တစ်နှစ်တာ ကာလကို
လှည့်ပတ်တာနဲ့ လိုရင်းတိုရှင်း ပြောရမယ်ဆိုရင် 12ရာသီ စက်ဝန်း 360ံကို နေက
တစ်ပတ်ပြည့်အောင် လှည့်ပတ်ပြီးချိန်ဟာ တစ်နှစ် ဖြစ်ပါသည် . . တစ်နည်းအားဖြင့်
နေသွားနှစ်လို့လည်း ခေါ်ဆိုကြပါသည်။ လည်ပတ်ချိန်နဲ့ ပြောမယ်ဆိုရင်တော့ ကမ္ဘာက
မိမိဝင်ရိုးပေါ်မှာ အကြိမ်ပေါင်း 365.25 ခန့် အနောက်မှ အရှေ့သို့ လည်ပတ်ပြီးချိန်ဟာ
တစ်နှစ်ဖြစ်ပါသည်။ တနည်းအားဖြင့် ကျွန်တော်တို့ နေထွက်တာကို
မြင်ရတဲ့အခေါက်ရေပေါင်း 365.25 ရက်ခန့် ရှိပြီဆိုရင် တစ်နှစ်အဖြစ် မှတ်သားနိုင်ပါသည်။
ကမ္ဘာဟာ အနောက်ကအရှေ့ကိုလည်နေတော့ ကမ္ဘာမှာ နေထိုင်ကြတဲ့ ကျွန်တော်တို့က နေကို
အရှေ့ကထွက်ပြီး အနောက်က ၀င်သည်ဆိုပြီး မြင်တွေ့ရခြင်းဖြစ်ပါသည်။ အဲဒီ ကမ္ဘာတစ်ကြိမ်
လည်ပတ်ချိန် (သို့မဟုတ်) အရှေ့အရပ်မှ နေတစ်ကြိမ်ထွက်ချိန်မှ
နောက်တစ်ကြိမ်ထွက်ချိန်ကို ၁ ရက်လို့ သတ်မှတ်ပါသည်။ အဲဒီ ၁ရက်ကို သာဝနရက်(နေသွားရက်)
လို့လည်း ခေါ်ဆို အသုံးပြုပါသည်။ ဒါဆိုရင်တော့ တစ်နှစ်နဲ့ တစ်ရက် သတ်မှတ်ပုံကို
အကြမ်းအားဖြင့် သိရှိနိုင်ပြီ ဖြစ်ပါသည်။
ဒါဆို ရှေးတုန်းက အချိန်ကာလတွေကို ဘယ်လိုနည်းတွေနဲ့
တိုင်းတာကြတာလဲ . . .ဆိုတာကို ကျွန်တော်တို့ လေ့လာကြည့်ကြပါမည် . .
မြန်မာပြက္ခဒိန်တွက်ရိုးဟာ
ရှေးသူတော်စင် ရသေ့ကြီးတွေပြုစုခဲ့ကြတဲ့ တွက်ရိုးကျမ်းတွေ အပေါ်မှာ အခြေပြုထားပါသည်
. . ကျွန်တော်က အခုလက်ရှိ
မြန်မာပြက္ခဒိန်ကို အသုံးပြုတွက်ချက်နေတဲ့ သူရိယသိဒ္ဓါ န္တတွက်ရိုးနဲ့ပဲ
ဖော်ပြသွားပါမည်။
သူရိယသိဒ္ဓါန္တကျမ်း
(အခန်း ၁၄ - ဂါထာ ၁) မှာက အချိန်ကာလကို တိုင်းတာတဲ့နည်း (၉)မျိုးကို
အောက်ပါအတိုင်း ဖော်ပြထားပါသည်။ (မာန= တိုင်းတာခြင်း)
၁။ ဗြဟ္မမာန
၂။ ဒိဗ္ဗမာန
၃။ ပိတုမာန
၎။ ပဇာပတိမာန
၅။ ဂုရုမာန
၆။ သောရမာန
၇။ သာဝနမာန
၈။ စန္ဒြမာန
၉။ နက္ခတ္တမာန တို့
ဖြစ်ပါသည်။
အဲဒီတိုင်းတာနည်း
(၉)မျိုးမှာ လူ့ပြည်လူ့ရွာမှာ သုံးတာက
၆။ သောရမာန
၇။ သာဝနမာန
၈။ စန္ဒြမာန
၉။ နက္ခတ္တမာန
တွေနဲ့ပဲ အမှုကိစ္စတွေ ဆောင်ရွက်ကြသည်လို့ ဆိုပါသည်။
ကျန်တဲ့
တိုင်းတာမှုတွေက အမြဲသုံးလေ့မရှိပဲ ယုဂ် စတာတွေ တိုင်းတာတဲ့ နေရာတစ်ချို့မှာပဲ
သုံးစွဲလေ့ရှိကြပါသည်။ စတုယုဂ် စသည့် ယုဂ်များအကြောင်း
အောက်ပါလင့်တွင် ဖော်ပြပြီး ဖြစ်ပါသည်။
http://motaa.net/discussion/index.php?option=com_ccboard&view=postlist&forum=26&topic=93&Itemid=2
