ဂြိုဟ်လေးတွေ ဘယ်လိုသွား

ဂြိုဟ်တွေ ဒီနေ့ဘယ်မှာနေ . .

Thursday, May 10, 2012

မြန်မာ- အင်္ဂလိပ် ပြက္ခဒိန် (နှစ် ၃၀၀)

မြန်မာ- အင်္ဂလိပ် ပြက္ခဒိန် (နှစ် ၃၀၀)

အခု မြန်မာ-အင်္ဂလိပ် ပြက္ခဒိန်ကို ဆရာနျူမာန်၏ www.motaa.info မှတဆင့် ပြန်လည် ကူးယူ ဖော်ပြထားပါတယ် . .  လူအများ အလွယ်တစ်ကူ web page များမှတဆင့် လွယ်ကူစွာ အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးပါသော ဆရာနျူမာန်(မိုးတား)အား ရင်ထဲမှ အထူးကျေးဇူးတင်မိပါတယ် . . .
အောက်တွင် ဆရာနျူမာန်ဆီမှ ခွင့်တောင်း၍ အသုံးပြုပုံ အညွှန်းများကို www.motaa.info မှအတိုင်း ပြန်ဖော်ပြလိုက်ပါတယ် ခင်ဗျာ . . .


မိုးတား ဆိုက်ကို လာရောက် လေ့လာကြသူ မိတ်ဆွေများ အတွက် - မိုးတား အသင်းဝင် ဖြစ်သူ ကိုအောင်ဟိန်းအေး မှ ပြုစုထားသော မြန်မာ- အင်္ဂလိပ် ပြက္ခဒိန် ဖြစ်ပါတယ်။


နှစ် ၁၀၀- ပြက္ခဒိန်တွေ လွယ်လွယ် တွေ့နိုင်ပေမယ့်- နှစ် ၃၀၀ ပြက္ခဒိန်ကိုတော့- ပြက္ခဒိန် ပညာရှင်၊ သမိုင်း ပညာရှင်တို့က လွဲပြီး- သိသူ နည်းပါးလှပါတယ်။


ဒီ ပြက္ခဒိန် ကို သုံးရာမှာ- လောလောဆယ်တော့ မြန်မာ ခုနှစ်၊ လ နှင့် ရက်ကို ထည့်ပေးခြင်းဖြင့် သက်ဆိုင်ရာ ခရစ်သက္ကရာဇ် နေ့စွဲကို ရှာပေး နိုင်မှာ ဖြစ်ပါတယ်။


သုံးပုံ သုံးနည်းလေးကို ရှင်းပြ ပါရစေ။


“လ” ကို ထည့်တဲ့ နေရာမှာ- ရိုက်ထည့် စရာမလိုအောင် Drop Down List လုပ်တာ အဆင်မပြေတဲ့ အတွက်ကြောင့်- အောက်ပါ “လ” အမည် ကို copy ကူးပြီး paste လုပ်ပေး နိုင်ပါတယ်။ ရိုက်ထည့် လျှင် - လွဲသွား နိုင်တဲ့ အတွက် ဖြစ်ပါတယ်။


တန်ခူး
ကဆုန်
နယုန်
ပထမ၀ါဆို
ဒုတိယ၀ါဆို
ဝါခေါင်
တော်သလင်း
သီတင်းကျွတ်
တန်ဆောင်မုန်း
နတ်တော်
ပြာသို
တပို့တွဲ
တပေါင်း
နှောင်းတန်ခူး
နှောင်းကဆုန်


လဆန်း၊ လဆုတ် စတာတွေကိုလည်း- အဲဒီလိုပဲ copy ကူးပြီး paste လုပ်ပေးနိုင်ပါတယ်။


လဆန်း
လဆုတ်
လပြည့်
လကွယ်









အောက်မှ ဖေါ်ပြထားတာကတော့ ပြက္ခဒိန် ပရိုဂရမ်လေး ပြုစုသူ မိုးတား သင်တန်းသား ကိုအောင်ဟိန်းအေး ရဲ့ ရှင်းပြချက်လေး ဖြစ်ပါတယ်။


