ဂြိုဟ်လေးတွေ ဘယ်လိုသွား

ဂြိုဟ်တွေ ဒီနေ့ဘယ်မှာနေ . .

Sunday, June 17, 2012

IV. Emperor




IV. Emperor


- Osiris
- Gypsy King
- Guardian of Holy Grail

            ဟီဘရူး အက္ခရာ He  . . . ရာသီက မိဿ . . . ဂြိုဟ်က ကြာသပတေး . .. ။
            နံပါတ် I ကတ် “ဖို” သဘောနဲ့ နံပါတ် II ကတ် “မ”သဘောတို့ဟာ နံပါတ် III ကတ် ဧကရီရဲ့ သဘာဝ ပေါင်းစပ်ပုံစံနဲ့ အဆင်ပြေလိုက်ဖက်စွာ ပေါင်းစပ်ကြတဲ့အခါ Newborn အဖြစ် နံပါတ် IV ကတ် Emperor မွေးဖွား လာခဲ့ပါတယ်။
            ဒီကားချပ်မှာ အထက်အောက် အပြာရောင်ဝတ်စုံပေါ်မှာ အနီရောင် အပေါ်ဝတ်ရုံ ခေါင်းဆောင်းတို့ အချိုးညီစွာ ပေါင်းစပ်ထားပြီး အ၀ါရောင်၊ လိမ္မော်ရောင် တွေကလည်း သဘာဝကျစွာ နေရာယူပေးထားပါတယ်။
            ဒါ့ကြောင့် ဒီကားချပ်ဟာ လုပ်ပိုင်ခွင့် အာဏာ၊ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်မှု ပြည့်စုံသော ခွန်အား၊ သေချာမှု၊ ဆန္ဒပြင်းထန်မှု၊ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုတွေနဲ့အတူ အင်္ဂါဂြိုဟ်နဲ့ စနေဂြိုဟ်တို့ရဲ့ ပူးပေါင်း လွှမ်းမိုးမှု တွေလည်း ရှိနေပြန်ပါတယ်။
            သူ့ရဲ့ ပလ္လင်ထိုင်ခုံအောက်ပိုင်းမှာ ရေးဆွဲထားတာကလည်း သိမ်းငှက်ပုံပါဘဲ။ ဒါပေမယ့် နံပါတ် III ကတ်မှာပါတဲ့ သိမ်းငှက်ပုံနဲ့တော့ မတူဘူးနော်။ နံပါတ် III ကတ်မှာပါတဲ့ ဧကရီရဲ့ သိမ်းငှက် အတောင်ပံအစွန်တွေက အပေါ်ကိုထောင်ထားပြီး ပျံတက်မယ့်ဟန် ရှိနေပေမယ့် အခုနံပါတ် IV ကတ် ဧကရာဇ် သိမ်းငှက်ပုံကတော့ အတောင်ပံနှစ်ဖက်ကို အောက်ချထားပြီး ရပ်နားနေဟန်ရှိပါသည်။
            စစ်တိုက်မယ့် ဘုရင်၊ နယ်မြေချဲ့ထွင်မယ့် ဘုရင် မဟုတ်ဘူး။ ပိုင်ဆိုင်ပြီးသား နယ်မြေကို ခိုင်မြဲအောင် တည်ငြိမ်အေးချမ်းအောင်၊ သာယာဝပြောလာအောင် လုပ်နေတဲ့ ဘုရင်ပဲဖြစ်တယ်။ (သူဟာ ပုံရဲ့ ဘယ်ဖက်= ပြီးခဲ့တဲ့ အတိတ်ကိုပဲ ပြန်ကြည့်နေတယ်။ ပြန်လည်သုံးသပ်နေတယ်၊ တွယ်တာစွဲလန်းမှုတွေ များနေတယ် ဆိုတဲ့သဘော)

            နမူနာအဖြစ် လက်တွေ့ဟောကွက်လေးတွေနဲ့ လေ့လာကြည့်ရအောင် . . .

