ဂြိုဟ်လေးတွေ ဘယ်လိုသွား

ဂြိုဟ်တွေ ဒီနေ့ဘယ်မှာနေ . .

Thursday, April 26, 2012

I. The Magician



I. The Magician
မျက်လှည့်ဆရာ၊ မှော်ဆရာ



အမည်နာမ
            အသုံးများတဲ့ ခေါင်းစဉ်ကိုပဲ သုံးလိုက်ပါတယ်။ ရှေးဟောင်းမူရင်း ကတ်တွေမှာ အင်္ဂလိပ်က The Juggler ၊ ပြင်သစ်က Le Bateleur ၊ အီတလီက II Bagatto စသည်ဖြင့် ခေါ်ကြပါတယ် . .
            ဒီအပြင် အောက်ဖော်ပြပါ အမည်များကိုလည်း အသုံးပြုတတ်ကြပါတယ်။
-       Minstrel
-       Wizard
-       Magus
-       Mountebank
-       Gypsy Master
-       Paget
တိုင်းပြည်အလိုက်၊ လူမျိုးဘာသာအလိုက်၊ အချိန်ကာလတွေအလိုက် အမျိုးမျိုး ပြောင်းလဲ ခေါ်ဝေါ်အသုံးပြုခဲ့ကြပါတယ်။ ဗဟုသုတအဖြစ် သိထားဖို့ပါ။ ထို့အတူပဲ အခြားသော ကတ်တိုင်းမှာ နာမည် အမျိုးမျိုး ရှိပါတယ်။
အဆက်အစပ်ရှိတုန်းမှာ တစ်ခါတည်း ကတ် ၂၂ခုရဲ့ အဓိက အမည်ကွဲ ၃မျိုးကို ယှဉ်တွဲ ဖော်ပြလိုက်ပါမယ်။ နောက်ကတ်တွေ ရေးတဲ့အခါ ပြန်ပြောစရာမလိုအောင် ပြည့်စုံနေစေဖို့ပါ။

No
ENGLISH
FRENCH
ITALIAN
1
The Juggler
Le Bateleur
Il Bagatto
2
The Lady Pope
La Papesse
La Papessa
3
The Empress
L’ Imperatrice
La’ Imperatrice
4
The Emperor
L’ Empereur
L’ Imperatore
5
The Pope
Le Pape
Il Papa
6
The Lovers
L’ Amoureaux
L’ Amore
7
The Chariot
Le Chariot
La Carozza
8
The Justice
La Justice
La Guistizia
9
The Hermit
L’ Hermit
L’ Eremita
10
The Wheel of fortune
La Roue de Fortune
La Ruota
11
Strength
La Force
La Forza
12
The Hanging
Le Pendu
L’ Impicato
13
(Untitled image)
-
La Morte
14
Temperance
La Temperance
La Temperanza
15
The Devil
Le Diable
Il Diavolo
16
The House of God
Le Maison Dieu
La Torre
17
The Star
L’ etoile
Le Stelle
18
Moon
La Lune
La Luna
19
The Sun
Le Soleil
Il Sole
20
The Judgement
Le Jugement
Il Guidizio
21
The World
Le Monde
Il Mondo
0
The Fool
La Mat
Il Pazzo