http://motaa.net/discussion/index.php?option=com_ccboard&view=postlist&forum=26&topic=93&Itemid=2
အခန်း(၁၄) ဂါထာ(၃)
ဖော်ပြထားတာတော့
“နေ့ညဥ့်တို့၏ အတိုင်းအတာပမာဏ၊ အောက်တွင်ဖော်ပြမည့်မုခ(၈၆)ပါး၊
ဒက္ခိဏ၊ ဥတ္တရအယာဉ်နှစ်ပါး၊ သယနမိဿ၊ သာယနတူ အစရှိသော ၀ိသုဝနှစ်ပါးတို့၏ ပမာဏ၊ ၁နြွေဂိုဟ်
ပြောင်းရာကာလ (သံကြရန္တီ) ဖြင့်ကောင်းစွာပြရာကာလပိုင်းကို၊ ပိုင်းခြားသတ်မှတ်ခြင်းကိစ္စဟူသမျှ၌
သောရမာနဖြင့်တိုင်းတာသိရှိရသည်။” . . . . ဟူ၍ ရေးသားဖော်ပြထားပါသည်။
လေ့လာစသူများအဖို့
မြင်တွေ့နေကျ ခေတ်သုံးစကားလုံးတွေမဟုတ်တဲ့ ဂါထာတွေကိုဖတ်ပြီးတော့လည်း
ပြက္ခဒိန်အကြောင်း ကိုလေ့လာချင်စိတ် ကုန်သွားနိုင်ပါသည်။ ပြက္ခဒိန်အကြောင်းပြောဖို့က
အကိုးအကားမပါပဲ စိတ်ထဲထင်ရာ လျှောက်ရေးလို့လည်း မရပြန်တာကြောင့်ထည့်သွင်း
ဖော်ပြရခြင်း ဖြစ်ပါသည်။ ကျွန်တော့်အမြင်ပြောရပါမူ ပြက္ခဒိန်အကြောင်းလေ့လာမည်
ဆိုပါက နက္ခတ္တဝေါဟာရများနှင့် ပြက္ခဒိန်ဝေါဟာရများကိုလည်း အားလုံးမဟုတ်ရင်တောင်
တချို့တ၀က်အား လေ့လာထားသင့်ပါသည်။ ဂါထာက ဖော်ပြတဲ့ သောရမာနဆိုတာက
နေသွားလမ်းကြောင်းတစ်လျှောက် တနင်္ဂနွေဂြိုဟ် လှည့်လည်သွားလာမှုအပေါ်မူတည်ပြီး
တိုင်းတာခြင်းကို ဆိုလိုပါသည်။ အလွယ်ပြောရရင် တနင်္ဂနွေဂြိုဟ် အံသာ(ဒီဂရီ) 360 ပြည့်တာ “သောရနှစ် ၁နှစ်” ဖြစ်ပါသည်။
1 အံသာမှ 1အံသာ ကူးပြောင်းတာက “သောရရက် တစ်ရက်” လို့ သတ်မှတ်ပါသည်။ အံသာ 30
ပြည့်ရင် “သောရတစ်လ” ဖြစ်ပါသည်။ ကျွန်တော်တို့ သောရမာနကို အံသာ(ဒီဂရီ)ဖြင့်
တိုင်းတာတဲ့နှစ်လို့ပဲ အလွယ်မှတ်သားနိုင်ပါသည်။
ခြုံငုံပြောရရင်
ကာလပိုင်းရဲ့ ပိုင်းခြားသတ်မှတ်ခြင်းကိစ္စတွေကို ဖော်ပြတဲ့ ဒီဂါထာနံပါတ် (၃) ဟာ
နေမင်းသွားလာမှု 360 ဒီဂရီပြည့်ရင် တစ်နှစ်သတ်မှတ်သည်။ 30 ဒီဂရီပြည့်ရင် 1လ လို့ခေါ်သည်လို့
စည်းကမ်းသတ်မှတ်ထားတဲ့ ဂါထာပဲဖြစ်သည်လို့ ယူဆမိပါသည်။
ဒီလိုဆိုတော့ ကျွန်တော်တို့ ဘာကြောင့်
အံသာရက်တွေကို အသုံးမပြုပဲ သာဝနရက်တွေကို သုံးနေရတာပါလဲ။ ထပ်ပြီး
ကျွန်တော်လေ့လာကြည့်တော့ ဂါထာ(၁၈)(၁၉)ကြောင့်လို့ ထင်မြင်မိပါသည်။
ဂါထာ (၁၈)မှာ
ဖော်ပြထားတာက
နေတစ်ကြိမ်ထွက်သည်မှ နောက်နေတစ်ထွက်သည်အထိ ကာလပမာဏသည်
သာဝနရက်မည်၏။ ဤ သာဝနရက် အတိုင်းအတာ ပမာဏဖြင့် ကပ်၊ ယုဂ်၊ ဟရဂုဏ်း တို့သည်
သာဝနရက်တို့ဖြင့် ပိုင်းခြားတွက်ချက် သတ်မှတ်ထားသည်။ သာဝနရက်တို့ဖြင့်သာ
ယ၀နပူဇော်ရာ ကာလကို ပိုင်းခြားအပ်၏။
ဂါထာ (၁၉)မှာက
မွေးဖွားခြင်း၊ သေခြင်း စသည်တို့၏ ကာလအပိုင်းအခြား၊ နေ့