နမူနာ(၁)
            “လေးလေး ကျွန်တော်အိမ်မှာ မနေချင်တော့ဘူး၊ ဘာလုပ်ရင် ကောင်းမလဲ။ ကျွန်တော် ဘာတွေညံ့နေလဲ။ ကြည့်ပေးပါအုံး”
            “မင်းသိချင်တာကို မေးပြီး တားရော့ချိုးလိုက်”
            ထွက်ပေါ်လာတာက Emperor ကတ်
            “ မင်းအိမ်မှာ မနေချင်တာက မင်းအဖေနဲ့ မတဲ့လို့ မဟုတ်လား၊ ဘာလုပ်လုပ် ဟန့်တားခံနေရလို့၊ အဆူ အပြောမလွတ်လို့ မင်းစိတ်ညစ်နေတာ မဟုတ်လား ”
            “ဟုတ်တယ် လေးလေး၊ အဖေက နေရာတကာ ပူညံပူညံနဲ့ အပြစ်ပဲ လိုက်ပြောနေတာ။ ပဲစိုက်တုန်းကလည်း ပဲစိုက်တာမို့လို့။ မြေသြဇာ သုံးပြန်တော့ သုံးတာများပြန်ပြီ။ ပိုးသတ်ဆေးဖျန်းပြန်တော့ နေ့ဖျန်း၊ ညဖျန်းနဲ့။ ပဲပြီးလို့ ရောင်းမယ်လုပ်ပြန်တော့ လေးလေး သိတဲ့အတိုင်းပဲ ဈေးက မငြိမ်ဘူး။ တက်ဈေးလိုရလို့ ရောင်းမယ်စိတ်ကူးတာ မရောင်းရသေးဘူးတဲ့ . . ဒီအချိန်က ဈေးကစားတုန်းပဲ တဲ့ . ..  ဈေးငြိမ်ပြီး အမြင့်ဆုံးဈေးရမှ ရောင်းမယ်တဲ့။ ဘယ်ဟာမှ လွတ်လွတ်လပ်လပ် မရှိဘူး။ အဲဒါကြောင့် ပဲရောင်းပြီးရင် မလေးကို ထွက်မလားလို့ စိတ်ကူးနေတာ။”
            “ အဲဒီလို မတွေးနဲ့၊ မင်းအဖေကို အပြစ်မမြင်နဲ့၊ ငါက ငါ့ညီဘက်က လိုက်ပြောတာ မဟုတ်ဘူး (သူ့အဖေက ကျွန်တော့်ရဲ့ ညီတစ်ဝမ်းကွဲ)။ သူက မင်းကို စီးပွားရေး လွှဲပေးချင်နေပြီ။ မင်းက လုပ်ငန်း အတွေ့အကြုံနည်းသေးလို့ စိတ်မချဖြစ်နေတာ။ အခု မင်းကို ဆူတယ် အပြစ်ရှာတယ်လို့ ထင်နေတာတွေက အမှန်က မင်းကို သင်ပေးနေတာ . . . လယ်ထဲမလဲ လယ်ထဲအလျောက် . . အရောင်းအ၀ယ်ကျတော့လည်း . .  အရောင်းအ၀ယ်အလျောက် ကောင်းတာ၊ ဆိုးတာ၊ အကျိုးအပြစ်တွေကို မင်းကို သိစေချင်တယ်။ စဉ်းစားချင့်ချိန်တတ်စေချင်တယ်။ သူက အနှစ် (30) ကျော်ပြီ . . ဒီအလုပ်တွေ လုပ်လာတာ။ မင်းကဘယ်နှစ်နှစ် ရှိသေးလို့လဲ။ တစ်နှစ် နှစ်နှစ်လောက်ပဲ ရှိသေးတယ်။ လုပ်ငန်းခွင်ထဲ ၀င်လာတာ။ ဟိုတုန်းကလည်း ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ။ ကိုယ့်မိဘ လုပ်ငန်းကို ဘာများ စိတ်ဝင်တစား ကူညီခဲ့တာ ရှိလို့လဲ။ ဒါ့ကြောင့် သူလဲ အသက်အရွယ် ရလာပြီ။ လယ်ထဲကိုင်းထဲ ဆင်းရမယ့် အရွယ် မဟုတ်တော့ဘူး။ မင်းလဲ အရွယ်ရောက်တဲ့ အပြင် အရွယ်တောင် လွန်နေပြီ။ မင်းလုပ်ငန်းကို ဦးစီးနိုင်ပြီဆိုရင် အိမ်ထောင်ချပေးပြီး စီးပွား လွှဲပေးတော့မှာ။
            “ အဲဒီလို မိဘစေတနာကို သဘောပေါက်ပေးပါ။ လူကြီးနဲ့ လူငယ် အမြင်မတူတာတွေတော့ ရှိမှာပေါ့။ ဒီလို အယူအဆ မတူကြတဲ့အခါ မိဘနဲ့ ထိပ်တိုက် ရင်မဆိုင်နဲ့။ မင်းက လိမ္မာစွာ အလျော့ပေးလိုက်။ မင်းအဖေ စိတ်ကြည်သာတဲ့ အချိန်ရွေးပြီး မင်းဖြစ်ချင်တဲ့ အကျိုးအကြောင်းကို ကျကျနနရှင်းပြ။ ပြောရရင် မင်းအဖေ လက်ခံလာမှာပါ။ ငါ့တူရေ . . မိဘဆိုတာ သားသမီးကို အမြဲ စိုးရိမ်ပူပန်နေတတ်တာ။ သားသမီးတွေ ဘယ်အရွယ်တွေပဲ ရောက်နေပစေ သူတို့သေသည်အထိ စိတ်မချတတ်တာကတော့ ဓမ္မတာဘဲ။ မင်းလည်း မိဘ ဘ၀ရောက်တော့မှ ကိုယ်ချင်းစာ နားလည်လာလိမ့်မယ်။ အဲဒီအခါ အရမ်းနောက်ကျသွားပြီ။ မင်းအဖေ ရှိချင်မှ ရှိတော့မှာ . .”
            “ အချုပ်ပြောရရင် အိမ်မှာနေရတာ စိတ်မညစ်ပါနဲ့။ မိဘပြောတာကို နားပူတယ် မထင်ပါနဲ့။ အထင်မလွဲပါနဲ့။ မိဘရဲ့ စေတနာ ရည်ရွယ်ချက်ကို နားလည်ပြီး နာခံပါ။ အလုပ်ကို ကြိုးစားပြီး မိဘ စိတ်ချရအောင်လုပ်ပါ။ မိဘကို ပြန်လည်ကျွေးမွေး ပြုစုဖို့ တာဝန်ယူပါ။ သားသမီး အလိမ္မာ ဖြစ်ပါစေကွာ . .”
            “ ကျွန်တော် ကြိုးစားပါ့မယ် လေးလေး . . ”