အကာနဲ့အနှစ်
ထူးခြားချက် တစ်ခုကတော့ အင်္ဂလိပ်တို့ ပြင်သစ်တို့လို ရှေးရိုးခရစ်ယာန်တွေက အစွဲအလန်းကြီးတယ်။ ခရစ်တော်ရဲ့ နောက်ဆုံး ညစာစားပွဲမှာ လူ ၁၃ယောက် ပါဝင်ခဲ့တာကို အကြောင်းပြုပြီး နံပါတ် ၁၃ ကို Unlucky Number , Death ၊ အားလုံးကလည်း Unlucky အဖြစ် သတ်မှတ်ထားပြီး တချို့ကတ်တွေပေါ်မှာ နံပါတ် ၁၃ မရေးဘဲ ဒီအတိုင်း အလွတ်ထားတယ်။ Death စာလုံးကိုလည်း မရေးဘူး။ အလွတ်ထားတယ်။ ဒီအယူအဆတွေက မူရင်းတားရော့ ပညာနဲ့ ဘယ်လိုမှ မပတ်သက်ပါဘူး။ ခရစ်တော်မပေါ်မီ နှစ်ပေါင်းများစွာတည်းက Tarot ပညာက ရှိပြီးသားပါ။ နိဒါန်းပိုင်းမှာ ကျွန်တော်တင်ပြခဲ့သလို၊ တိုင်းနိုင်ငံများစွာ လူမျိုးဘာသာများစွာတွေကို ဖြတ်သန်းစီးဆင်းခဲ့ရာ လမ်းတစ်လျှောက်မှာ တွယ်ကပ်ငြိပြီး ပါလာခဲ့တဲ့ လူမျိုးစွဲ၊ ဘာသာစွဲ အယူအဆတွေမျှသာ ဖြစ်ပါတယ်။ Tarot ပညာဟာ မည်သည့်လူမျိုး၊ မည်သည့်ဘာသာကမှ မပိုင်ပါဘူး။ ကမ္ဘာ့လူသားမျိုးနွယ်စု အားလုံးကို စောင့်ရှောက်နေတဲ့ ဂန္ဓာရီ မဟာသူတော်စင်ကြီးများရဲ့ ပညာရပ်တွေမျှသာ ဖြစ်တယ်။
အကာအောက်က အနှစ်ကို ကျွန်တော်တို့ မြင်အောင်ကြည့်ရပါမယ်။ နိုင်ငံအသီးသီး လူမျိုးအသီးသီးထဲက ၀ါသနာရှင်၊ ပညာရှင်တွေ ရေးသားပြုစုထားတဲ့ ကျမ်းစာအုပ်ပေါင်းစုံကို ကျွန်တော်တို့ လေ့လာဆည်းပူး ရပါမယ်။ ပုံစံဖွဲ့ ဇာတ်လမ်းဆင်ပြီး တန်ဆာဆင်ထားတဲ့ အပြင်ယံ အခွံတွေကိုခွာပြီး ပညာရဲ့ အနှစ်အရသာ၊ အမြုတေကို တွေ့အောင်ရှာ၊ အမှန်တရားကို အသုံးပြုနိုင်ဖို့ ကြိုးစားရပါမယ်။ မိမိနှစ်သက်ရာ အာရုံကျရာ အကြောင်းအရာတစ်ခုတည်းမှာ စွဲလန်း ဆုပ်ကိုင် နစ်မြုပ်နေဖို့ မဟုတ်ပါဘူး။ “ပညာ” ဆိုတာ ထာဝရ ရှင်သန်နေရပါမယ်။
ယခု ကျွန်တော် တင်ပြနေတာတွေဟာ အထက်က အကြိမ်ကြိမ်တင်ပြခဲ့သလို ကျွန်တော့် အတွေ့အကြုံနဲ့ ကျွန်တော်သဘောပေါက် နားလည်ပုံတွေကို လက်တွေ့နဲ့ယှဉ်တွဲပြီး တင်ပြမျှဝေခြင်း မျှသာ ဖြစ်ပါတယ်။ စာအုပ်တွေကို ဘာသာပြန်ဆိုနေတာ မဟုတ်ပါဘူး။
ဒါတွေရေးရင်းနဲ့ စဉ်းစားလာမိတာရှိတယ်။ ကျွန်တော့် ရည်ရွယ်ချက်က တားရော့ ပညာရဲ့ ဆိုလိုရင်း အနှစ်သာရကို မျှဝေဖို့ပါ။ အစစ်အမှန်ကို ဖြစ်စေချင်လို့ပါ။ ဒါပေမယ့် သိစေချင်တာတွေ များတော့ ပိုရှုပ်ထွေးသွားမှာလည်း စိုးမိပါတယ်။ အရောင်ရဲ့ အဓိပ္ပာယ်တွေက တစ်မျိုး၊ သင်္ကေတတွေက တစ်ဖုံ၊ နောက်ခံဇာတ်လမ်းတွေကလည်း စုံပါ့၊ နောက်ပိုင်း ဆရာကြီးများရဲ့ ပြောင်းလဲပြင်ဆင်ထားခဲ့ပုံတွေကလည်း သိချင်စရာ၊ ဟီဘရူးစာကလည်း တစ်မှောင့်၊ ရာသီဂြိုဟ်တွေနဲ့လည်း မကင်း၊ သင်္ချာဗေဒနဲ့လည်း ဆက်နွယ်နေ . . . စာဘူးတောင်းအသိုက်ကို တစ်မျှင်ချင်း ဆွဲထုတ်နေရသလိုမျိုး ကျွန်တော်ကိုယ်တိုင်က ခံစားလာမိတယ်။
ဒီအချက်တွေသိပြီး လေ့လာခဲ့ရတာမဟုတ်ပဲ လေ့လာရင်းနဲ့ သိလာရတာဆိုတော့ တစ်ချီတည်း တစ်နေရာတည်းမှာ စုံအောင်ပြောပြရရင် ရှင်းလေ ရှုပ်လေ ဖြစ်မှာ စိုးပါတယ်။ သို့သော် သေချာတာ တစ်ခုကတော့ တားရော့ ကားချပ်တစ်ခုမှာ ပါဝင်တဲ့ အရောင်၊ သင်္ကေတ၊ ရုပ်ပုံ၊ ရာဇ၀င်၊ ဂဏန်း၊ ဂြိုဟ်  . . . အားလုံးဟာ အဲဒီကားချပ်ရဲ့ တစ်မျိုးတည်းသော အဓိပ္ပာယ်၊ အနှစ်သာရဆီကိုသာ အားလုံးဦးတည်နေကြပါတယ်။ ဦးတည်ချက် ကွဲလွဲမှုမရှိပါဘူး။
ဒါ့ကြောင့် ယခု နံပါတ် (၁) Magician ကားချပ်မှာ တွေးသင့်တွေးထိုက် သိသင့်သိထိုက်တာတွေကို စုံနိုင်သမျှစုံအောင် နမူနာအဖြစ် တွေးပြပြီး နောက် ကားချပ်တွေမှာတော့ ကားချပ်ရဲ့ ဆိုလိုရင်းကိုပဲ ရှင်းရှင်းလင်းလင်းပေါ့ပေါ့ပါးပါး သွားတော့မယ်လို့ စဉ်းစားထားပါတယ်။
စာဖတ်သူများရဲ့ သဘောထားကိုလည်း သိပါရစေ . . . .