အရှင်၊ လအရှင်၊ နှစ်အရှင်၊ မဓျဂြိုဟ်တို့၏ နေ့စဉ်သွားဂတိတို့ကိုလည်း
သာဝနရက်ဖြင့်သာ ပိုင်းခြား သတ်မှတ်ရမည်။
သာဝနရက်ဆိုတာက
နေထွက်တစ်ကြိမ်မှ နောက်နေ့နေထွက်သည်အထိ ရေတွက်သော တစ်ရက်တာကာလ ဖြစ်ကြောင်း
အထက်တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
အောက်ခြေမှတ်စုတွင်-
သာဝနသည် မြို့ပြကျေးရွာနေ လူများနှင့် သက်ဆိုင်သော
အချိန်ကာလအတွက် သုံးစွဲသော စကားရပ်ဖြစ်သည်။ ဤကဲ့သို့ အချိန်ကာလကို သာဝနဖြင့်
သတ်မှတ်သုံးစွဲခြင်းသည် အခြားသော အချိန်ကာလများနှင့် ကွဲပြားမှုကို သိသာထင်ရှား၍
အလွယ်တစ်ကူမှတ်ယူနိုင်သည်။ လက်တွေ့တွင် နေထွက်မှ နောက်တစ်ကြိမ် နေထွက်သည့်
အကြားရှိကာလကို 1 ရက်ဟု သုံးစွဲရာများစွာ အဆင်ပြေသည်။ .. . စသည်ဖြင့် ရှင်းလင်း ဖော်ပြထားပါသည်။
ဒီဂါထာ(၁၉)က တနင်္ဂနွေဂြိုဟ်ဖြစ်တဲ့
နေမင်း 1 အံသာစီ ရောက်ရှိချိန်ကို မှတ်ရတာထက် နေထွက်တစ်ကြိမ်စီကို မှတ်ရတာက
ပိုလွယ်ကူတဲ့အတွက် တစ်ရက်တာကာလကို သာဝနရက်နဲ့ မှတ်သားကြောင်း သိမြင်နိုင်စေပါသည်။
အားလုံးကို ပြန်သုံးသပ်ကြည့်ရင် သောရမာနအရ တစ်ရက်ကို 1 အံသာ၊ တစ်လကို 30 အံသာ၊
တစ်နှစ်ကို 360 အံသာ ဆိုပြီး သတ်မှတ်ထားပေမယ့် မှတ်သားရလွယ်ကူတဲ့ နေထွက်သာဝနအကြိမ်တွေနဲ့ပဲ
တစ်ရက်၊ တစ်လ၊ တစ်နှစ် ဆိုပြီး တိုင်းတာ သတ်မှတ်ကြောင်း သိရှိနိုင်ပြီ ဖြစ်ပါသည်။
ဒါကြောင့် တစ်နှစ်မှာ 360ံ အံသာရက်ရှိတဲ့ကာလတွင် သာဝနရက် အားဖြင့် 365.25ရက်ခန့်
ရှိတာကိုလည်း မိမိဘာသာ တွေးယူနိုင်ပြီ ဖြစ်ပါသည်။ ဒါဆိုရင် အဲဒီ သာဝနရက်အားဖြင့်
365.25 ရက်ခန့်ဟာ မြန်မာပြက္ခဒိန်ရဲ့ တစ်နှစ်တာကာလကို ဘယ်နေ့မှာ စတင်ရေတွက်ပြီး
ဘယ်နေ့မှာ ကုန်ဆုံးပါသလဲ . . .
မြန်မာသက္ကရာဇ် နှစ်ဟောင်းကုန်ဆုံး၍ မြန်မာသက္ကရာဇ်နှစ်သစ်ကို
မည်သည့်နေ့မှစတင်ရေတွက်ပါသနည်း။
အောက်ဖော်ပြပါ
အဖြေများထဲမှ အဖြေမှန်ဟု သင်ယူဆသည့် နံပါတ်များအား ရွေးချယ်ကြည့်ပါ။
1။ တန်ခူးလဆန်း
1ရက်နေ့မှစ၍ မြန်မာသက္ကရာဇ် နှစ်သစ်ကို စတင် ရေတွက်ပါသည်။
2။
ခရစ်ပြက္ခဒိန်ရှိ ဧပြီလ 16/17 ရက်မှ မှစ၍ မြန်မာသက္ကရာဇ် နှစ်သစ်ကို အစဉ်အမြဲစတင်
ရေတွက်ပါသည်။
3။
နှစ်တစ်နှစ်၏အစမှ 354 ရက်ပြည့်သောနေ့မှစ၍ မှစ၍ မြန်မာသက္ကရာဇ် နှစ်သစ်ကို စတင်
ရေတွက်ပါသည်။
4။
နှစ်တစ်နှစ်၏အစမှ 384 ရက်ပြည့်သောနေ့မှစ၍ မှစ၍ မြန်မာသက္ကရာဇ် နှစ်သစ်ကို စတင်
ရေတွက်ပါသည်။
5။
နှစ်တစ်နှစ်အစမှ 385 ရက်ပြည့်သောနေ့မှစ၍ မှစ၍ မြန်မာသက္ကရာဇ် နှစ်သစ်ကို စတင်
