊ အကြားအမြင်၊ ဘိုးတော်၊ မယ်တော် ဆိုတိုင်း “သံသယ”အမြင်နဲ့
ကြည့်သင့်ပါသလား။
“သံသယ”
အမြင်များလေ မမှားလေလို့ ဆိုပါရစေ။
လူတွေကို အမှန်ကို အမှန်အတိုင်း ပြောရဲတဲ့သတ္တိ ဘယ်လိုမွေးပေးရင် ဖြစ်နိုင်မလဲဆရာ
(ကျွန်တော်ပြောတဲ့ သတ္တိက ဒီလိုပါဆရာ၊ ဥပမာ . . . ဗေဒင်ဆရာရဲ့ ဟောချက်ကို မှားရင်မှားတယ်လို့
ပြောရဲတဲ့ သတ္တိမျိုးပါ။ ဘိုးတော်အတုယောင်တွေနဲ့ ဆက်နွယ်ပြီး ပြောရရင် ရှင်ဘုရင်ရဲ့
နတ်ဝတ်ပုဆိုး သာဓကလိုပေါ့။ အမွှေးတိုင်က အငွေ့ထွက်လာပုံကိုကြည့်၊ ဘိုးတော် အောင်မင်းခေါင်ပုံ
ပေါ်နေတယ် မြင်လား (မမြင်ရင် အရှက်ကွဲတော့မှာ) ဒီတော့ မမြင်လဲ မြင်တယ် ပြောရတာပေါ့။
အမှန်ပြောရဲတဲ့ သတ္တိမရှိဘူး။ ကျွန်တော်ဆိုလိုချင်တာက အဲဒီသတ္တိမျိုး)
ဗေဒင်၊
နတ်ကတော်၊ ဘိုးတော်တွေထံသို့ သွားကတည်းက မိမိမှာ အားနည်းချက် အခံရှိထားပြီမို့ အမှန်ကို
အမှန်အတိုင်း မဟုတ်တာကို မဟုတ်တဲ့အတိုင်း ပြောဆိုတဲ့ သတ္တိမျိုး မရှိနိုင်ပါ။
ဆရာ့ဘ၀ ဆရာ့အတွေ့အကြုံမှာ ပရလောကပုဂ္ဂိုလ် (သိုက်၊ ရုက္ခစိုးစသည်) တစ်ဦးဦးရဲ့
ကူညီစောင့်ရှောက်မှုမျိုး ရှိခဲ့ဖူးပါသလား။ ရှိရင် အဲဒီအတွေ့အကြုံကို ပြောပြစေချင်ပါတယ်။
ပရလောကရဲ့
ကူညီစောင့်ရှောက်မှုမျိုးမရှိပါ။ အလေးအနက်လည်း မထားပါ။ ကောင်းမှုပြုပြီးတိုင်း အမျှအတန်းပေးဝေသင့်သည်
ဟူသော သဘောထားကို လက်ခံပါတယ်။ ကိုယ်တွေ့ စမ်းသပ်မှုတစ်ခုတော့ ရှိခဲ့ဖူးပါတယ်။ ဒါကိုတော့
အလျင်းသင့်လျှင် သီးခြားရေးပါဦးမယ်။
ဒါဆို ဆရာ့အနေနဲ့ ပရလောကရဲ့ ကူညီစောင့်ရှောက်မှုကို ယုံကြည်တယ်ပေါ့။
ကူညီစောင့်ရှောက်မှုကို
မယုံကြည်ပါ။ ကူညီစောင့်ရှောက်နိုင်စွမ်း ရှိတယ်လို့လည်း မထင်ပါ။
ပရလောကရဲ့ အကူအညီတွေအပေါ် ယုံသင့် မယုံသင့် ဘယ်လိုဝေဖန်ပိုင်းခြား စမ်းသပ်မလဲဆရာ။
အကြောင်းချင်းရာ
အခြေခံကို ကျယ်ကျယ်ပြန့်ပြန့် တွေးပြီးမှ ဖြေဆိုသင့်သည့် မေးခွန်းမို့ အတိုခြုံ၍ ဖြေဆိုရန်မသင့်ဟု