နေနဲ့လနဲ့ နှစ်ပါးဆိုင်
            (1) Magician ကားချပ်အကြောင်း စရအောင်။ ကျူရိုးနဲ့ယက်လုပ်ထားတဲ့ ဦးထုပ်ဆောင်းထားတယ်။ ဦးထုပ်ရဲ့အနားတွေက အင်္ဂလိပ်ဂဏန်း 8 ကို လှဲထားတဲ့ “ထ” သဏ္ဍာန် ဖော်ထားတယ်။ ဒီသဏ္ဍာန်က နေ=၀ နဲ့ လ=၀ ၊ ၂ခုကို ပူးထားတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ ယင် + ယန် (Yin+Yang) သဘောတရားရဲ့ အခြေခံလည်း ဖြစ်ပါတယ်။ အပူနဲ့ အအေး၊ အဖိုနဲ့အမ၊ positive နဲ့ negative ၊ စွမ်းအင်တစ်ခု စတင်မွေးဖွားခြင်း၊ ညီညွတ်မျှတစွာ ပေါင်းစပ်နိုင်ရန် ကြိုးစားခြင်း သဘောတွေ ပါဝင်ပါတယ်။
            ဘယ်လက်မှာ တုတ်ကိုကိုင်ပြီး အပေါ်ကိုမြှောက်ထားတယ်။ တုတ်= သစ်ပင်သစ်ကိုင်း = ဘ၀ရှင်သန်မှုကို ဆိုလိုပါတယ်။ ယာဘက်လက်က အ၀ိုင်းပုံသဏ္ဍာန်ရှိတဲ့ ပစ္စည်းကလေးတစ်ခုကို ကိုင်ပြီး အောက်ဘက်ကို ညွှန်နေတယ်။ စားပွဲပေါ်မှာ တိုလီမိုလီ ပစ္စည်းလေးတွေရှိနေတယ်။ အရူးအဖြစ်နဲ့ အိတ်ကြီးထဲက ပစ္စည်းတွေဖြစ်ပါတယ်။ အိတ်ကြီးကို ဖွင့်ချလိုက်ပါပြီ။ ဒါပေမယ့် ထွက်ပေါ်လာတဲ့ ပစ္စည်းတွေကို ဘယ်လို အသုံးချရမလဲ ဆိုတာကို သူမသိသေးပါဘူး။ သူဟာ မြေကြီးပေါ်မှာ ခြေနှစ်ဘက်ကို စွဲမြဲစွာ ချထားပါတယ်။ သူရပ်တည်ရာ မြေပြင်မှာ မြက်ပင်လေး တစ်ပင်နှစ်ပင်မှအပ ဘာမျှ မရှိသေးပါ။
            သူ့ယာလက်မှာ ကိုင်ထားတဲ့ အ၀ိုင်းသဏ္ဍာန် ပစ္စည်းလေးဟာ ပေါင်မုန့် အ၀ိုင်းလေး တစ်ခုမျှသာ ဖြစ်ပါတယ်။ စားသောက်နေထိုင်ရေး၊ အသက်ရှင်သန်ရေး၊ တိုးပွားစည်ပင်ရေး တို့ကို ရည်ရွယ်ပါတယ်။ (ကြယ်၊ ဒင်္ဂါးပြား မဟုတ်ပါ။ ဒီထက် လေးနက်ကျယ်ပြန့်တဲ့ ရည်ညွှန်းချက် ဖြစ်ပါတယ်။)
            Magician ဟာ ဘာမှမရှိသေးတဲ့ ကမ္ဘာ့မြေပြင် လူ့လောကကြီးကို စည်ပင်တိုးပွားဖို့ ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။ သူ့အသိပညာ၊ အတတ်ပညာတွေနဲ့ အကောင်အထည် မဖော်နိုင်၊ မစွမ်းဆောင်နိုင်သေးဘူး။ သူ့ဘေးကိုကြည့်ပြီး ကူညီထောက်မပေးနိုင်သူ ရှိမလားလို့ မျှော်နေတယ်။ လက်ဝဲလက်ကို အထက်ဆီမြှောက်ပြီး မိမိထက် တတ်သိနားလည်သူ (ဆရာ၊ တန်ခိုးရှင်၊ အင်အားကြီးမားသူ) တွေထံ အကူအညီတောင်းတယ်။