ရေတွက်ပါသည်။
6။
သင်္ကြန်အကြိုနေ့ မှစ၍ မြန်မာသက္ကရာဇ် နှစ်သစ်ကို စတင် ရေတွက်ပါသည်။
7။ သင်္ကြန်အကျနေ့
မှစ၍ မြန်မာသက္ကရာဇ် နှစ်သစ်ကို စတင် ရေတွက်ပါသည်။
8။ သင်္ကြန်အတက်နေ့
မှစ၍ မြန်မာသက္ကရာဇ် နှစ်သစ်ကို စတင် ရေတွက်ပါသည်။
အထက်ဖော်ပြပါ
အဖြေများထဲမှ နံပါတ်တစ်ခုအား သင်ရွေးချယ်မိလျှင်ပင် မြန်မာပြက္ခဒိန်၏
နှစ်သစ်စတင်ရေတွက်သောနေ့အား သင်သေချာစွာ မသိရှိသေးဟု ယူဆနိုင်ပါသည်။ အဖြေမှန်မှာ
အထက်ဖော်ပြပါအချက်အားလုံးသည် မြန်မာသက္ကရာဇ် နှစ်သစ် စတင်ရေတွက်သော နေ့ရက်များ
မဟုတ်ပါချေ။ အားလုံး အဖြေမှားများသာ ဖြစ်ပါသည်။ နှစ်သစ်စတင်ချိန်အား
လူတော်တော်များများ ထင်ယောင်ထင်မှား ဖြစ်နေတာတွေကို ကျွန်တော်
ရေးသားထားခြင်းမျှသာဖြစ်ပါသည်။ အဖြေမှန်က မြန်မာသက္ကရာဇ် နှစ်သစ်အား သင်္ကြန်အတက်နေ့ပြီး
နောက်တစ်ရက်မှ စတင်ရေတွက်ပါသည်။ ပြက္ခဒိန်တွင် နှစ်ဆန်းတစ်ရက်နေ့ ဟု ဖော်ပြထားသော
နေ့ဖြစ်ပါသည်။
အင်္ဂလိပ်ပြက္ခဒိန်အရမဟုတ်ပဲ ရှေးယခင်မှ ယနေ့တိုင် မြန်မာပြက္ခဒိန်ရဲ့
သက္ကရာဇ်တစ်နှစ်တာ ကာလသည် 365.25 ခန့် (365 သို့မဟုတ် 366 ရက်) ရှိသည် ဆိုပါလျှင်
သင်လက်ခံပါသလား။
လူအများစု သက္ကရာဇ်တစ်နှစ်တာကာလကို
ရောထွေးနေကြတာ ဒီအချက်လည်းပါမယ်လို့ ထင်မိပါသည် . . ဘာကို ရောထွေးနေလဲဆိုတော့
မြန်မာပြက္ခဒိန်ရဲ့ သက္ကရာဇ်တစ်နှစ်တာကာလဟာ ရိုးရိုးနှစ်မှာ ၃၅၄ ရက်၊
ဝါငယ်ထပ်နှစ်မှာ ၃၈၄ ရက်၊ ၀ါကြီး ထပ်နှစ်မှာ ၃၈၅ ရက် ရှိသည်လို့ မှတ်ထင်နေကြ၍
ဖြစ်ပါသည် . . . ကျွန်တော့်အနေဖြင့် ထိုရက်များသည် တနင်္ဂနွေဂြိုဟ်သွားအရ သတ်မှတ်ထားတဲ့
မြန်မာသက္ကရာဇ်တစ်နှစ်တာကာလနှင့် မသက်ဆိုင်ကြောင်း တင်ပြလိုပါသည် . . .
ဘာကြောင့်လဲဆိုတော့
ရိုးရိုးနှစ် စတာတွေက တနင်္လာဂြိုဟ်အရ လပြည့်လကွယ်၊ လဆုတ်လဆန်းတွေကို ဖော်ပြတဲ့ တန်ခူးလဆန်း
1 ရက်မှ တပေါင်း လကွယ်ထိ ရေတွက်ထားသော ရက်များသာ ဖြစ်ပါသည်။ မြန်မာပြက္ခဒိန်၏ တစ်နှစ်တာကာလသည်
တန်ခူးလဆန်း1ရက်မှ တပေါင်းလကွယ် 15 ရက်ထိ သတ်မှတ်ထားခြင်း မဟုတ်ကြောင်းကိုမူ ရောထွေးမှုမရှိပဲ
ရှင်းရှင်းလင်းလင်း သိထားစေချင်ပါသည်။
တစ်နှစ်တာကာလ
သတ်မှတ်တာဟာ အထက်က ဖော်ပြခဲ့ပြီးသလို နေထွက်ကြိမ်ပေါင်း 365.25 ကြိမ်ကိုမြင်ရတဲ့
ရက်ပေါင်း 365.25 ခန့်သာ ဖြစ်ပါသည် . . . မြန်မာပြက္ခဒိန်ရဲ့ တစ်နှစ်တာကာလဟာ
ဟိုးအရင် ကမ္ဘာသုံးအင်္ဂလိပ်ပြက္ခဒိန် မပေါ်ခင်ကတည်းက 365 ရက် (သို့) 366 ရက်
ပဲသတ်မှတ်ပါသည်။ မြန်မာပြက္ခဒိန်ပညာရှင်များက မာတုလဲနှစ်၊ တော်တုလဲနှစ် လို့လည်း