ထင်မြင်ယူဆပါသည်။
လူတွေ ဗေဒင်၊ လက္ခဏာ မေးသင့်ပါသလား။ ဘယ်လိုအခါမျိုးမှာ မေးသင့်သလဲ။ ဘယ်လို ဆရာမျိုး
မေးသင့်သလဲ။ အကြံပေးပါဦးဆရာ။
ကိုယ့်အကြောင်း
ကိုယ်သာလျှင် အသိဆုံးဖြစ်ပါတယ်။ ဗေဒင် လက္ခဏာဟာ အရှိပညာကို အခြေခံ၍ တွက်ချက်ကြည့်မြင်ဟောပြောတဲ့
ပညာရပ်ဖြစ်လို့ မေးသင့်ပါတယ်။ စိတ်အစာကို ဖြည့်စွမ်းပေးနိုင်တဲ့ သဘော သက်ဝင်တာကြောင့်
မေးသင့်တယ်လို့ ပြောရတာပါ။ မိမိရဲ့ အကြောင်းနဲ့ ပတ်သက်သော ကိုယ်ပိုင် ဆုံးဖြတ်ချက်
ဝိုးတ၀ါး၊ ဇဝေဇ၀ါ၍ ဖြစ်နေတဲ့အချိန်မျိုးမှာ မေးသင့်ပါတယ်။ လက်ဆန်းဗေဒင်ပညာထက် နက္ခတ်ဗေဒင်ပညာ
တတ်ကျွမ်းတဲ့ ဆရာမျိုးကို ရွေးချယ်သင့်တယ်လို့ ထင်ပါတယ်။ လွယ်ကူ သွက်လက်မှုနဲ့ ခက်ခဲနက်နဲမှုကို
ရွေးချယ်ဖို့ ဖြစ်ပါတယ်။
ဆရာစိတ်အ၀င်စားဆုံး လောကီပညာရပ်တစ်ခုခု (ဗေဒင်၊ လက္ခဏာ၊ ဂဏန်းဗေဒင်၊ တားရော့
စသည့်) ဘာ့ကြောင့် စိတ်ဝင်စားတာလဲဆရာ။
နက္ခတ်ဗေဒင်ပညာကို
စိတ်ဝင်စားပါတယ်။ လူဗြိန်းအကြိုက် ဟောပေးသလို ဟောလို့မရသောကြောင့် ဖြစ်ပါတယ်။
စာနယ်ဇင်းတွေမှာ ပါလေ့ရှိတဲ့ ဟောစာတမ်းတွေအပေါ် ဆရာဘယ်လို သဘောထားပါသလဲ။
ယေဘူယျ ဟောစာတမ်းဖြစ်လို့
ယေဘူယျလို့ဘဲ သဘောထားသင့်တယ်လို့ပဲ ဆရာယူဆပါတယ်။
အဆောင် လက်ဖွဲ့တွေအပေါ်ထားတဲ့ ဆရာ့သဘောထား၊ ဆရာ့အမြင် . . .။
ဗုဒ္ဓ၏
ရတနာသုံးပါးအဆောင်မှလွဲလို့ အခြား ဆောင်စရာ အဆောင်မရှိဘူးလို့ ဆိုပါရစေ။ အဲဒီ ယုံကြည်ချက်
အတိုင်းလည်း စွဲမြဲစွာ ယုံကြည်တဲ့အလျောက် ယနေ့ထိ အမြတ်ဆုံးအဆောင်အဖြစ် ဆောင်ထားရတယ်။
ထေရ၀ါရဗုဒ္ဓ၀ါဒမှာ မပါတဲ့ ဂါထာမန္တာန်တွေအပေါ် ဆရာ့သဘောထား။
ထေရ၀ါဒ၊
ဗုဒ္ဓ၀ါဒများမပါတဲ့ ဂါထာ မန္တန်များကို စိတ်မ၀င်စားပါ။ အန္တရာယ်ကင်း ရွတ်ဖတ်ရမည့် ဂါထာ
(၉)မျိုး၊ ကျက်သရေရှိရန် ရွတ်ဖတ်ရမည့် ဂါထား(၄)မျိုး၊ အကျိုးပေး ဖြစ်ထွန်းစေမယ့် သုတ်
