ဂြိုဟ်လေးတွေ ဘယ်လိုသွား

ဂြိုဟ်တွေ ဒီနေ့ဘယ်မှာနေ . .

Friday, May 18, 2012

III. The Empress (ဧကရီ)


III. The Empress (ဧကရီ)


Isis
Eve
Lilith
Gypsy Queen

ဂဏန်းသင်္ချာ (၃)၊ ဟီးဘရူး အက္ခရာ Gimel ၊ သောကြာဂြိုဟ်နဲ့ ဗြိစ္ဆာရာသီ များနဲ့ ဆက်စပ်မှု ရှိပါတယ်။ တဖန် စွမ်းအားတွေ ပရိယာယ်တွေကို ဆွဲဆန့်ရင် ဆန့်နိုင်သလောက် ကြွယ်ဝတဲ့ ကြာသပတေးရဲ့ လွှမ်းမိုးမှု အောက်မှာလည်း ရှိပါတယ်။
I. Magician က ညာလက်မှာ coin ကိုင်ထားတယ်။ II. Lady Pope က ညာလက်မှာ စာအုပ်ကိုင်ထားတယ်။ အခု III. Empress က ညာလက်နဲ့ သိမ်းငှက်ရုပ်ပုံပါ ဒိုင်းကို ပိုက်ပွေ့ထားပါတယ်။
သိမ်းငှက်ဆိုတာ အခြားငှက်တွေထက် အမြင့်ဆုံးမှာ ပျံသန်းနိုင်တယ်။ အရှိန်အဟုန် လျှင်မြန်သလို လေဟုန်စီးပြီး တငြိမ့်ငြိမ့်လေးဝဲနေနိုင်တယ်။ အမြင့်ဆုံး အဝေးဆုံးမှာနေပြီး အနိမ့်ဆုံး မြေပြင်ပေါ်က အစားအစာ၊ သားကောင်ကို မြင်နိုင်စွမ်းရှိတယ်။ အစာတွေ့ရင် တဖြည်းဖြည်း ဝေ့၀ိုက်ဝဲလို့ နိမ့်ဆင်းလာပြီး သားကောင်ကို မသိမသာ လေ့လာတယ်။ ပိုင်ပြီဆိုမှ တဟုန်ထိုး အရှိန်ပြင်းပြင်းနဲ့ ပိုင်နိုင်စွာ ထိုးသုတ်ချီသွားလေ့ရှိတယ်။
စိတ်ပိုင်းဆိုင်ရာ အရည်အချင်းတွေကို အနက်ရှိုင်းဆုံး မြှင့်တင်ပြီး လက်တွေ့ ဆောင်ရွက်ရန် ရှိတာတွေကို အချိန်ယူ ပြင်ဆင်ပြီး အခြေအနေအားလုံး ပြည့်စုံတဲ့အချိန်မှာ အားခွန် ပြည့်ဝစွာ အကောင်အထည်ဖော်ခြင်းကို ညွှန်းပါတယ်။
တနည်းအားဖြင့် အင်အားနှစ်ရပ် ဓာတ်နှစ်ခုတို့ကို ညီညွတ်စွာ ပေါင်းစပ်ခြင်းကို ဆိုလိုပါတယ်။ ပထမဦးဆုံး နံပါတ် (၁) ကတ်က “ကျား” မျက်လှည့်ဆရာ၊ ဒုတိယနံပါတ် (၂) ကတ်က “မ” သို့သော် သီလရှင်၊ ပေါင်းစပ်လို့ မရနိုင်တဲ့ သဘာဝနှစ်ခု။ အခုနံပါတ် (၃) ဧကရီ၊ ကျားနဲ့မ ပေါင်းစပ်နိုင်တဲ့ အခြေအနေပြနေပြီ။ ဘယ်လိုပုံပေါင်းစပ်ကြမလဲ။ လက်ထဲမှာ ကိုင်ထားတဲ့ ကျိုင်းတံမှာ သောကြာဂြိုဟ်ရဲ့ သင်္ကေတ ပြထားတယ်။ ဇနီးမယား တစ်ယောက်အနေနဲ့ ပေါင်းစပ်နိုင်တယ်ပေါ့။ သောကြာရဲ့သဘောအရ ကာမဂုဏ် စည်းစိမ်ချမ်းသာတွေ ခံစားတော့မယ့်ပေါ့။ ဖိုဓာတ်နဲ့ မဓာတ် အဆင်ပြေစွာ သဘာဝကျစွာ ပေါင်းစပ်တော့မယ်ဆိုရင် ပွားစည်းမှုတွေ စွမ်အင်သစ်တွေ New Born တွေ မွေးဖွားလာတော့မှာပေါ့။
အဲဒါဟာ Empress ကတ်ရဲ့ အနှစ်သာရပါဘဲ . ..
ဒီပုံမှာ အနီရောင်၊ အပြာရောင်၊ အဖြူရောင်နဲ့ အ၀ါ၊ လိမ္မော်ရောင်တွေကို အချိုးကျစွာ သူ့နေရာနဲ့သူ ပေါင်းစပ်ထားပါတယ်။ ရုပ်ပုံတစ်ခုလုံးကို စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်ခံစားမှု၊ စိတ်ပျံ့လွင့်မှုတွေကို ကိုယ်စားပြုတဲ့ အ၀ါရောင်လိမ္မော်ရောင်တွေနဲ့ လွှမ်းခြုံထားပါတယ်။
နမူနာလေးတွေနဲ့ ပုံဖော်ကြည့်ရအောင် . . . .