            “ညာဘက်က တစ်ဆုပ်ကြဲလို့၊ ဘယ်ဘက်က တစ်လှည်းဝင်” ဆိုတဲ့ စကားပုံရှိတယ်။ ညာ=ယာလက်က ပေးကမ်းဝေငှခြင်း သဘောကို ဆောင်ပါတယ်။ ဘယ်လက်က ရယူခြင်း၊ တောင်းခံခြင်း သဘောကို ဆောင်ပါတယ်။
            အနှစ်ချုပ်ဆိုရရင် ခြောက်သွေ့နေတဲ့ ကမ္ဘာမြေပြင် လူ့လောကကို စည်ပင်ဝဖြိုး တိုးတက်စေဖို့ မိမိမှာ ရှိထားတဲ့ ပစ္စည်း၊ အတတ်ပညာ အတွေးအခေါ်တွေနဲ့ ကြိုးပမ်းဆောင်ရွက်ပေးချင်တယ်။ ကြိုးစားတယ်။ (ထ = Lemniscates (eternity) အဆုံးအစမရှိ ထာဝရတည်ရှိသော စွမ်းအင်၏ သင်္ကေတ) သူ့မှာ “ထ”စွမ်းအားတွေ ရှိနေပေမယ့် အသုံးမချတတ်သေးဘူး။ အကူအညီလိုတယ်။ လမ်းညွှန်ပြသသူလိုတယ်။ ဆရာလိုတယ် . .  ဆိုတဲ့ သဘောကို ဆောင်ပါတယ်။
            သူခြေထောက်ချရာ ကမ္ဘာမြေပြင်ဟာ ခြောက်ကပ်နေရမယ်။ ဘယ်လက်ကို မြှောက်ပြီး ယာလက်က အောက်ဘက်ကို ညွှန်ရပါမယ်။ ဒါမှ သင်္ကေတတွေ မှန်ပါတယ်။ မြေပြင်ဟာ ပန်းပင်သစ်ပင်တွေနဲ့ ဝေဆာနေမယ်၊ ညာလက်ကို ထောင်ပြီး ဘယ်လက်က အောက်ကိုချထားတယ်ဆိုရင် မူရင်း သင်္ကေတ အသွင်သဏ္ဍန်တွေ မဟုတ်တော့ပါဘူး။
            ဒါ့ကြောင့် အရောင်၊ သင်္ကေတ၊ အသွင်သဏ္ဍာန်တွေကိုကြည့်ပြီး အဓိပ္ပာယ် ကောက်ယူရတဲ့ ပညာဖြစ်တာမို့ ဘာမှ ပြုပြင်ပြောင်းလဲမှု မရှိသေးတဲ့ ရှေးဟောင်း မူရင်းပုံ ကားချပ်တွေဟာ အရေးကြီးတယ်လို့ အစပိုင်းမှာ ပြောခဲ့တာပါ။
            ပညာအစစ်အမှန်ကို လေ့လာလိုက်စားလိုသူတွေကိုသာ ပြောတာပါ။ ကတ်ကို လှန်ပြီး အကောင်းအဆိုး ပြောရုံလောက်သုံးချင်သူတွေ အတွက်တော့ ဘာပုံ ဘာကတ်တွေပဲဖြစ်ဖြစ် မထူးခြားပါဘူး။ တားရော့လို့ အမည်ခံကတ်ထုပ်ဆို ဘယ်အထုပ်ဖြစ်ဖြစ် ရမှာပါ။