(၁၁)သုတ်ကိုသာ စိတ်ဝင်စားပါတယ်။ ဓမ္မစင်္ကြာပါဠိတော်၊ ပဋ္ဌာန်းပါဠိတော်၊ ဓရဏသုတ်၊ ပရိမိတ္တဇလသုတ်၊
အဘိဏှသုတ်၊ ဇောဇ္ဈင်င်္ဂသုတ်၊ မေတ္တာသုတ်များ နေ့စဉ်နေ့တိုင်း ရွတ်ဖတ်လာတာ ၁၅နှစ် ကျော်ကာလတိုင်ခဲ့ပါပြီ။
အကျိုးကတော့ ယနေ့အထိ အစစ အရာရာ အဆင်ပြေ၍ စိတ်ချမ်းသာ ကိုယ်ချမ်းသာ နေထိုင်ရခြင်းပဲ
ဖြစ်ပါသည်။
“ဘိုးတော်ကင်း”၊ “ကနားစီးမောင်မောင်လတ်”၊ “ဟောသမျှ ပြောသမျှ အဟောဝက” စတဲ့ ၀တ္တုတိုတွေ
ရေးဖို့အတွက် ဆရာဘယ်လို အတိုင်းအတာတွေအထိ လေ့လာခဲ့ရပါသလဲ။ အတွေ့အကြုံတစ်ချို့ ပြောပြပါဦးဆရာ။
မဟိဒ္ဓိဂိုဏ်းကြီး
တစ်ဂိုဏ်းတွင် ဆရာအဖြစ် နှစ်နှစ်ကျော်၊ ကိုယ်တိုင် ဘိုးတော်အဖြစ် နှစ်နှစ်နီးပါး လုပ်ခဲ့ဖူးတဲ့
ကိုယ်တွေ့ အတွေ့အကြုံကို အခြေခံပြီး လေ့လာတွေ့ရှိချက်များနဲ့ ပေါင်းစပ်လို့ ဘိုးတော်ကင်းကို
ရေးခဲ့ပါတယ်။ ဂျာနယ်ကျော်ဦးစောဦးကြောင့် စွန်းလွန်းရိပ်သာသို့ ရောက်ရှိခဲ့ပြီးနောက်
အရှိအမှန်ကို အသိဥာဏ်ဖြင့် ဆင်ခြင်နိုင်သောကြောင့် ဘိုးတော်ဘ၀ တစ်ဖြစ်လဲခဲ့ပါတယ်။ နတ်အကြောင်းကတော့
နတ်ပွဲတွေ လေ့လာပြီး စာအရှိနှင့် ကိုယ်တွေ့အသိများကို ဆက်စပ်ပြီး ရေးဖွဲ့ခြင်း ဖြစ်ပါတယ်။
ကနားစီး မောင်မောင်လတ်ထဲမှာ နတ်ကတော်တွေရဲ့ လျှို့ဝှက်ချက် (မီးစားပြတာ၊ အသားစိမ်းစားပြတာ၊
စတဲ့ . . )တွေကို ဆရာက စားပေါက်ပိတ်မှာစိုးလို့ ဆိုပြီး ထိန်ချန်ခဲ့တယ်။ အဲဒါ ကျွန်တော့်သဘောပြောရရင်
သိပ်ဘ၀င်မကျဘူးဆရာ။ သူတို့ လျှို့ဝှက်ချက်တွေ လူတွေသိမှ နတ်ကတော်ကို အယုံအကြည်ကင်းမှာ၊
အဲဒီအချက် ဆွေးနွေးပေးပါဦးဆရာ။
နတ်ကတော်တွေ
လုပ်တဲ့နည်းနဲ့ မျက်လှည့်ဆရာတွေ လုပ်တဲ့နည်းဟာ အတူတူပါပဲ။ တကယ်တန်းဆို မျက်လှည့် ဆရာတွေက
သူတို့ထက်တောင် သာပါလိမ့်ဦးမယ်။ ဒီလောက်ဆို ဘ၀င်ကျရောပေါ့။
လောကီပညာရပ်တွေကို လူတွေလိုက်စားသင့်ပါသလား။ လိုက်စားသင့်တယ်ဆို ဘယ်လိုလိုက်စားသင့်ပါသလဲ။