နမူနာ (၁)
            “ဆရာ . ..  သမီးကျောင်းဆက်တက်ရမလား။ အိမ်ထောင်ပြုဖြစ်မလား . . သိချင်ပါတယ်။ သမီးက Honsး ၀င်တယ်။ ဆက်တက်ချင်တယ်။ အမေတို့က လက်ထပ်ပြီးမှ ဆက်တက်ရင်ရပါတယ် လို့ပြောတယ်။ သမီးဘယ်လိုလုပ်သင့်သလဲ အကြံပေးပါ။”
            “ဆရာ့ အကြံပေးတယ်ဆိုတာထက် တားရော့က လမ်းညွှန်အကြံပေးတာကို ကြည့်ကြတာပေါ့။ တားရော့ အစောင့်အရှောက်ပုဂ္ဂိုလ်တွေကို မေတ္တာပို့။ သမီးမေးချင်တာကို ရင်ထဲကမေးပြီး Shuffle လုပ်ပါ။ ပြီးရင် နှစ်ပုံခွဲပြီး ချိုးလိုက်ပါ။”
            ထွက်ပေါ်လာတာက III Empress . .
            “သမီး . . အခြေအနေတွေအားလုံက လက်ထပ်ဖို့ ညွှန်နေတယ်။ တားရော့ကလဲ လက်ထပ်ပါ။ လက်ထပ်ဖြစ်လိမ့်မယ်။ အဆင်ပြေတဲ့ လက်ထပ်မှုနဲ့ သာယာပြည့်စုံတဲ့ အိမ်ထောင်ရေးကိုလည်း ရမယ်လို့ ပြောနေတယ်။ သမီးက ဘာလက်မခံစရာ အကြောင်းရှိနေလို့လဲ။”
            “လက်မခံနိုင်စရာတော့ မရှိပါဘူး။ သူနဲ့ သမီးကလည်း ငယ်သူငယ်ချင်းတွေပါ။ ပြီးမှ ချစ်သူဘ၀ကို ရောက်ခဲ့ကြတာ။ မိဘတွေကလည်း သဘောတူကြပြီးသားပါ။ သမီးက လွတ်လွတ်လပ်လပ် ကျောင်းဆက်တက်ချင်တာ တစ်ခုတည်းပါ။ လက်ထပ်ဖို့ သင့်တယ်ဆိုလည်း အမေတို့ကို ခေါင်းငြိမ့်လိုက်ပါ့မယ်။ ကျေှးဇူးပါပဲ ဆရာ . .။”