သက်တန့်ပေါ်မှာ ကစားမယ်
            ဂဏန်း (၁)ဟာ နက္ခတ်ဗေဒင်ပညာမှာ တနင်္ဂနွေကို ကိုယ်စားပြုပါတယ်။ စကြာဝဠာရဲ့ ဗဟို (နေစကြ၀ဠာ)၊ အစပြုခြင်း၊ အသက်၊ အပူ၊ အလင်းရောင်၊ အဖြူရောင်ဆောင်ထားတဲ့ ရောင်စဉ်ခုနှစ်သွယ်၊ တီထွင်ခြင်း၊ စည်းရုံးခြင်း၊ လှည့်ဖြားခြင်း၊ အရိုး . .  စသည်ဖြင့်။
            ဟီဘရူး အက္ခရာတွေရဲ့ အစ စာလုံး Aleph နဲ့လည်း သဏ္ဍာန်တူပါတယ်။ ကောင်းကင်နဲ့ မြေကြီးကို ဆက်သွယ်ပေါင်းစပ်ခြင်း၊ ရုပ်နဲ့စိတ်ကို ညီညွတ်စေခြင်း၊ အတွေးနဲ့ လက်တွေ့ ပေါင်းစပ် အကောင်အထည်ဖော်ခြင်း ဆိုတာတွေကို ညွှန်းဆိုပါတယ်။
            ၁ ဂဏန်းဆိုတာ ဘာမှမရှိသေးတဲ့ နေရာတစ်ခုမှာ၊ တစ်စုံတစ်ရာသော ဓါတ်၊ စွမ်းအင်၊ ပစ္စည်း အရာတစ်ခု စတင်ပေါ်ပေါက်လာခြင်းကို ဆိုပါတယ်။ အခြားသော ဓာတ်သဘော တစ်စုံတစ်ရာ ထပ်မံပေါ်ပေါက် ပေါင်းစပ်ထိတွေ့မှု မရှိမချင်း ဘာစွမ်းအင်၊ ဘာအကျိုးမှ မပြုနိုင်သေးပါ။
            ဒီကားချပ်ဟာ ဗုဒ္ဓဟူး လွှမ်းမိုးတဲ့ မေထုန်ရာသီ (Gemini) နဲ့ ဆက်နွယ်ပါတယ်။ ဗုဒ္ဓဟူးဂြိုဟ်ရဲ့ အသိဥာဏ်ပညာ၊ စကားအပြောအဆို ဆိုတဲ့ အဓိပ္ပာယ်တွေ ပါဝင်ပြီး ရာသီရုပ် (ကျား+မ) ပုံပြည့်စုံဖို့ အဖော်တစ်ဦးတော့ လိုနေသေးတာ အမှန်ပါ။ ဒါ့ကြောင့် ဆက်နွယ်ရုံမျှသာ ရှိပါတယ်။ ပိုပြီး ပြည့်စုံတဲ့ အဓိပ္ပာယ်တော့ မဟုတ်သေးပါဘူး။ သို့သော် မေထုန်ရာသီရဲ့ ဒွေဒဟ ပြုလွယ်ပြင်လွယ်သဘော၊ ၀ါယောရဲ့ လှုပ်ရှားတတ်သော၊ ထိုးဖောက်ဝင်ရောက်တတ်သော သဘောတွေ သက်ဝင်နေပါတယ်။
            အရောင်အားဖြင့် ဥာဏ်ပညာကို ကိုယ်စားပြုတဲ့ အပြာရောင်၊ ယုံကြည်မှု ရဲစွမ်းသတ္တိကို ကိုယ်စားပြုတဲ့ အနီရောင်တွေဟာ စိတ်ခံစားမှုဆိုတဲ့ အ၀ါရောင်တွေနဲ့ ရောထွေးပြီး စနစ်မကျစွာ အ၀တ်အစားတွေမှာ နေရာယူ ဖော်ပြထားပါတယ်။ ဖွံ့ဖြိုးစည်ပင်ခြင်းဆိုတဲ့ အစိမ်းရောင်ကတော့ ဦးထုပ်မှာ လွှမ်းမိုးထားပါတယ်။ ကားချပ်တစ်ခုလုံးကို အ၀ါရောင်နဲ့ ၀န်းရံထားပါတယ်။
            အားလုံးသော ရည်ညွှန်းချက်တွေကို ပေါင်းစပ်လိုက်တဲ့အခါ . .  လုပ်ငန်းတစ်ခု စတင်တော့မယ့်သူ၊ တီထွင်ဖန်တီးချင်တဲ့သူ၊ သူမှာ ရှိထားပြီးသား ရထားပြီးသား ပညာရပ်တွေကို လက်တွေ့အကောင်အထည် ဖော်ဆောင်နိုင်ရန် ကြိုးစာနေတဲ့သူ၊ လမ်းသစ်ဖောက်ချင်သူ၊ အများအတွက် ဆောင်ရွက်ချင်သူ (မိမိအကျိုးလည်းပါ)၊ အဖော်ကောင်းလိုနေသူ၊ ဆရာလိုနေသူ . .  စသည့် အဓိပ္ပာယ်များ ပေါ်ပေါက်လာပါတယ်။