အားလုံး ချမ်းမြေ့ကြပါစေ။


နျူမာန် (မိုးတား) ------------
(မှတ်ချက်- မြန်မာ မင်းတို့၏ ဇာတာတော်ပုံ ကျမ်းလာ ရက်စွဲများ နှင့် နေ့သားများကို စိစစ်ရာတွင်-
နောင်တော်ကြီးမင်း၊ ဆင်ဖြူရှင်မင်း၊ သာယာဝတီမင်း စသော မင်း အချို့ အနေဖြင့် နေ့ရက် များ မကိုက်ညီသည်ကို တွေ့ရပါသည်။ နေ့နှင့် ရက်ကို ပြန်ကိုက်အောင် ညှိ မည် ဆိုလျှင်လည်း 19နှစ် လထပ်ကိန်းနဲ့ မကိုက်ညီပါချေ။)


မြန်မာ-အင်္ဂလိပ် ပြက္ခဒိန် converter . . . .. 300 ကျော်အတွက် ကုန်းဘောင်ခေတ်မှစတင်၍ မြန်မာ သက္ကရာဇ် နှစ်၊ လ၊ ရက် များမှတဆင့် ခရစ်နှစ်လရက်သို့ ပြောင်းယူတွက်ချက်နိုင်သော ပြက္ခဒိန် converter လေးကို ကြိုးပမ်းပြုစု၍ အများအသုံးပြုနိုင်ရန် ပြန်လည် မျှဝေလိုက်ပါတယ် . . . . လွယ်ကူအောင် converter လို့သာ ပြောရတာပါ . . ကျွန်တော်နားလည်တဲ့ ms excel နဲ့သာ တွက်ထားတဲ့ ဖိုင်လေးမျှသာ ဖြစ်ပါတယ် . . ဇာတာများတွက်ချက်ရာတွင် ခရစ်နှစ် ရက်စွဲများဖြင့်သာ data ထည့်သွင်း၍ ဇာတာဖွဲ့နိုင်သော ပရိုဂရမ်များသာ ရှိပေရာ ရှေးဇာတာတွေ တွက်မယ်ဆိုရင် အခက်အခဲဖြစ်နိုင်ပါတယ် . . အရင်ရှေးဇာတာတွေက မြန်မာ သက္ကရာဇ်တွေနဲ့သာ ဖော်ပြလေ့ရှိပြီး ခရစ်နှစ် ရက်စွဲကို အလွယ်တစ်ကူ မသိရှိနိုင်လို့ဖြစ်ပါတယ် . . ထိုအခက်အခဲကို ပြေလည်နိုင်စေရန်အတွက် မြန်မာပြက္ခဒိန်ကနေ အင်္ဂလိပ်ပြက္ခဒိန် ရက်စွဲကို ပြောင်းတဲ့ converter ကို ပြုစုရခြင်းဖြစ်ပါတယ် . . . နမူနာ အနေနဲ့ . . . အလောင်းမင်းတရားရဲ့ မွေးသက္ကရာဇ်အား ဇာတာတော်ပုံ ရာဇ၀င်(ရတနာသီခ မဟာရာဇ စာမျက်နှာ-211 မှ ကောက်နှုတ်ချက်) မှာ မြန်မာသက္ကရာဇ် 1076 ခု၊ တော်သလင်းလပြည့်ကျော် (လဆုတ်) 1 ရက်၊ သောကြာနေ့ ဟု ဖော်ပြပါရှိရာ converter လေးဖြင့် စစ်ဆေးကြည့်မည် ဆိုပါက ခရစ်နှစ် 24 ရက်၊ 8 လ၊ 1714 ခုနှစ် သောကြာနေ့ ဖြစ်ကြောင်း သိရှိနိုင်မှာ ဖြစ်ပါတယ်။