ခေါ်ဆို အသုံးပြုကြပါသည်။ လက်တွေ့ သိရှိလိုပါက နက္ခတ်ဗေဒင်ပညာရှင်များ အသုံးပြုသော
သံဒိဋ္ဌ ပြက္ခဒိန်များတွင်ကြည့်ရှုနိုင်ပါသည်။ ထိုပြက္ခဒိန်များတွင် သာဝနရက်ခေါ်
နေသွားရက်များကို သုဒ္ဓဒိန်ရက် ဟူ၍ ဖော်ပြထားလေ့ရှိပါသည်။ ထို သုဒ္ဓဒိန်ရက် 365 ရက်
သို့မဟုတ် 366 ရက် ကုန်ဆုံးလျှင် မြန်မာသက္ကရာဇ် နှစ်ဟောင်းမှ နှစ်သစ်သို့
ကူးပြောင်း သည်ကို သိရှိနိုင်ပါသည်။ သံဒိဋ္ဌပြက္ခဒိန်များအား အလွယ်တစ်ကူ
မရရှိနိုင်ပါကလည်း ယခု အများအသုံးပြုသောနေသော မြန်မာပြက္ခဒိန်နှင့်
တွက်ကြည့်နိုင်ပါသည်။ မြန်မာ ပြက္ခဒိန်၏ နှစ်သစ်အစသည် သင်္ကြန်အတက်ရက်၏
သင်္ကြန်တက်ချိန်မှ စတင်ပါသည်။ သို့သော် ထိုနေ့ရှိ သင်္ကြန်တက်ချိန်မှ သန်းခေါင်ထိကာလသည်
တစ်ရက်တာကာလ (24 နာရီ) အပြည့်မရှိသဖြင့် သင်္ကြန်အတက်နေ့၏ နောက်တစ်နေ့ကိုသာ နှစ်သစ်၏
အစနေ့ရက်အဖြစ် သတ်မှတ်ပါသည်။ ယခုအသုံးပြုနေသော ပြက္ခဒိန်များတွင် “နှစ်ဆန်းတစ်ရက်”
ဟု ထည့်သွင်းဖော်ပြလေ့ရှိပါသည်။ ထိုနေ့တွင် မြန်မာသက္ကရာဇ် နှစ်သစ်စတင်ပါသည်။
ဥပမာ- မြန်မာသက္ကရာဇ်
1373 ခုနှစ်သည် သင်္ကြန်အတက်နေ့တွင်
ကုန်ဆုံးပြီး နှစ်ဆန်းတစ်ရက်နေ့တွင် မြန်မာသက္ကရာဇ် 1374 ခုနှစ် စတင်ပါသည်။
ထို့ကြောင့် မြန်မာပြက္ခဒိန်၏ နှစ်ဆန်းတစ်ရက်နေ့မှ သင်္ကြန်အတက်နေ့ထိ ကာလသည်
မြန်မာပြက္ခဒိန် တစ်နှစ်တာ ကာလဖြစ်ပါသည်။ ထိုနှစ်ဆန်းတစ်ရက်နေ့မှစတင်၍ တစ်ရက်၊
နှစ်ရက်စသည်ဖြင့် သင်္ကြန်အတက်နေ့ထိ ရက်များအား ရေတွက်ကြည့်ခြင်းဖြင့် မြန်မာ
ပြက္ခဒိန်၏ တစ်နှစ်တာကာလသည် 365 ရက် (သို့မဟုတ်) 366 ရက် ရှိကြောင်း
သိရှိနိုင်ပါလိမ့်မည်။ facebook စာမျက်နှာတစ်ခုတွင် မြန်မာပြက္ခဒိန်သည်
အနောက်တိုင်း အင်္ဂလိပ်ပြက္ခဒိန်မှ ကူးချပြုစုထားခြင်းပေလားဟု ယူဆပါမိသည်လို့
ရေးထားတာတွေ တွေ့မိ၍လည်း များစွာ စိတ်မကောင်း ဖြစ်မိပါသေးသည်။ အင်္ဂလိပ်ပြက္ခဒိန်သည်
ယခင်က ဇန်န၀ါရီ၊ ဖေဖော်ဝါရီလတို့ မပါဝင်ပဲ 10 လသာရှိပြီး တနင်္ဂနွေ၊ တနင်္လာ
စတဲ့နေ့တွေဟာလည်း AD-123 ခန့်ရောက်ရှိမှသာ အတည်တကျ စတင်အသုံးပြုကြောင်း
များကိုလည်း သိရှိထားသင့်ပါသည်။ အနောက်တိုင်း
ပြက္ခဒိန်အကြောင်းအရာများကို အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည်။
http://motaa.net/discussion/index.php?option=com_ccboard&view=postlist&forum=26&topic=93&Itemid=2