နမူနာ (2)
            “ ကဲ . . ဗေဒင်ဆရာကြီး  . . ငါ အခု အိမ်မှာ ဘာဖြစ်လာခဲ့လဲ . . မင်းရဲ့ ကတ်တွေနဲ့ ဟောပေးစမ်း ”
            ခရီး ရောက်မဆိုက် ထရိုက်ချင်စရာကောင်းတဲ့ လေသံနဲ့ မေးလာသူကတော့ ကျောင်းနေဘက် ငယ်သူငယ်ချင်း။ သူငယ်ချင်း ဆိုပေမယ့် သူက ကျွန်တော့်ထက် အသက် ငါးနှစ်လောက် ကြီးတယ်။ အတန်းတူလို့ မင်းနဲ့ငါနဲ့ နှုတ်ကျိုးနေတာ။ ကိုးတန်းစာမေးပွဲ ဖြေမယ့်နေ့မှာ မိန်းမခိုးပြေးခဲ့တာ။ ခုတော့ မြေးပါမက မြစ်တောင် ရနေပြီ . .
            “ မင်းရဲ့ ညစ်ပတ်ပေတူးနေတဲ့ လက်ကြီးကို အရင် ဆပ်ပြာနဲ့ သွားဆေး။ သေသေချာချာ ပြောင်အောင် ဆေးခဲ့။ အဲဒီလို ညစ်ပတ်တဲ့ လက်နဲ့ ငါ့တားရော့ ကတ်တွေကို အကိုင်မခံနိုင်ဘူး။ ”
            “ အေးပါကွာ . . ဟုတ်ပါပြီ။ ဆေးဆိုဆေးပါ့မယ်။” . . .    “ လက်လည်း ဆေးပြီးပြီ။ ရေမွှေးနဲ့လည်း ဆွတ်ပြီးပြီဆိုတော့ ကြိုပြီး ပြောထားရဦးမယ်။ အမွှေးဆက်ပြာနဲ့ ရေမွှေးဖိုးတော့ အားနာပါရဲ့။ ဥာဏ်ပူဇော်ခတော့ တစ်ပြားမှ မပေးနိုင်ဘူး။ ပါမလာဘူး။ အပြန် ငါနဲ့လိုက်ခဲ့။ ထန်းရည်နဲ့ ကြွက်ကြော် အ၀တိုက်ပါ့မယ်။”
            “ အဲဒါတွေ နောက်မှပြော . . ဘယ်လက်နဲ့ တားရော့ချိုး။”
            ထွက်ပေါ်လာတာက Emperor . . .
            “ မင်းအိမ်မှာ အလိုမကျတာတွေ ဗြစ်တောက်ဗြစ်တောက် လုပ်ပြီး စိတ်ဆိုးလို့ ထွက်လာတာ မဟုတ်လား ”
            “ ဟုတ်ပါ့ . . မှန်လိုက်ပါ့  . . ငါ့ဆရာရယ်  . . အိမ်က မိန်းမပါကွာ။ . .. ”  အစချီပြီး မိန်းမက အသုံးအစွဲ စည်းကမ်း မရှိတဲ့အကြောင်း။ သားမက်တစ်ယောက်က မလိမ္မာ၊ အကုသိုလ် အလုပ်လုပ်ပြီး စီးပွားရှာတဲ့ အကြောင်း။ သူ့ သမီးကလည်း နှစ်လုံးရောင်းပြီး လင်မယားနှစ်ယောက် အပြိုင်စီးပွားရှာလို့ ဆုံးမတာလည်း မနာခံကြောင်း၊ လိုသမျှ ထောက်ပံ့နေကြောင်း၊ သမီးအကြီးကျပြန်တော့ စီးပွားရေးတော့ ကောင်းပါရဲ့။ မိဘမှာ အခက်အခဲရှိလို့ ငွေချေးရင် သူများဆီက ယူပေးရတယ် ပြောပြီး အတိုးပေးရကြောင်း။ သူတို့ သားအကြီးကို အိမ်မှာလာထားတော့ မိဘတွေရော၊ ဟိုဖက်က အဖိုးအဖွားတွေက အလိုလိုက်ခဲ့တော့ ထိန်းမရမှ သူ့ဆီပို့ထားတော့ ပြောဆိုဆုံးမမရလို့ စိတ်ညစ်ရကြောင်း။ မိသားစု တစ်ခုလုံး ဘယ်သူမှ သူ့စကားကို နားမထောင်ကြောင်း။ အဲဒါတွေကို ဒေါသထွက်ပြီး တစ်အိမ်လုံးကို ပတ်ပြီး ကြမ်းလာခဲ့ကြောင်း . . .”
            “ သူငယ်ချင်းရာ . . မင်းမိန်းမနဲ့ မင်း ပေါင်းလာတာပဲ အနှစ် 40 ကျော်နေပြီ။ သူ့အကြောင်း မသိသေးဘူးလား။ အသက် 60 ကျော် 70 နီးမှ လူတစ်ယောက်ရဲ့ စရိုက်ကို ပြင်လို့ ရပါတော့မလား။ ”
            “ အဲဒါကို ငါက ပိုပြီး ဒေါသဖြစ်တာကွ။ အနှစ် 40 ကျော် ပေါင်းလာခဲ့တဲ့ ငါ့အကြောင်းကို သိရက်နဲ့ ငါမကြိုက်ဘူးဆိုတာ အကုန်လုပ်တယ်။ ဒီလောက်ရှိတာ မိန်းမ အိမ်ပေါ်က မောင်းချလိုက်မလား လို့တောင် စဉ်းစားမိတယ်။”
            “ သူ့ကို မောင်းချဖို့ စဉ်းစားတာက နောက်၊ အခုတော့ မင်းပဲ အိမ်ပေါ်က ဆင်းထွက်ခဲ့ရတာ မဟုတ်လား။ မင်းစိတ်တွေ လျှော့ပါတော့ကွာ။ သားသမီးတွေလည်း အိမ်ထောင်ရက်သား ကျနေပြီ။ သူ့ဘ၀ကိုယ်စီနဲ့ သူတို့ ဖြစ်နေကြပြီလေ။ မင်းက နေရာတကာ ၀င်ပါမနေနဲ့တော့။ မင်းတို့ ငါတို့ အရွယ်က ခွေးမောင်း၊ ကျီးမောင်းနဲ့ အိမ်စောင့် အလုပ်လောက်ပဲ လုပ်စရာနေရာ ရှိတော့တာ။ တစ်သက်လုံး ရှာဖွေ ကျွေးမွေး ဆုံးမပြုပြင်လို့ တာဝန်ကျေခဲ့ပါပြီ။ သားသမီးတွေကို အလိုမကျလို့ မပြောနဲ့။ မင်းကိုယ်မင်းရော အလိုကျလို့လား။ ကိုယ့်စိတ်ကို ကိုယ်ထိန်းနိုင်လို့လား။ မကောင်းဘူး ဆိုတာတွေကို သိရက်နဲ့ ရှောင်နိုင်လို့လား။ ကဲ . .  ငါမေးမယ် မင်းမှာ သွေးတိုးရှိတယ်ဆို . . ၀က်သားကျတော့ ဖြတ်နိုင်ရဲ့လား . . ”
            “ တစ်ပတ်တစ်ခါလောက် ချက်စားတာပါကွာ ။ အမြဲ မစားပါဘူး။ ”