ကျွန်တော့အနေနဲ့ ရှေးနှစ် ရာပေါင်းများစွာကနေ မြန်မာမှ ခရစ်သို့ ပြောင်းနိုင်တဲ့ converter ကို ပြုစုချင်ပေမယ့် အသုံးပြုပြီးသား ပြက္ခဒိန်တွေရဲ့ ၀ါကြီးထပ်နှစ်၊ ၀ါငယ်ထပ်နှစ် ၊ ရိုးရိုးနှစ် တို့ကို သိရှိမှသာ ရှေးကအသုံးပြုခဲ့တဲ့ ပြက္ခဒိန်တွေကို မှန်ကန်စွာ ပြုစုနိုင်မှာ ဖြစ်ပါတယ် . . . ဒါကြောင့် ၀ါထပ်ရက်ငင် အချက်အလက်တွေကို ထုတ်ဝေပြီးသား မြန်မာ ပြက္ခဒိန်များ၊ သမိုင်းရက်စွဲ အချက်အလက်တွေပါတဲ့ ကုန်းဘောင်ခေတ် မြန်မာရက်စွဲများ အစရှိတဲ့ စာအုပ်တွေကနေ လက်လှမ်းမှီသမျှ ရှာဖွေစုစည်းခဲ့တာ ကျွန်တော် ထင်သလောက် မလွယ်ကူပဲ နှစ် 300 ခန့်သာ ရရှိခဲ့ပါတယ် . . ၀ါထပ်ရက်ငင် ပြဿနာများကြောင့် နှစ်များစွာအတွက် မပြုစုနိုင်ခြင်းအပေါ် မိမိကိုယ်ကိုယ် စိတ်တိုင်းမကျ၊ စိတ်မကောင်း ဖြစ်မိပါ သေးတယ်။ ပြီးတော့ ကျွန်တော်က programming language ကို တတ်ကျွမ်းနားလည်သူလည်း မဟုတ်တဲ့အတွက် အဆင့်အတန်းမှီတဲ့ ပရိုဂရမ်မျိုး မမျှဝေနိုင်တဲ့အတွက်လည်း သိမ်ငယ်မိပါတယ် . . ရှေ့လာမယ့်နှစ်တွေ အတွက်တော့ မြန်မာ သက္ကရာဇ် 2500 (ခရစ်နှစ် 3138) ထိ မိမိဘာသာ update ပြုနိုင်ရန် ပြုစုပေးထားပါတယ် . . . မြန်မာ့သမိုင်း ဘာသာရပ်အား အထူးပြုလေ့လာနေသူတွေ၊ မြန်မာပြက္ခဒိန် ၀ါသနာရှင်တွေ၊ ရှေးဇာတာတွေ လေ့လာနေတဲ့ နက္ခတ္တပညာရှင်တွေ၊ မြန်မာရက်စွဲမှ ခရစ်ရက်စွဲ သိရှိလိုသူတွေ စသည်ဖြင့် တစ်စုံတစ်ဦးအတွက် တစ်ထောင့်တစ်နေရာကနေ ယခု converter လေး အသုံးတည့်လျှင်ပင် ပင်ပန်ခံ ပြုစုရကျိုး နပ်ပြီဟု မိမိကိုယ်ကိုယ် နှစ်သိမ့်ဖြင့် . . . . . ယခု converter က အင်္ဂလိပ်ရက်စွဲမှ မြန်မာသက္ကရာဇ်ကိုတော့ ပြောင်းလဲ မတွက်ပေးနိုင်သေးတဲ့ အတွက်လည်း ဆက်လက် ကြိုးစားပါဦးမယ် . . မြန်မာပြက္ခဒိန် ကမ္ဘာ့အလယ် ၀င့်ထည်နိုင်ပါစေသတည်း . . .


မောင်အောင်ဟိန်းအေး 



No comments:

Post a Comment