http://motaa.net/discussion/index.php?option=com_ccboard&view=postlist&forum=26&topic=93&Itemid=2
ဤနေရာတွင် စကားစပ်၍
ကျွန်တော့်အမြင်တစ်ခုအား တင်ပြလိုပါသည်။ မြန်မာ ပြက္ခဒိန်ရဲ့ နှစ်ဟောင်းသက္ကရာဇ်ကုန်ဆုံး၍မှ
နှစ်သစ်သက္ကရာဇ်စတင်ချိန်ကို မြန်မာပြက္ခဒိန်ရဲ့ ပထမဦးဆုံးလရဲ့ 1 ရက်နေ့
ဖြစ်ရင်ကောင်းမယ်ဆိုပြီး အကြံပြု ဆွေးနွေးတင်ပြထားတာတွေကို ရေးကြ ပြောကြတာ
တွေ့မိပါသည် . . . အမှန်တစ်ကယ်လည်း ဖြစ်သင့်တဲ့ ကိစ္စတစ်ခု ဖြစ်သည်လို့
လေ့လာသူမိတ်ဆွေ များလည်း သတိထားမိပါလိမ့်မည်
. . . . အင်္ဂလိပ် ပြက္ခဒိန်မှာဆို အမြဲတမ်း ဒီဇင်ဘာ 31 ရက်ညဆို Happy New
Year ဆိုပြီး ကြိုဆိုကြပါသည် . . . ဇန်န၀ါရီလ 1 ရက်နေ့က အင်္ဂလိပ်ပြက္ခဒိန်ရဲ့
ပထမဦးဆုံးလရဲ့လည်းဖြစ်သည် စစဦးချင်း 1 ရက်နေ့လည်း ဖြစ်သည်ဆိုတော့ အလွန်
သဘာဝကျကြောင်း တွေ့မြင်ကြရပါသည် ဟုဆိုပါသည်။
မြန်မာ
ပြက္ခဒိန်မှာတော့ နှစ်သစ်အစပြုချိန်က တန်ခူးလမှာဖြစ်လိုက်၊ ကဆုန်လမှာ
ဖြစ်လိုက်ဆိုတော့ လူတိုင်းဘ၀င် မကျချင်စရာဖြစ်နေရပါသည်။
သို့ဖြစ်လျှင် မြန်မာပြက္ခဒိန်၏ နှစ်ဟောင်းသက္ကရာဇ်မှ နှစ်သစ်သက္ကရာဇ်စတင်ရေတွက်ခြင်းသည်
အမြဲတမ်း ပထမဦးဆုံးလ၏ 1ရက်နေ့တွင် စတင်ရေတွက်သည်ဆိုလျှင် သင်လက်ခံပါသလား။
ဤနေရာတွင်
တင်ပြလိုသည်မှာ မြန်မာပြက္ခဒိန်သည် တနင်္ဂနွေဂြိုဟ်နှင့် တနင်္လာဂြိုဟ်တို့၏
ရွေ့လျားနှုန်း (သို့) နေလနှစ်ပါးအရ စီရင်ထားသော ပြက္ခဒိန်ဖြစ်ပါသည်။
မြန်မာပြက္ခဒိန်တွင် စန္ဒြမာသ ဟုခေါ်သော တန်ခူးလ၊ ကဆုန်လ စသည်ဖြင့် တနင်္လာဂြိုဟ်၏
တိထီရက်များ ဖြစ်သော လပြည့်လကွယ် လဆန်း လဆုတ် စသည်တို့အား ထည့်သွင်း ဖော်ပြထားပါသည်။
သူရိယမာသ ဟုခေါ်သော တနင်္ဂနွေဂြိုဟ်၏ နေသွားတစ်လတာ ကာလများကိုမူ ထည့်သွင်းထားခြင်း
မရှိပါချေ။ ထို့ကြောင့် ထိုပထမဦးဆုံးလ၏ 1ရက်နေ့တွေ နှစ်သစ်စတင်ခြင်းမရှိဟူသော
အလိုမကျမှုများ ရှိလာကြခြင်းဖြစ်သည်ဟု ယူဆမိပါသည်။ ကျွန်တော့်
သဘောအား တင်ပြရပါမူ မြန်မာပြက္ခဒိန်၏
နှစ်ဟောင်းသက္ကရာဇ်မှ နှစ်သစ်သက္ကရာဇ်ကူးပြောင်းခြင်းသည် အမြဲတမ်း ပထမဦးဆုံးလ၏
1ရက်နေ့တွင် ကူးပြောင်းသည်ဟု လက်ခံပါသည် ဟု ဆိုချင်ပါသည်။ အဘယ်ကြောင့်ဆိုသော်
မြန်မာနေသွားအရ ပြက္ခဒိန်များတွင် နှစ်သစ်စတင်ချိန်အား “နှစ်ဆန်း 1ရက်”ဟု ရှင်းလင်းစွာ
ဖော်ပြရေးသားထားပြီး ဖြစ်ပါသည်။ သံဒိဌပြက္ခဒိန်များတွင်လည်း သုဒ္ဓဒိန် (1)ရက် ဟု
ဖော်ပြထားပါသည်။ မြန်မာပြက္ခဒိန်၏ သူရိယမာသအရ ပထမဦးဆုံးဖြစ်သောလ၏ အစနေ့ရက်သည်