လက်ညှိုးထောင် ကိုယ်ရောင်လင်းစေ
            လက်တွေ့ဟောကွက် နမူနာလေးတွေနဲ့ ထင်ဟပ် ကြည့်ရအောင် . . . .

နမူနာ(၁)
            “ အစ်ကို . .  ကျွန်တော့်လက်ရှိ အခြေအနေတွေကို တားရော့နဲ့ ဟောပေးပါ။ ကျွန်တော် ဆုံးဖြတ်ချက်ချပြီး လုပ်ရမယ့် ကိစ္စလေးတွေ အပေါ်မှာ နည်းနည်း ဝေနေလို့ . .”
            ထုံးစံအတိုင်း ပြုဖွယ်ကိစ္စတွေကို ပြုပြီး၊ တားရော့ကားချပ်ကို ရွေးချယ်ပြီး လှန်ကြည့်လိုက်တယ်။ The Magician . .
            “ ညီလေး အခု သင်ယူလေ့လာပြီး ဖြစ်တဲ့ ပညာရပ်တွေကို အားမရဘူးဖြစ်နေတယ်။ ဆရာတွေထံမှာ ပညာတွေ သင်ခဲ့ပေမယ့် ဆရာတွေရဲ့လမ်းကို မလိုက်ပဲနဲ့ ကိုယ့်ပညာ ကိုယ့်အတွေးအခေါ်နဲ့ ကိုယ်ပိုင်လမ်း ဖောက်ချင်နေတယ်။ ညီလေးမှာလည်း ကိုယ်ဖြစ်လိုရာကို အကောင်အထည် ဖော်နိုင်မယ့် စွမ်းရည် “ထ” ရှိပြီးသားဖြစ်တယ်။ ဆက်လုပ်ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချစွာ ကြိုးစားပါ။ အောင်မြင်လာမှာပါ။ ဆရာမှန်နဲ့ ပညာမှန်ကို တွေ့အောင် ရှာဖို့တော့ လိုလိမ့်မယ် . . ”
            အဲဒီမေးခွန်းကို မေးခဲ့တဲ့သူကတော့ ယနေ့ဗေဒင်ဟောခန်းဖွင့် လုပ်သက် ၅နှစ်ခန့်ရှိခဲ့ပြီး လက်ရှိအောင်မြင်နေတဲ့ ဗေဒင်ဆရာ တစ်ဦးပါ။ ဗေဒင်ဆိုင် မဖွင့်မီ၊ ဗေဒင်ဆရာ မဖြစ်မီက ဟောခဲ့တဲ့ ဟောချက်ကလေးပဲ ဖြစ်ပါတယ်။

