ဂြိုဟ်လေးတွေ ဘယ်လိုသွား

ဂြိုဟ်တွေ ဒီနေ့ဘယ်မှာနေ . .

Tuesday, May 8, 2012

II. High Priestess


II. High Priestess (သီလရှင်ချုပ်)

ဒါနရှင်များရှင် . . .

- The Lady Pope

- Pope Joan

- The Archpriests

- Female Pontiff

- Wise Woman

- Gipsy Witch



           
            Hebrew ဟီဘရူး အက္ခရာ Beth နဲ့ ဆက်နွယ်ပါတယ်။ တနင်္လာဂြိုဟ်ရဲ့ ရှေးဟောင်း နက္ခတ် ပညာသုံး သင်္ကေတအဖြစ်လည်း ကိုယ်စားပြုပါတယ်။
            Major ၂၂ ကတ်မှာ ပထမဦးဆုံးပေါ်ထွက်လာတဲ့ အမျိုးသမီးပုံ ဖြစ်ပါတယ်။ နံပါတ် I. Magician ကတ်က ကျားသရုပ်ဖော်၊ အခုနံပါတ် II ကတ်က “မ” သဘော “လ-အအေးဓာတ်” သဘော . . နံပါတ် I နေ၊ အဖို၊ အပူဓါတ်အတွက် အဖြည့်ဓာတ် သဘောကို ဆောင်ပါတယ်။
            စွမ်းရည်ရှိသော်လည်း အကောင်အထည်ဖော်ဖို့ရာ ပြည့်စုံမှု လိုနေသေးတဲ့ I. Magician အတွက် တစ်စုံတစ်ရာ ဖြစ်ပေါ်လာဖို့ရာ အားဖြည့်ပေးမယ့် ကတ်ပေါ်လာပါပြီ. . .  ဘယ်လို ပုံစံ အသွင်အပြင်နဲ့ ပေါင်းစပ်မလဲ။ အဲဒီပေါင်းစပ်မှု အပေါ်မှာ မူတည်ပြီး အဖြေထွက်ပါမယ်။ ပေါင်းစပ်မှု ပုံစံတော့ လိုနေသေးတယ်။
            Lady Pope က “မ” သဘော ချစ်ခြင်းမေတ္တာ၊ မိခင်၊ စွဲဆောင်မှု၊ စိတ်အေးချမ်းမှု (ဘာသာတရား) တွေကို ဆိုလိုပါတယ်။
            ဗမာအလိုကတော့ သီလရှင် ပေါ့။ ဘိက္ခူနီ ပေါ့။ ဘုရားရှင် ကိုယ်တိုင် ခွင့်ပြု သတ်မှတ်ခဲ့တဲ့ ရဟန်းအမျိုးသမီးပေါ့။ လူဝတ်ကြောင် ဘ၀ကို စွန့်၊ ဦးပြည်း (ကတုံး) နဲ့ ဖန်ရည်စွန်းသော သင်္ကန်းကို ၀တ် . .။ နေ့စဉ် ရှစ်ပါးသီလကို လုံခြုံစွာ စောင့်ထိန်း . . .။ ဗုဒ္ဓစာပေကို လေ့လာ ကျင့်ကြံ ….။ လူတွေထံက အလှူခံပြီး ဒါနပါရမီဖြည့် မေတ္တာပွားပေးနေတဲ့ အမျိုးသမီး သူတော်စင်….။
            အားလုံးခြုံလိုက်ရင် အမျိုးသမီး။ သူတော်စင် အမျိုးသမီး။
            စွဲဆောင်မှု ရှိသူ၊ ကြင်နာတတ်သူ၊ တည်ငြိမ်အေးချမ်းသူ၊ အမေ/အမကဲ့သို့ မေတ္တာတရား ထားတတ်သူ၊ ဘာသာတရား ကိုင်းရှိုင်းသူ၊ စာပေမွေ့လျော်သူ၊ ကူညီတတ်သူ၊ စိတ်ဓာတ် ဖြူစင်သူ၊ ကိုယ်ကျင့်သီလရှိသူ၊ သီခံတတ်သူ၊ နှုတ်စကား စောင့်စည်းတတ်သူ၊ ခံစားချက်ကို မျိုသိပ်တတ်သူ၊ မပွင့်လင်းသူ၊ အမျိုးသမီး အစရှိတဲ့ အနှစ်သာရတွေ ပေါ်ထွက်နေပါတယ်။