နမူနာ (၂)
            “ လေးလေး . . . ကျွန်တော်တို့ လက်ထပ်တာ တစ်နှစ်ကျော်ပြီ။ ခုထိ ကလေးမရသေးဘူး။ ကလေးရနိုင်/ မရနိုင် ဗေဒင်ဟောပေးပါဦး။ ကလေးရအောင် ယတြာလိုရင်လည်း ပေးပါဦး။”
            သူငယ်ချင်းရဲ့သား . . . သူငယ်ချင်းရဲ့ မိန်းမဆုံးပါးသွားတော့ သားငယ်ကို အိမ်ထောင်ချပေးပြီး သား၊ ချွေးမနဲ့ သုံးယောက်သား နေကြ . .
            “အေးကွ . .  ကလေးအငယ် မရှိတော့ နေရတာ ပျင်းခြောက်ခြောက်ကြီး . . ” သူငယ်ချင်းက ၀င်ပြီး စကားထောက်တယ်။ သူလည်း မြေးချီချင်ပြီပေါ့ . . .
            ကဲ  . . တားရော့ချိုး . .
            ပေါ်လာတာက Empress . .
            “ဟေ့ကောင် . . . မင်းမိန်းမကိုလည်း သေသေချာချာ မေးကြည့်ပါဦး။ ငါထင်တာက သုံးလလောက်တောင် ရှိနေပြီထင်တယ်။ မဟုတ်တောင် သုံးလအတွင်းရမယ်။ ငါတာဝန်ယူတယ်။”
            တစ်ပါတ်လောက်ကြာတော့ ပြုံးဖြီးဖြီးနဲ့ . .
            “ဟုတ်တယ်…. လေးလေး ။ လေးလေးဟောတာမှန်တယ်။ မိန်းမမှာ ကိုယ်ဝန်ရှိနေပြီ။”