            “ တစ်ပတ်တစ်ခါကလည်း ပိဿာတွဲလိုက် ဆွဲပြီး ချက်စားတာမဟုတ်လား။ စားပြန်တော့လည်း အဆီအနှစ်တွေကို လက်ကြား ဆီယိုအောင်နယ်ပြီး အဆီတုံးမှ ကိုက်စားတာ မဟုတ်လား”
            “ ဟ . . ကောင်ရ . . ၀က်သားစားမှ တန်တာကွ။ ဘာမှ လွှင့်ပစ်စရာ မရှိဘူး။ ငါးဆိုရင် အရိုးထွင်ရတာနဲ့။ ကြက်ဆိုရင်လည်း တစ်ပိဿာဆို အရိုးက 50 သားလောက် ပစ်ရတာ။”
            “ ကဲ . . ဟုတ်ပါပြီး။ ဒါဆို ယမကာလေးကရော . .”
            “ အဲဒါကလည်း အမြဲ မဟုတ်ပါဘူးကွာ။ တစ်ခါတစ်လေ အလုပ် ပင်ပန်းတဲ့အခါ စားကောင်း အိပ်ကောင်းလောက် သောက်တာပါ။ အသက်ကြီးလာတော့ ဟိုတုန်းကလို စိတ်တိုင်းကျ မလုပ်နိုင်တော့ ဘူးကွ။ ညကျရင် ကိုယ်တွေ လက်တွေ နာပြီး တစ်ရေးနိုးရင် ပြန်အိပ် မပျော်တော့ဘူး။ ခြံထဲမလည်း ဟင်းဖိုးကျွေးဖိုးရအောင် သီးပင်စားပင်လေးကလည်း လုပ်နေရသေးတယ် မောင်ရေ။ မင်းကတော့ ဒါတွေ သိမှာ မဟုတ်ပါဘူး။ လက်ကြောတင်းအောင် အလုပ်လုပ်ဘူးတာမှ မဟုတ်တာ။”
            “ မင်း စကားလမ်းကြောင်းပြောင်းပြီး ငါ့ဖက် မလှည့်နဲ့။ အခု မင်းအကြောင်းပြောနေတာ။ အခုအရွယ်က သူများကို စိတ်တိုင်းကျ ဖြစ်ဖို့ထက် ကိုယ့်ကိုကိုယ် စိတ်တိုင်းကျ ဖြစ်ဖို့ ပိုလိုတယ်။ ရှင်းရှင်းပြောရရင် မင်းတို့ ငါတို့တတွေ သေဖို့က နီးနီးလာပြီ။ အများပြောနေကျ စကားနဲ့ပြောရရင် (ဘ၀ကူးကောင်းအောင်) ပေါ့ကွာ။ ငါ့အလိုအရတော့ ဘ၀ကူးကောင်းအောင် ဆိုတာထက် လူ့ဘ၀ရခိုက် သာသနာနဲ့ ကြုံခိုက်၊ ဗုဒ္ဓရဲ့ အဆုံးအမ လမ်းညွှန်ချက်ကို သဘောပေါက်အောင် လေ့လာပြီး မသေခင် အချိန်ကို ထိထိမိမိ အသုံးချသွားစေချင်တယ်။”
            “ အေးပါ. .  ငါလည်း သဘောပေါက်ပါတယ်။ ရွာလယ်ကျောင်းက တရားစခန်းတွေလည်း ၀င်ဖြစ်ပါတယ်။ သင်္ကြန်တွင်းတိုင်းလည်း ငါ သင်္ကန်းဝတ်တယ်။ ဒီနှစ် အတွက်တောင် ရဟန်းတကာပေါ်နေပြီ။ ဒါပေမယ့်ကွာ တရားစခန်းသာ ၀င်ရတယ်။ တရားပေးတာတွေကို ငါ ဘ၀င်မကျဘူးကွ . . .”
            “ သြော် . . . . .. . ”