ဖြူဖြူပြာပြာနီနီဝါ၀ါ
            အရောင်အားဖြင့် ဥာဏ်ပညာ၊ စဉ်းစားတွေးခေါ်မှု၊ ချင့်ချိန်နှိုင်းဆမှု၊ အကျိုးအကြောင်း ဆင်ခြင်နိုင်မှုတွေကို ကိုယ်စားပြုတဲ့ အပြာရောင်ခြုံလွှာကြီးက တစ်ကိုယ်လုံးနီးပါး ဖုံးလွှမ်းထားပါတယ်။ ၀တ်စုံအောက်က ၀တ်ရုံကတော့ စွမ်းရည်သတ္တိကို ကိုယ်စားပြုတဲ့ အနီရောင် ဖြစ်ပါတယ်။ ခေါင်းနဲ့ ပုခုံးပေါ်မှာ ဖြူစင်သန့်ရှင်းမှုကို ကိုယ်စားပြုတဲ့ အဖြူရောင်၊ ဦးခေါင်းပေါ်မှာတော့ အနီရောင်၊ အစိမ်းရောင်၊ အဖြူရောင်တွေရှိတဲ့ ကျောက်သံပတ္တမြားတွေ ချယ်ထားတဲ့ သရဖူခေါင်းဆောင်း ရှိပါတယ်။ ခေါင်းရဲ့ဝန်းကျင်မှာ စိတ်ပျံ့လွင့်မှု တွေကို ကိုယ်စားပြုတဲ့ အ၀ါရောင်နဲ့ လိမ္မော်ရောင်တွေကို ၀န်းရံချယ်မှုန်းထားပါတယ်။
            မိမိရဲ့ ကိုယ်ပိုင်ဆန္ဒ ခံစာချက်တွေကို ဥာဏ်ပညာတရားနဲ့ ချုပ်ထိန်းထားပြီး စိတ်ထားဖြူစင်အောင် ကြိုးစားနေသူ၊ လောလောဆယ်အားဖြင့် စိတ်ခံစားမှုတွေေ၀၀ါးနေသူ၊ ဖွင့်ထားတဲ့စာအုပ်ကို ပေါင်ပေါ်တင်ထားပြီး သူ့ရဲ့ညာဘက်ကို ကြည့်နေဟန်က စာပေ၊ ဘာသာတရားကို လေ့လာနေဆဲဖြစ်ပေမယ့် စိတ်ကတော့ ပြီးခဲ့တဲ့ အတိတ်ကိုသာ တမ်းတနေဟန် ဖြစ်ပါတယ်။ လက်ရှိဘ၀ ငြီးငွေ့နေဟန်ပုံ ပေါ်ပါတယ်။

နမူနာ(၁)
            “ ဦး . . . ကျွန်တော့် လက်ရှိအလုပ်မှာ ဆက်လုပ်သင့် မလုပ်သင့် သိချင်ပါတယ်။ မကောင်းရင် တခြားပြောင်းမလို့ . .”
            ထွက်ပေါ်လာတဲ့ ကတ်က II. High Priestest . .
            “ အခု မင်းအလုပ်လုပ်နေရာက အလုပ်ရှင်က အမျိုးသမီး (သို့) မင်းနဲ့ တိုက်ရိုက် ထိတွေ့နေသူဟာ အမျိုးသမီး ဖြစ်လိမ့်မယ်။ သူကမင်းအပေါ်မှာ ကောင်းသားပဲ။ သနားတတ်တယ်။ ကူညီတတ်တယ်။ စိတ်ကောင်းရှိတယ်။ မင်းအပေါ်မှာ အစ်မတစ်ယောက် အမေတစ်ယောက်လို ကူညီစောင့်ရှောက်မှာပါ။ ဘာဖြစ်လို့ ပြောင်းချင်တာလဲ . . . ။”
            “ ဟုတ်တယ်ဆရာ . . အမျိုးသမီးပါပဲ၊ ကျွန်တော့်အပေါ်မှာလည်း ကောင်းပါတယ်။ အမ တစ်ယောက်လိုပါပဲ။ ဒါပေမယ့် အလုပ်ပါးလို့ပါ။ ကျွန်တော်က လက်ခစားဆိုတော့ အလုပ်များများ ရှိမှ ငွေများများရမှာ။ ဒီမှာလုပ်ရတာတော့ စိတ်ချမ်းသာပါတယ်။ ဒါပေမယ့် ငွေနည်းတယ်။”
            ဒီကဒ်က စီးပွားရေး ကြီးပွားရေးကိုတော့ မရည်ညွှန်းဘူး . . စိတ်ပိုင်းဆိုင်ရာကိုပဲ ညွှန်းပါတယ် . .။