နှစ်ဆန်းတစ်ရက်နေ့မှ စတင်သောကြောင့် ဖြစ်ပါသည်။ ဂါထာ (19)တွင် လူတို့၏
မွေးဖွားခြင်း သေခြင်းတွေကို သာဝနရက်တွေနဲ့သာ ဖော်ပြရမယ်လို့ တင်ပြပြီး ဖြစ်ပါသည်။
ထိုနည်းတူ လူတို့၏ အသက်တစ်နှစ်၊ နှစ်နှစ် စသည်ဖြင့် ရေတွက်ခြင်းတို့အားလည်း
နေသွားလ၊ နေသွားနှစ် တို့ဖြင့်သာ မှတ်သားရမည်သာ ဖြစ်ပါသည်။ ထို့ကြောင့် စန္ဒြမာသ
ခေါ် လသွားဖြင့် သတ်မှတ်သော တန်ခူးလဆန်း 1 ရက်သည် မြန်မာသက္ကရာဇ်၏ အစဦး ဖြစ်ခြင်း/မဖြစ်ခြင်းကို
ထည့်သွင်းစဉ်းစားရန်မလိုဟု ကျွန်တော် ယူဆပါသည်။ စန္ဒြမာသသည် သူရိယမာသ မဟုတ်သလို
သူရိယမာသသည်လည်း စန္ဒြမာသ ဘယ်တော့မှ ဖြစ်လာမည် မဟုတ်ပါချေ။ စဉ်းစား ဆင်ခြင်
သင့်လှပါသည်။
သူရိယသိဒ္ဓါန္တကျမ်း
အလိုအရ သူရိယမာသ တစ်လတာ ကာလအပိုင်းအခြားကို အောက်ပါအတိုင်း တွက်ချက် ဖော်ပြထားသည်ကို
တွေ့ရှိနိုင်ပါသည်။ နှစ်ဆန်းတစ်ရက်နေ့မှနေ၍ အောက်ဖော်ပြပါ ရက်အရေအတွက်များဖြင့်
နေသွားတစ်လတာ ကာလအား ခန့်မှန်း သိရှိနိုင်ပါသည်။
အထက်ပါဇယားမှာ ဆရာဒေါက်တာကံညွန့် မြန်မာဘာသာပြန်ဆိုသော သူရိယသိဒ္ဓါန္တကျမ်းမှ ကောက်နှုတ် ဖော်ပြထားခြင်း ဖြစ်ပါသည်။ ဇယားတွင် အိန္ဒိယ
တွင်အသုံးပြုသော ၀ိသာခါလ(ကဆုန်) အား တစ်နှစ်တာကာလ၏ ပထမဦးဆုံး သူရိယမာသ နေသွားလအဖြစ်
ဖော်ပြထားသော်လည်း မြန်မာပြက္ခဒိန်အရမူ စိတြ(တန်ခူးလ) ၏ 30ရက်၊ 20 နာရီ၊ 21 ဗီဇနာ၊
2 ပြာဏ်၊ 36 ခရာအား ပထမဆုံး သူရိယမာသ နေသွားလအဖြစ် သတ်မှတ်ယူဆရမည် ဖြစ်ပါသည်။
မှတ်ချက်- ဖော်ပြထားသော ဇယားမှာ သူရိယမာသ ဖြင့်သတ်မှတ်ထားေးသာ တစ်လတာကာလများသာ
ဖြစ်ပါသည်။ ယခုမြန်မာပြက္ခဒိန်တွင် အသုံးပြုဖော်ပြထားသော တန်ခူး၊ ကဆုန်စသည့်
စန္ဒြမာသလများ မဟုတ်ပါချေ။
မြန်မာပြက္ခဒိန်၏
နောက်ကွယ်တွင် သူရိယမာသ(ခေါ်) နေသွားလရှိသည့်အကြောင်းကို သိရှိပါလျှင် (သို့) ပြက္ခဒိန်တွင်
ထိုနေသွားအရ တစ်လတာကာလများအား ဖော်ပြပေးနိုင်လျှင် မြန်မာပြက္ခဒိန်၏
နှစ်ဟောင်းသက္ကရာဇ်မှ နှစ်သစ်သက္ကရာဇ်ကူးပြောင်းခြင်းသည် အမြဲတမ်း ပထမဦးဆုံးလ၏
1ရက်နေ့တွင် ကူးပြောင်းသည် ဟူသော အဆိုအား လူတိုင်းလက်ခံလာမည်ဟုလည်း
ယုံကြည်မိပါသည်။
ဒါဆိုရင် မြန်မာပြက္ခဒိန်မှာ သူရိယမာသ လို့ခေါ်တဲ့ “နေသွားတစ်လ”
စသည်ဖြင့် မဖော်ပြပဲ ဘာ့ကြောင့် လဆန်း၊ လဆုတ်၊ လပြည့်၊ လကွယ်တွေစတဲ့
စန္ဒြမာသလို့ခေါ်တဲ့ “လသွားတစ်လ” (တန်ခူးလစသည်)တွေကိုပဲ ပိုပြီး အလေးထား ဖော်ပြရတာပါလဲ
. . .
ဒီအဖြေကိုတော့
အောက်ပါ ဂါထာ(13)ကို ဖတ်ကြည့်မိတာနဲ့ သဘောပေါက်နိုင်သည်ဟု ယူဆမိပါသည် . . . .