နမူနာ (3)
            “ ဆရာ . .  ကျွန်တော် အလုပ်ထဲမှာ ရာထူးတိုး ဖြေဖို့ရှိတယ်။ ပညာအရည်အချင်း အရရော လုပ်သက်အရပါ ကျွန်တော်က စာရင်းဝင်နေပြီ။ ဒီတစ်ခါ Promotion မှာ ကျွန်တော်ပါအောင် ဘာလုပ်ရမလဲဆရာ။ သိချင်လို့ပါ။”
            ထုံးစံအတိုင်း တားရော့ချိုး
            ထွက်ပေါ်လာတာက Emperor . . .
            “ ညီလေး  . . မင်းရဲ့ ရာထူးတိုးကိစ္စကို ထိထိရောက်ရောက် ထောက်ခံ အဆုံးအဖြတ်ပေးနိုင်တဲ့ အထက်လူကြီးတွေ ထဲမှာ လုပ်ငန်းကို တိတိကျကျ ပြတ်ပြတ်သားသား လုပ်တတ်ပြီး ပေါင်းရသင်းရ ဆက်ဆံရခက်တဲ့ လူကြီးတစ်ယောက် ရှိသလား။”
            “ ရှိတယ်ဆရာ . . သူက အဓိကပဲ . . ကျွန်တော်နဲ့ 2ဆင့်လောက် ကွာတယ်။ ဌာနတစ်ခုလုံး သူ့ကိုပဲ ကြောက်နေရတာ။ စည်းကမ်း အရမ်းတိကျတာ။ ဘယ်သူ့မှလည်း မျက်နှာမလိုက်ဘူး။ မှန်တယ်ထင်ရင် ဘယ်သူ့မှလည်း မကြောက်ဘူး။ စိတ်ရင်းတော့ ကောင်းပါတယ်။”
            “ ဟုတ်ပြီ. .  အဲဒီ အထက်လူကြီးက ကူညီထောက်ခံပေးလိမ့်မယ်။ ဒါပေမယ့် သူ့အကြိုက် စည်းကမ်းတကျနေ။ အလုပ်ကို တိတိကျကျ မှန်မှန်ကန်ကန်လုပ်။ ဖြစ်ကတတ်ဆန်း မလုပ်နဲ့။ စေတနာ ပါပါနဲ့ တာဝန်ကျေအောင်လုပ်။ သူနဲ့ ထိပ်တိုက်တိုးစေမယ့် အမှားမျိုး လုံးဝမဖြစ်ပါစေနဲ့။ သူက မင်းကိုတော့ စိတ်ကြိုက်တွေ့ဟန်တူတယ်။”
            “ ကြိုက်မကြိုက်တော့ မသိဘူး ဆရာရေ့။ လချုပ်စာရင်း ဆွဲခိုင်းလည်း ကျွန်တော်ပဲ၊ အရေးပေါ် Overtime ဆင်းရင်လည်း ကျွန်တော့်ကိုပဲ ခိုင်းတယ်။ အလုပ်ထဲမှာ ကျွန်တော်လည်း မာနတော့ ထားတယ်။ အမှားပြော မခံရအောင်နေတယ်။ ခိုင်းရင်လည်း သပ်သပ်ရပ်ရပ်နဲ့ အမြဲလုပ်ပေးတယ်။ အပြောမခံချင်ဘူး။ သူနဲ့ လုပ်ရတာ ပညာတော့ ရပါတယ်။ ဒါပေမယ့် သူ့ မျက်နှာကြောက အမြဲတင်းနေတော့ ဘယ်တော့များ အဆူခံရမလဲတွေးပြီး ကြောက်နေမိတယ်။”
            “ မကြောက်ပါနဲ့  . .  အဲဒါတွေက မင်းအတွက် အမှတ်တွေ ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ဒီ Promotion မှာ အဲဒီလူကြီးက ကောင်းကောင်း ထောက်ခံပေးပါလိမ့်မယ်။ ဖြစ်နိုင်ပါတယ် . .. ”

No comments:

Post a Comment