တစ်ဦးကောင်း တစ်ယေက်ကောင်း လိုက်စားလာတာနဲ့ အုပ်စုလိုက် လိုက်စားကာ ဘယ်ဟာပိုကောင်းနိုင်ပါသလဲ။
ကိုယ့်အကြောင်းနဲ့
ကိုယ့်အခြေအနေအပေါ် အခြေခံပြီး လိုက်စားလိုက လိုက်စားသင့်ပါတယ်။ တကယ်လိုက်စားသင့်တာကတော့
အရှိအမှန် ဓမ္မတရားနဲ့ ၀ိပဿနာ ဘာဝနာ ပွားများအားထုတ်ခြင်း ဖြစ်ပါတယ်။ စိတ်ပါဝင်စားလို့
လောကီပညာလိုက်စားမယ် ဆိုရင်လည်း အစုအဖွဲ့နဲ့ မလိုက်စားသင့်ဘူးလို့ ထင်ပါတယ်။ လောကမှာ
ဘာကိုမဆို ကိုယ့်အသိနဲ့ ကိုယ်ဟာ ကိုယ်လုပ်တာ အကောင်းဆုံးပါဘဲ။
လောကီပညာရပ်တွေ လိုက်စားမယ်ဆိုရင် အခြေခံ သိသင့်တဲ့ ဘာသာရပ်တွေရှိဖို့ လိုမယ်ထင်ပါတယ်။
ဥပမာ- Psychology; General Science နောက် နက္ခတ်ဗေဒင်၊ ဆန်းကျမ်း၊ လက္ခဏာ ပြီးတော့ ကျင့်ကြံမှု
စရတာ (ပုတီးစိတ်တာ၊ သမထထိုင်တာ၊ ယောဂပညာတွေ လေ့လာဆည်းပူးလေ့ကျင့်တာ) စသည်ဖြင့် . .
.။
လောကီပညာ
လိုက်စားမယ်ဆိုရင် “သီလနဲ့ စရဏ”ဟာ အဓိက ပထမပါ။ သမာဓိ တည်ကြည်အောင် ကျင့်ကြံအားထုတ်တာက
ဒုတိယပါ။ အဲဒီနှစ်ချက်နဲ့ တွဲစပ်ပြီး နည်းစနစ်ကျနမှုကို အလေးပေးထားဖို့ပါပဲ။
အဲဒီလို လေ့လာလိုက်စားခြင်းအားဖြင့် အတိုင်းအတာ တစ်ရပ်အထိ အောင်မြင်မယ်ဆိုရင်
ကာယကံရှင်အတွက်ရော သူ့ဝန်းကျင်အတွက်ပါ အကျိုးရှိနိုင်ပါ့မလား။
ကောင်းသောအကြောင်း
ပြုလုပ်မှ ကောင်းသောအကျိုးကို ခံစားရရှိနေတာဟာ သဘာဝ သဘောပါ။ ကိစ္စတိုင်းမှာ အကြောင်းနှင့်အကျိုး
ရှိစမြဲ ဖြစ်ပါတယ်။ ပုတီးစိပ်ခြင်း အကြောင်းတွင်လည်း အကျိုးတရားများ ရှိရမည်မှာ အမှန်ပါ။
အကျိုးမရှိဘဲ အကြောင်းမရှိနိုင်သလို၊ အကြောင်းမရှိဘဲလည်း အကျိုးမပေါ်နိုင်ပါ။ ရည်ရွယ်ချက်၊
ဦးတည်ချက် မှန်ကန်ဖို့တော့ လိုပါမယ်။
အဲဒီလိုလေ့လာလိုက်စား ကျင့်ကြံအားထုတ်ပြီး အတိုင်းအတာတစ်ရပ်အထိ အောင်မြင်ပြီဆိုပါစို့။
ဒီအောင်မြင်မှုအပေါ် အခြေတည်ပြီး “စီးပွားဖြစ် ဖြစ်စေ၊ အသက်မွေးဝမ်းကြောင်းမှု ပုံစံနဲ့ဖြစ်စေ”