နမူနာ(၂)
            “ဆရာ . . ကျွန်တော်ဌာနမှာ ရာထူးတိုး စာမေးပွဲဖြေထားတယ်။ အောင်မလား၊ ရာထူးတိုးမလား၊ နယ်ပြောင်း/မပြောင်း သိချင်ပါတယ် . . ”
            ပေါ်လာတဲ့ကတ်က The Magician  . . .
            “ညီလေး ရာထူးတိုးမယ်၊ အလုပ်ဌာန ပြောင်းရမယ်။ အသစ်ဖွင့်တဲ့ ဌာနခွဲ၊ လုပ်ငန်းခွဲမှာ လုပ်ငန်းအသစ်တွေ လုပ်ရမယ်။ အစဦးပိုင်းမှာ နည်းနည်းတော့ အခက်အခဲတွေ့မယ်။ လုပ်ရင်းနဲ့ ပညာရပြီး နောက်ပိုင်း အဆင်ပြေ အောင်မြင်ပါလိမ့်မယ်။”
            “ ဖြစ်နိုင်တယ်ဆရာ၊ ဟိုတစ်နေ့က ကျွန်တော်တို့ရဲ့ လူကြီးကခေါ်မေးတယ်။ ကျွန်တော် ကျွမ်းကျင်တဲ့ ဘာသာရပ်နဲ့ ပါတ်သက်တဲ့ ဌာနခွဲတစ်ခု နယ်မှာဖွင့်ဖို့ရှိတယ်။ ကျွန်တော်က အိမ်ထောင်မရှိ လူလွတ်ဆိုတော့ သွားနိုင် မသွားနိုင် . .. ။ ကျွန်တော်က သွားနိုင်ပါတယ်လို့ ဖြေလိုက်တယ်။ Result တော့ မထွက်သေးဘူး။ ပြင်ဆင်စရာတွေ ကြိုတင်ပြင်ဆင်ထားနိုင်အောင် ဆရာ့ကို မေးတာပါ။ နောက်မေးချင်တာ တစ်ခုက . . . . ။”