နမူနာ (၃)
            “ဆရာ . . . သမီးတို့ ၀င်ခဲ့မယ်နော် . .” ပြောလဲပြော ၀င်လည်းထိုင် . .
            “ဆရာ . . . ဒါသမီးရဲ့ အမေပါ။ ကိစ္စတစ်ခု အရေးပေါ်ပေါ်လာလို့ . . .။ သမီးတို့ မဆုံးဖြတ်နိုင်လို့ ဆရာ့ဆီလာတာ။ အမေကလည်း သိချင်လို့ လိုက်လာတာ။”
            “ ဟုတ်ပါတယ် ဆရာရယ်။ ဆရာ့အကြောင်းကိုတော့ သမီးက အမြဲပြောပါတယ်။ ဆရာဟောတဲ့အတိုင်း လုပ်ခဲ့တာ အခု လေယာဉ်မယ်ရွေးချယ်ရေး နောက်ဆုံး Final က အခုလာမယ့် တနင်္လာနေ့ကစပြီး ဖြေရတော့မယ် . . တစ်ခုခုကိုတော့ လက်လွှတ်ရတော့မယ် . . တစ်ဖက်ကလည်း စက်မှုတက္ကသိုလ် နောက်ဆုံးနှစ် Final စာမေးပွဲ ၊ တစ်ဖက်ကလည်း သမီးလေး အရမ်းဖြစ်ချင်နေတဲ့ လေယာဉ်မယ်။ နောက်ဆုံး ရွေးချယ်ပွဲ နေ့ရက်လည်းတိုက် ..  အချိန်တွေကလည်း တိုက်နေတော့ ဘယ်ဟာရွေးရမလဲ မသိဘူးဖြစ်နေတယ်။ ဆရာ ရွေးပေးပါ။”
            ကျွန်တော်လည်း ရင်ထဲ တဒိန်းဒိန်း ဖြစ်လာတယ်။ ခေါင်းထဲမှာလည်း ရီဝေေ၀။ ဒါက တကယ့် အဆုံးအဖြတ်။ အရွေးမှားရင် နှစ်မျိုးစလုံး လက်လွှတ် ဆုံးရှုံးရမှာ။ ။ ကိုယ့်ကိုယ်ကို အရင်ဆုံး စိတ်ငြိမ်အောင်လုပ်။ ဘုရားကို အာရုံပြု။ ဂုဏ်တော်ကိုးပါးရွတ်။ မေတ္တာပို့ . . ပြီးမှ . .
            “ သမီးတို့ တားရော့ကို ယုံတယ်မဟုတ်လား”
            “ယုံပါတယ်ဆရာ။ ဆရာ့ တားရော့ကို ယုံလို့ တားရော့က အကြံပေးလမ်းညွှန်ချက်တွေကို သမီးတို့ လိုက်နာခဲ့လို့ လေယာဉ်မယ် ရွေးချယ်ပွဲမှာ တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်ပြီး အခုလို Final ရောက်ခဲ့တာပါ။
            “ ကျွန်မလည်း ဆရာ့ပညာကို ယုံပါတယ်။ အားကိုးပါတယ်။ ဆရာဆုံးဖြတ်ပေးပါ။ လိုက်နာပါ့မယ်။”
            “ ကဲ . .. ဒါဆို ထုံးစံအတိုင်း လက်ဆေး၊ ရေမွှေးဆွတ်၊ တားရော့အစောင့်အရှောက်တွေ ဆရာသခင်တွေနဲ့တကွ အားလုံးကို မေတ္တာပို့၊ တားရော့ကတ်တွေကို shuffle လုပ်၊ လေးလေးနက်နက် အာရုံပြုပြီးမေး။ တစ်ခွန်းဘဲ မေးမယ်။ တစ်ကတ်နဲ့ဘဲ ဖြေမယ်။ လေယာဉ်မယ် နောက်ဆုံးရွေးချယ်ပွဲမှာ ရွေးချယ်ခံရခြင်း ရှိ/မရှိ။”
             . . . . ..
             . . .. . . .
            သူမချိုးထားတဲ့ တားရော့အပုံပေါ်က တစ်ကတ်ကို ဖြေးညှင်းစွာ၊ အားကိုးစွာ၊ ယုံကြည်လေးစားစွာ ဆွဲယူုပြီး မျက်နှာရှေ့မှာ အသာကပ်ပြီး ကောင်းမွန်ပြတ်သားသော အဖြေပေးပါရန် ဆုတောင်း နမ်းရှုံ့ပြီးတော့မှ မျက်လုံးဖွင့် ကြည့်လိုက်ပါတယ်။
            ပြီးမှ သူမတို့ သားအမိ နှစ်ယောက်ကို လှမ်းကြည့်လိုက်ပါတယ်။ ပူပန်သော၊ စိုးရိမ်သော၊ သိလိုလှပြီဖြစ်သော မျက်ဝန်းများ မျက်တောင်မခတ်။ အထူးသဖြင့် သမီးဖြစ်သူရဲ့ မျက်ဝန်းတွေက ပိုပြီးတောက်ပနေပါတယ် . . ကျွန်တော်က ဘာမှ မပြောသေးဘဲ ကတ်ပြားကို မှောက်ရက်နဲ့ဘဲ စားပွဲပေါ် ချထားလိုက်ပါတယ်။ ပြီးတော့မှ သူ့ကိုကြည့်ပြီး . . .
            “ သမီးကိုယ်တိုင် ကြည့်လိုက်” လို့ ခွင့်ပေးလိုက်ပါတယ်။
            သူမက မ၀ံ့မရဲဟန်နဲ့ တားရော့ကတ်ပြားကို ဆွဲယူပြီး ဖြေးဖြေး လှန်လိုက်တယ်။
            “ဟာ . .  ဆရာ သမီးအောင်ပြီ . . လေယာဉ်မယ် ဖြစ်ပြီ . . . ကျောင်းစာမေးပွဲကို လွှတ်လိုက်တော့မယ်။ လေယာဉ်မယ် စာမေးပွဲကိုဘဲ ဖြေတော့မယ်နော်။ ဒီကတ်ကို သမီး သိပြီးသား မေမေရဲ့။ သမီးတို့ တစ်သိုက်လေ လေယာဉ်မယ် လျှောက်ဖို့ ဖြစ်နိုင် မဖြစ်နိုင် ပထမဆုံး လာမေးတုန်းက ဒီကတ်ပဲ သမီးကျခဲ့တာ။ သမီးတို့ တစ်သိုက်ထဲမှာ သမီးတစ်ယောက်ကိုဘဲ အဖြစ်နိုင်ဆုံးရှိတယ်လို့ ဆရာဟောခဲ့တာ။ အဲဒီအတိုင်း စာမေးပွဲ အဆင့်ဆင့်မှာ သူငယ်ချင်းတွေအားလုံး ပြုတ်ပြုတ်ကျန်ခဲ့တာ။ သမီး တစ်ယောက်ဘဲ Final ရောက်ခဲ့တာ။ ဒါဆိုရင် သမီးဘာတွေ ပြင်ဆင်ထားရမလဲဆိုတာ ဟောပေးပါဦး ဆရာရယ် . .”
            အဲဒီကတ်က Empress ပါ . . .
 . . . ..
 . . . ..
            လွန်ခဲ့တဲ့ တစ်လလောက်ကပဲ သားအမိနှစ်ယောက် လာပြီး လုပ်ငန်းခွင်မှာ အဆင်ပြေဖို့ ယတြာ လာတောင်းပြီး ကန်တော့သွားကြသေးတယ် . . . .

No comments:

Post a Comment