ငွေရှာသင့်ပါသလား။
အသက်မွေးဝမ်းကြောင်းနှင့်
စီးပွားဖြစ် လုံးဝမလုပ်သင့်ပါ။ ကုသိုလ်အလုပ်ကို အကုသိုလ်အလုပ်နဲ့ မလဲပါနဲ့။
ထောင်ထဲမှာရောက်သွားတဲ့ ဘိုးတော်အတုတွေ ဘာတွေကတော့ တွေ့ဖူး၊ မြင်ဖူး၊ ဖတ်ဖူးပါတယ်ဆရာ။
အဲလို ထောင်ထဲရောက်သွားတဲ့ ဗေဒင်ဆရာတွေရော ဆရာတွေ့ဖူးပါသလား။ ထောင်ထဲမှာ ဗေဒင်ဟောတဲ့
ဆရာရဲ့ အဟောခံရဖူးလား။ မှန်ရော မှန်လား။
ဗေဒင်ကို
လူတိုင်းစိတ်ဝင်စားပါတယ်။ ထောင်ထဲရောက်နေသူတွေက ပိုပြီး စိတ်ဝင်စားကြတာကို တွေ့ရပါတယ်။
လက်ဆန်းအဟောသွက်ရင် ထောင်ထဲရောက်သွားလို့ကတော့ မပူပါနဲ့။ ဗေဒင်ဆရာ ထောင်ထဲရောက်ရင်
အနေအစား အလွန်ချောင်ပါတယ်။ ဗွီအိုင်ပီ စာရင်းဝင်ပါတယ်။ နာမည်ကြီးရင် ကြီးသလောက် အရေးပေးခံရပါတယ်။
တန်းစီ၊ တိုကင်ယူပြီး ဗေဒင်မေးရတဲ့ ရေးဖော် ဆရာကြီး ထောင်ထဲရောက်သွားစဉ်က ၀ါဒါကအစ၊
ထောင်ပိုင်အဆုံး သူတို့မိသားစုတွေပါ လက်မလည်အောင် ဟောခဲ့ရတယ်လို့ ကြားဖူးပါတယ်။ ကိုယ်တိုင်တော့
ထောင်ထဲမှာ ဗေဒင်မမေးဖူးပါဘူး . .. . . ။
တကယ်တော့
မိမိမေးလို ပြောလိုသော အကြောင်းအရာများစွာ ကျန်ရှိနေပါသေးသည်။ မိမိဆွေးနွေးလိုသမျှကို
ဆရာကလည်း ရွှင်လန်းတက်ကြွစွာ ပြောဆိုဆွေးနွေး ရှင်းပြပေးသည်။ တန်ဖိုးကြီးမားသော အချိန်များ
. .။ ဆရာက ရွှင်လန်းတက်ကြွနေသော်လည်း ဆရာ့ကို အားနာမိသည်။ ဆရာ့ အသက်က ၆၈ နှစ်၊ အရွယ်က
ရှိသေးသည်။ ဆရာနားချိန်ကို သည်မျှအထိ သိမ်းပိုက်ထားဖို့ မိမိလောဘမကြီးသင့်တော့ပါ။ ဆရာ့ဇနီး
ကြီးကြီးမြကိုလည်း အားနာရသည်။ သို့ပါ၍ အချို့ဆွေးနွေးဆရာများကို ရင်ထဲမှာပင် လျှိုထားခဲ့ရသည်။
ဆရာ့ကျေးဇူးတွေကတော့
မိမိအဖို့ ကြီးမားပြီးရင်း ကြီးမားနေသည်။
“အမှန်သိမှ
အသိမှန်မယ်၊ အသိမှန်မှ အမှန်သိမယ်” ဟူသော အမှန်တရားသည် ရင်ထဲမှာ ပဲ့တင်ထပ် လို့နေသည်။
ဝေဒပရိတ်သတ်ကြီး . . .