ဂါထာ (၁၃)
ပြတိပဒါ စသော တိထီကို လည်းကောင်း၊ ဗဗ-စသော ကရိုဏ်းကို
လည်းကောင်း၊ လက်ထပ်ထိမ်းမြားခြင်း၊ ဆံရိတ်ခြင်းအမှုကို လည်းကောင်း၊ ဆံထုံးခြင်း၊
စလွယ်တင်ခြင်း စသော အလုံးစုံသော မင်္ဂလာ အမှုကိစ္စတို့ကို လည်းကောင်း၊ တရားကျင့်ခြင်း၊
ဥပုသ် ဆောက်တည်ခြင်း၊ ခရီးသွားလာခြင်း စသည်တို့ကိုလည်းကောင်း စန္ဒြမာနဖြင့်
ပိုင်းခြားသတ်မှတ်၍ ယူအပ်၏။ အလုံးစုံ ဆောင်ရွက်ဖွယ် ကိစ္စဟူသမျှတို့တွင် တိထီသာ
ပဓာန ဖြစ်လေသည်။
ဂါထာက ရှင်းလွန်းလှပါသည်။
တိထီရက်တွေက “ဘာပဲလိုလို ရန်ကုန်လမ်းညွှန် ရှိတယ်” ဆိုပြီး ညွှန်းသလိုမျိုး
“ဘာပဲလုပ်လုပ် တိထီ ရှိတယ်၊ တိထီကို ကြည့်ရမယ်” လို့တောင် ဆောင်ပုဒ်တစ်ခု
ထားလိုက်ချင်ပါသည်။ အလုံးစုံ ဆောင်ရွက်ဖွယ် ကိစ္စဟူသမျှတို့တွင်
တိထီသာ ပဓာန ဖြစ်လေသည် . . ဟု ဆိုထားသဖြင့် တိထီက အဲဒီလောက် အရေးပါလှပါသည်
. . လူတွေရဲ့ ဆောင်ရွက်ဖွယ် ကိစ္စတွေမှာ တနင်္လာဂြိုဟ်နဲ့တနင်္ဂနွေဂြိုဟ်ရဲ့
အကွာအဝေးကို ဖော်ပြတဲ့ တိထီပြည့်ချိန်၊ တိထီဆန်းချိန်၊ တိထီ ဆုတ်ချိန် တွေက
အရေးပါလှတာကြောင့် မြန်မာပြက္ခဒိန်မှာ နေသွား သာဝနရက်ထက် လသွား တိထီရက်ကို အလေးထား
ဖော်ပြထားရခြင်းဖြစ်ပါသည်။ . . .
တိထီရဲ့
ဖွင့်ဆိုချက်ကိုတော့ ဂါထာ (၁၂)မှာ ဖော်ပြထားတာက -
တနင်္လာ ဂြိုဟ်လမင်းသည် လကွယ်နေ့၌ တနင်္ဂနွေဂြိုဟ် နေမင်းနှင့်
ရာသီ၊ အံသာ၊ လိတ္တာ ထပ်တူညီ၍ တဖန် ထိုနေ့မှ ခွာထွက်လျက် နေ့စဉ်နေ့စဉ် အကြင်မျှလောက်
အရှေ့ဘက်၌ ကျန်ရစ်၏။ ထိုမျှ ကျန်ရစ်သော ပမာဏကို တနင်္လာဂြိုဟ်လမင်း၏ အပိုင်းအခြား
ပမာဏဟု သိအပ်၏။ ၁၂ အံသာတို့ဖြင့် တိထီတစ်လုံး = တိထီ ၁ရက် ဖြစ်၏။ တနင်္ဂနွေနှင့်
တနင်္လာဂြိုဟ်တို့၏ အကြား အကွာအဝေးသည် ၁၂ အံသာသည် တိထီမည်၏။ ထိုတိထီ
တစ်လုံးသည်ပင်လျှင် စန္ဒြဒိန= တိထီ တစ်ရက် ဖြစ်သည်။ . . . ဆိုပြီး
ရှင်းလင်းစွာ ဖော်ပြထားပါသည် . . ။
ယခုအခါ လူတော်တော်များများ
ရောထွေးနေသည်ဟု ယူဆရသော နှောင်းတန်းခူး၊ ဦးတန်ခူးစသည့် အကြောင်းအား ရေးသားဖို့ရည်ရွယ်ခဲ့သော်လည်း
နှောင်းတန်းခူး ဦးတန်ခူး အကြောင်းရှင်းလင်းရာတွင် လိုအပ်မည့် အကြောင်းအရာများ ရေးရင်းရေးရင်း
လိုရင်းမရောက်ပဲ ဖြစ်သွားပါသည်။ လိုရင်းမရောက်သေးသော ဤစာစုသည်လည်း
တစ်ဦးတစ်ယောက်အတွက် အကျိုးရှိနိုင်မည်ဟု မျှော်လင့်မိပါသည်။
နောက်မှ
ဆက်ပါဦးမည် . . . . .
. . . . .
. .
. . . . . . . .
အထက်တွင်
ဖော်ပြထားသော ဂါထာများမှာ ဆရာဒေါက်တာကံညွန့် မြန်မာဘာသာပြန်ဆိုသော
သူရိယသိဒ္ဓါန္တကျမ်းမှ ကောက်နှုတ်တင်ပြထားခြင်း ဖြစ်ပါသည်။
ဤဆောင်းပါးတွင် ဖော်ပြထားသော
ရေးသားမှုများသည် အထက်ဖော်ပြပါသူရိယသိဒ္ဓါန္တကျမ်း စာအုပ်အားဖတ်၍ ကျွန်တော်နားလည်သော
အတွေးအမြင်များသက်သက်သာ ဖြစ်ပါသည်။ ကျွန်တော် ဖတ်မိသည်များကို အများအလွယ်တကူ
နားလည်စေရန် ရည်ရွယ်၍ အမေး၊ အဖြေသဘောမျိုး ပြန်လည် တင်ပြထားခြင်းသာ ဖြစ်ပါသည်။
အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ပညာရှင်များအနေဖြင့် မှန်ကန်အောင် တည့်မတ်
လမ်းညွှန်ပေးစေလိုပါသည်။ ကျွန်တော့် အနေဖြင့် အမြန်ဆုံး ပြန်လည် ပြင်ဆင်သွားမည်
ဖြစ်ပါသည်။
MAHA
No comments:
Post a Comment