နမူနာ(၂)
            “ ဆရာ . . ကျွန်မ စီးပွားရေး မပြေလည်ဘူး ဖြစ်နေတယ်။ အဲဒါကြောင့် မိဘအမွေ ပစ္စည်းလေးတွေ ရောင်းပြီး အိမ်ဆိုင်လေးဖွင့်ဖို့ စဉ်းစားတယ်။ အဲဒီ ပစ္စည်းလေးရောင်းဖို့ ကြိုးစားတာ ရောင်းမထွက်ဘူး။ တေ့လွဲလေးတွေ လွဲနေတယ်။ သူ့တန်ရာ တန်ဖိုးထက် လျှော့ရောင်းမယ် ဆိုတာတောင် တေ့တေ့ဆိုင်ဆိုင် ဈေးပြောမယ့်သူ မရှိဘူး။ အိမ်မက်တွေလည်း မကောင်းဘူး။ ဘာကြောင့် ရောင်းမထွက်လဲ။ ဘယ်လိုရောင်းထွက်အောင် လုပ်ရမလဲ သိချင်လို့ပါ။”
 ထွက်ပေါ်လာတဲ့ ကားချပ်က နံပါတ် II. High Priestest . . .
“ အမေပေးတဲ့ ပစ္စည်း အမေပိုင်တဲ့ ပစ္စည်းဖြစ်လိမ့်မယ်။ အဖြူရောင်ဆိုတော့ ပုလဲတို့ စိန်တို့ ဖြစ်နိုင်တယ် . .”
“ ဟုတ်ပါတယ် ဆရာ၊ အမေပေးခဲ့တဲ့ ပစ္စည်းပါ။ ပုလဲနားကပ်၊ ပုလဲလက်စွပ်တွေပါ။ အဖေက ဟိုတုန်းက ဘိတ်၊ ကော့သောင်းဘက်ကို အမြဲသွားနေကျပါ။ အဲဒါလေးတွေ အဖေက အမေ့ကို ၀ယ်ပေးခဲ့တာ။ အမေက သိပ်ပြီး တန်ဖိုးထားတာ။ အရည်အသွေးကောင်းလို့ ဈေးကြီးတယ် လို့လည်း ပြောပါတယ်။ အဖေဆုံးပြီး အမေလည်း ဆုံးသွားပါတယ်။ အမေက ကျွန်မကို သေသေချာချာ မှာပြီး ပေးသွားတာ။ ရောင်းမစားဖို့၊ မိဘကိုယ်စား အမွန်အမြတ် ထိန်းသိမ်းထားဖို့။ အခုလဲ ကျွန်မ မတတ်သာလွန်းလို့ ရောင်းဖို့ စဉ်းစားမိတာပါ။ အဲဒါရောင်းဖို့ လုပ်ပေးပါဦးဆရာ ”
“ ည ဘုရားရှိခိုးရင် အမေ့ကို သေသေချာချာ အာရုံပြုပြီး ရှိခိုးပါ။ မေတ္တာပို့ပါ။ အမျှဝေပါ။ ပြီးရင် အမေ့ကို ခွင့်တောင်းပါ။ သမီးတို့ အခက်အခဲ ဖြစ်နေလို့ မလုပ်မဖြစ် လုပ်ရတာပါ။ အမေ ခွင့်ပြုပါ။ ရောင်းပြီး ငွေရရင် အမေ့အတွက် ရည်စူးပြီး ကုသိုလ်လုပ် အမျှဝေပေးပါ့မယ်။ အမေကူညီပါ။ ခွင့်ပြုပေးပါလို့ သက်ရှိထင်ရှား အမှတ်နဲ့ ပြောပါ။ ခွင့်တောင်းပါ။ အခုလဲ လုပ်သမျှ ကုသိုလ်တွေ အမေ့ကိုရည်စူး၊ အမေ့နာမည်ခေါ်ပြီး အမျှဝေပေးပါ။ ယုံယုံကြည်ကြည် လေးလေးနက်နက်လုပ်ပါ။ တစ်ပါတ်ကြာရင် အကျိုးအကြောင်း လာပြောပါ။ လိုအပ်ရင် နောက် ယတြာတစ်မျိုးထပ်ပေးပါမယ် . .”
တစ်လခန့် ကြာသော် . . .
“ ဆရာ အရင်လတုန်းက အရောင်းအ၀ယ် ကိစ္စ အဆင်ပြေသွားတယ်ဆရာ။ စိတ်ကပဲ စွဲလန်းနေလို့လား မသိဘူး၊ အဲဒီလို နေ့စဉ် မေတ္တာပို့၊ အမျှဝေ၊ ခွင့်တောင်းလုပ်တာ (၁၀)ရက်လောက် ကြာတဲ့အထိ ဘာမှ မထူးဘူး။ (၁၀)ရက်ကျော်လောက်မှ အိပ်ခါနီး အမေ့ကို သတိရပြီး ကျွန်မ မျက်ရည်ကျမိတယ်။ အဲဒီလို အမေ့အကြောင်းတွေးရင်းနဲ့ ကျွန်မ အိပ်ပျော်သွားတယ်။ အဲဒီညမှာ အမေက ပြုံးပြုံးရွှင်ရွှင်နဲ့ စကားတွေလာပြောနေတယ်။ နောက် (၃)ရက်လောက်မှာ ၀ယ်သူရောက်လာပြီး တစ်ခါတည်း ဈေးဖြတ် ငွေချေသွားတယ်။ အခု သမီးတို့ အိမ်ဆိုင်လေး ဘယ်နေ့စဖွင့်ရင် ကောင်းမလဲ ရက်မေးချင်လို့ပါ . . . ”