“အမှန်သိ အသိမှန်ကြပါစေ၊ အသိမှန် အမှန်သိကြပါစေ”
. . . ကျေးဇူးမှတ်တမ်း . . .
ဆရာ့စာရေးချိန်၊
အနားယူချိန်၊ ပရိတ်ရွတ်ချိန်၊ ပုတီးစိတ်ချိန်တို့ကို ဖဲ့ချွေ၍ မိမိသိလိုရာများကို ဆွေးနွေးပေးသော
ဆရာကျော်မြသန်း၊ ဆရာ့ဇနီး ကြီးကြီးမြ၊ ဆရာ၏ စာအုပ်ဟောင်းများကို ရက်အကန့်အသတ်မရှိ ဖတ်ရှုခွင့်ပေးသော
န၀ဒေးစာပေ ဥယျာဉ်မိသားစု(စံပြ ဖဆပလ)၊ အနှစ် ၄၀ကျော်ကြာ ဓာတ်ပုံမရိုက်ဖြစ်ခဲ့သော ဆရာနှင့်
ကြီးကြီးမြတို့အား ဓာတ်ပုံမှတ်တမ်း ပြုပေးသော မိုးလွင်ဟန်တို့အား ဝေဒမဂ္ဂဇင်းမှတဆင့်
ဝမ်းသာ ကြည်နူးစွာ ကျေးဇူးတင်ပါကြောင်း စာကမ္ဗည်း တင်ပါသည်။
ဟိန်းဆက် (15-July-97)
ဝေဒမဂ္ဂဇင်းအား ဗျူးခွင့်ပေးတဲ့ ဆရာကြီးကို
ကျေးဇူးတင်ပါတယ်။ အမှန်သိဖို့အတွက် အမှန်ရေးမှ ပြောမှ ဖြစ်ပါမယ်။ ဗေဒင်ဆရာ တချို့နဲ့
ဗေဒင်မဂ္ဂဇင်းလို့ သတ်မှတ်ထားတဲ့ မဂ္ဂဇင်းတစ်ချို့ရဲ့ ရိုက်သွင်းလိုင်းကြောင့် မီဒီယာတွေကြောင့်
ဗေဒင်မေးပရိသတ် တချို့ဟာ ဗေဒင်ပညာအစစ်ကို မသိတော့တာတော့ ကျွန်တော်တို့ ၀မ်းနည်းမိပါတယ်ဆရာ။
ကျွန်တော်တို့ ကြိုးစားပါမယ်။
ဝေဒမိသားစု
အထက်မှာက အသီးသီးကျေးဇူးတင်စကားတွေ
ပြောကြာခဲ့ကြတာဆိုတော့ ကျွန်တော်ကလည်း . . .
အမှန်သိပြီး အသိမှန်စေရန် ဖြေကြားပေးခဲ့ပါသော ဆရာကြီးကျော်မြသန်း
အားလည်းကောင်း၊အသိမှန်ပြီး အမှန်သိစေရန် တွေ့ဆုံမေးမြန်းပေးခဲ့သော ဆရာဟိန်းဆက်အားလည်းကောင်း၊
အများဖတ်ရှုခွင့် ရရှိစေရန် ဇောတိသဝေဒ မဂ္ဂဇင်းတွင် ထည့်သွင်းဖော်ပြခဲ့ပါသော ဝေဒမိသားစုအားလည်းကောင်း၊
အထူးသဖြင့် ဤဆောင်းပါးအား ကျွန်တော် ဖတ်ရှုမှတ်သားခွင့်ရရှိအောင် တစ်ကူးတက ရှာဖွေယူလာပေးပါသော
ဆရာကြီး ဦးမောင်မောင်ကြည် (သေသ၀ိဇ္ဇာ)အား လည်းကောင်း အထူးကျေးဇူးတင်ရှိပါကြောင်း
မှတ်တမ်းတင်အပ်ပါသည်။
မောင်အောင်ဟိန်းအေး
http://mmastrolesson.blogspot.com
No comments:
Post a Comment