နမူနာ(၃)
            “ ဆရာ . . . သမီးက ဆေးတက္ကသိုလ် ဒုတိယနှစ်ပါ။ နောက်နှစ်တွေကျရင် အဓိကဘာသာ ရွေးရတော့မှာ။ သမီးက ရောဂါရှာဖွေရေးလို လုပ်ငန်းမျိုးကိုလည်း လုပ်ချင်တယ်။ မျက်လုံးခွဲစိတ် အထူးကုလည်း ဖြစ်ချင်တယ်။ အဲဒါတွေထဲက သမီးနဲ့ ဘယ်ဘာသာရပ်နဲ့ အကျိုးပေးမလဲ။ ဘယ်ဘာသာရပ်ကို ရွေးချယ်ရမလဲဆိုတာ တားရော့နဲ့ ဟောပေးပါ . .”
            “ သမီးမေးတဲ့ ဘာသာရပ်မျိုးတွေကို တားရော့နဲ့ ခွဲပေးရမှာ တော်တော်လေး စဉ်းစားရလိမ့်မယ်။ တိုက်ရိုက်အဖြေရဖို့တော့ မလွယ်ဘူး။ သွယ်ဝိုက်ဆက်စပ်ပြီးတော့ အဓိပ္ပာယ် ဖော်ယူရမယ်။ ကဲ . . . မေးကြည့်”
            ထွက်ပေါ်လာတာက The Magician  . . .
            ကျွန်တော်စဉ်းစားတယ်။ Magician က စားပွဲပေါ်မှာရှိတဲ့ တုတ်တွေ၊ ဓားတွေ စတဲ့ ပစ္စည်းကရိယာတွေကို အသုံးပြုနိုင်ဖို့ ကြိုးစားနေသူ၊ ဂဏန်း ၁ က တနင်္ဂနွေဂြိုဟ်ကို ကိုယ်စားပြုတယ်၊ ဆရာဝန် အဓိပ္ပာယ်၊ အလင်း၊ မျက်စေ့ ပရိယာယ်တွေပါတယ်။ ဒါတွေ ပေါင်းစပ်လိုက်တော့ . . .
            “ သမီး မျက်စိခွဲစိတ် အထူးကု ဆရာဝန်ကြီး ဖြစ်နိုင်ပါတယ်။ ရိုးရိုး မျက်စိခွဲစိတ်တင်မကဘူး။ နောက်ဆုံးပေါ် နည်းပညာ၊ ကရိယာတွေကို အသုံးပြုရတဲ့ ဆရာဝန်ကြီး ဖြစ်မှာပါ။ ကြိုးစားပါ . . .”

No comments:

Post a Comment