နမူနာ(၃)
            “ ကိုစိုး . . မင်း ကတ်ပြားတွေနဲ့ ငါ့ကို ဟောပေးစမ်းပါဦး၊ လက်ရှိငါအခြေအတွေကို”
            Major ၂၂ ကတ်ကို လေ့လာခါစ နယ်မြို့လေးက ရွာတစ်ရွာ။ မွေးရာဇာတိ။ မေးသူက ယောက်ဖ။
            ထွက်ပေါ်လာတဲ့ ကားချပ်က Lady Pope . .။ သူ့ပရိယာယ်တွေ လျှောက်ဟောတာ အကုန်နီးပါးပါဘဲ။ တစ်ခွန်းပြောလိုက် ယောက်ဖက ခေါင်းခါလိုက်နဲ့ . . . ကျွန်တော်လည်း ပြောစရာကုန် ။ သူလည်း ခေါင်းခါရတာ အားနာလာဟန် . .
            “ ကဲ . . အစ်ကို . . ဒီကားချပ်နဲ့ ပတ်သက်လို့ ပြောစရာအဓိပ္ပာယ် အကုန်ဘဲ . .” ကျွန်တော်က စိတ်ဓာတ်ကျစွာနဲ့ တစ်လုံးချင်းပြောလိုက်ရင်း သူ့အဓိပ္ပာယ်နဲ့ သဘောကိုသဘာဝ တွေကို ပြန်စဉ်းစားလိုက်တာ ၀ိုးတိုးဝါးတား အချက်တစ်ချက်ကျန်တာ သတိရမိတယ်။
            “ အစ်ကို . .  နောက်ဆုံး တစ်ချက်ပြောမယ်။ အဲဒါမှ အမှန်ရင်တော့ ကျွန်တော်သိတာ အကုန်ပဲ . . ဒါလောက်ပဲ ပြောတတ်တယ်။”
            “ ပြောစရာ ကျန်တာပြောကွာ ။ မှားမှား မှန်မှန်ပေါ့”
            “ အခု အစ်ကို လုပ်ချင်နေတဲ့ စီးပွားရေး၊ မိသားစုရေးတွေကို အစ်ကို ဘယ်သူ့မှ ထုတ်မပြောဘူး။ ကိုယ်ဘာသာကိုယ် တစ်ယောက်ထဲ ကြိတ်ပြီး ကြံစည်နေတာတွေရှိမယ်။ စီးပွားရေးကိစ္စတွေထက် ကလေးတွေရဲ့ ပညာရေး (သို့) ဘာသာရေးနဲ့ ပတ်သက်တဲ့ ကိစ္စတစ်ခု ဖြစ်နိုင်တယ်။ ဒါကျွန်တော် ပြောတတ်တာ အကုန်ပဲ . .။”
            “ အေး . .  အဲဒါတော့ ဟုတ်တယ်။ ငါ့သား အငယ်ကောင်ကွာ . . သူတစ်ယောက်ပဲ ငါလက်မလွတ်သေးတာ။ ပညာရေးဝါသနာမပါ။ ကျောင်း ၁၀တန်းမဖြေ။ အခုနွေမှာ သူ့ကို သင်္ကန်းစီး ပေးဖို့ စိတ်ကူးထားတယ်။ သူလဲ စိတ်ငြိမ်ပြီး အပြောင်းအလဲ ဖြစ်သွားအောင်ပေါ့။ မင်းအစ်မနဲ့တော့ မတိုင်ပင်ရသေးဘူး။ မင်းကတ်တွေက ဘယ်ဆိုးလို့တုန်း . .”
            သီလရှင် ကယ်ပေလို့ !. . ။ 

No comments:

Post a Comment