ဂြိုဟ်လေးတွေ ဘယ်လိုသွား

ဂြိုဟ်တွေ ဒီနေ့ဘယ်မှာနေ . .

Friday, September 14, 2012

VI. The Lovers


VI. The Lovers

အမည်ကွဲများ
- Eros
- Marriage
- Hermes


ဆက်နွယ်မှု
- ဟီဘရူးအက္ခရာ Zain
- ရာသီက မေထုန်


သရုပ်ဖော်ပုံ
သရုပ်ဖော်ပုံက ရိုးစင်းပါတယ်။ မိန်းမပျိုနှစ်ဦး အလယ်မှာ ယောက်ျားပျိုတစ်ဦး၊ ကောင်းကင်မှာ နေမင်းကို နောက်ခံပြီး မြှားနတ်မောင်က လေးမြှားနဲ့ ချိန်နေဟန်။
            ဒီပုံရဲ့ Key က အရောင်တွေနဲ့ မိန်းမပျို နှစ်ဦးရဲ့ လက်ဟန်အနေအထားတွေ ဖြစ်ပါတယ်။ သုံးထားတဲ့ အရောင်တွေက သိသာထင်ရှားပေမယ့် လက်ဟန်အနေအထားတွေကတော့ ပြောမပြရင် မမြင် မတွေးနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။
            နေမင်းကြီးက ထွက်ပေါ်နေတဲ့ ရောင်ခြည်တန်းတွေက ၀ါပြာနီလိမ္မော် အရောင်တွေကို သီးခြားစီ ထင်ရှားစွာ ကွဲပြား ထွက်ပေါ်နေပါတယ်။ ယောက်ျားပျိုရဲ့ ၀တ်စုံမှာလည်း အဲဒီအရောင်တွေကိုပဲ ကွဲပြားစွာ အစင်းလိုက် ဖော်ပြထားပါတယ်။ ဘယ်ဘက်က မိန်းမပျိုရဲ့ ၀တ်စုံက အပြာရောင် အောက်ခံမှာ အနီရောင် အပေါ်ဝတ်ရုံ လွှမ်းခြုံထားပါတယ်။ ညာဘက် မိန်းမပျိုကတော့ အနီရောင်အနည်းငယ်၊ အဖြူရောင်အင်္ကျီလက်ဖျားတွေနဲ့ အပြာရောင် (ပြာနု+ပြာရင့်) အတွင်း/အပြင်ဝတ်ရုံတွေ အဖြစ်မြင်ရပါတယ်။
            သူတို့ (၃)ဦးရဲ့ ဦးခေါင်းပိုင်း ၀န်းကျင်မှာ အစိမ်းရောင်ကို မသိမသာ မထင်မရှား ထည့်သွင်းထားပါတယ်။ ဘယ်ဘက်က မိန်းမပျိုရဲ့ ဆံပင်ကို အစိမ်းရောင်နဲ့ ထားခြားစွာ ဖော်ပြထားပါတယ်။ ဒီကားချပ်ရဲ့ အဓိက ရည်ညွန်းချက်ကတော့ Choice= ရွေးချယ်ဆုံးဖြတ်မှုပဲ ဖြစ်ပါတယ်။ ကွဲပြားခြားနားမှုတွေကို ထင်ရှားတဲ့ အရောင်တွေနဲ့ ဖော်ပြပြီး ပေါင်းစည်းဖြစ်ထွန်းမှု ဆိုတဲ့ အနာဂတ် ရည်မှန်းချက်ကိုတော့ အစိမ်းရောင်း ၀ိုးတ၀ါးနဲ့ မသိမသာ ၀ှက်ထားခဲ့ပါတယ်။
            ရွေးချယ် ဆုံးဖြတ်မှုဆိုတာ ဘ၀တစ်ခုလုံးနဲ့ ပတ်သက်တဲ့ အဓိကအခန်းကဏ္ဍ တစ်ခုလုံးနဲ့ ပါတ်သက်ပါတယ်။ သို့သော် အချစ်ရေး၊ အိမ်ထောင်ရေးနဲ့ ဆက်နွယ်မှုက ၇၀% လောက် လွှမ်းမိုးနေတာကို တွေ့ရပါတယ်။ အဲဒီအချက်ကိုတော့ မိန်းမပျိုနှစ်ဦးရဲ့ လက်ဟန်အနေအထားတွေက ဖော်ညွှန်းနေပါတယ်။
            အစစ်နဲ့အတု အကာနဲ့အနှစ်၊ အသွင်သဏ္ဍာန်နဲ့ အရည်အချင်း တွေကို ကွဲပြားစွာ ခွဲခြားတတ်ဖို့ လိုပါတယ်။ အချက်အလက် အဆုံးအဖြတ်ကို တွက်တတ်တဲ့ ဦးဏှောက်နဲ့ မစဉ်းစား မဆုံးဖြတ်ဘဲနဲ့ ခံစားတတ်တဲ့ နှလုံးစားနဲ့ စဉ်းစား ဆုံးဖြတ်ဖို့ တိုက်တွန်းထားပါတယ်။
            ရာထူး၊ အဆင့်အတန်း၊ စိည်းစိမ်ငွေကြေး ကြွယ်ဝမှုတွေဆိုတဲ့ ရုပ်ပစ္စည်း တွေနဲ့ တစ်ဘက်က ဆွဲဆောင်ထားသလို အခြားတစ်ဘက်က ငယ်ရွယ်ပျိုမြစ်မှု၊ လှပတင့်တယ်မှု၊ ရင်ခုံကြည်နူးစေမှုဆိုတဲ့ စိတ်ခံစားမှုဆိုင်ရာ အာရုံတွေနဲ့ ညို့မြှူ ဖမ်းစားထားပါတယ်။
            စဉ်းစားရွေးချယ်ပါ။ ပြတ်သားစွာ ဆုံးဖြတ်ပါ။ ဘ၀တစ်ခုလုံးအတွက် အဆုံးအဖြတ်ဖြစ်ပါတယ်။ ရံဖန်ရံခါမှာ စားမေးပွဲဖြေဆိုရတာတွေ၊ လူတွေ့ စစ်ဆေးခြင်း ကြုံရတာတွေကိုလဲ ပုံဖော်ပေးတတ်ပါတယ်။ လူတစ်ဦးချင်းအလိုက် ဖြစ်စေ၊ မိသားစုအလိုက်ဖြစ်စေ၊ ရှေးရိုးစဉ်လာ ဘာသာရေး၊ ယဉ်ကျေးမှုအလိုက် ဖြစ်စေ၊ သမရိုးကျ အတွေးအခေါ်ဟောင်းတွေနဲ့ ဆန့်ကျင်တဲ့ ဘာသာရေး ယဉ်ကျေးမှု အတွေးအခေါ်သစ်တွေရဲ့ ထိပ်တိုက်ရင်ဆိုင် တွေ့ကြုံရမှုတွေလည်း ကြုံရပါတယ်။

နမူနာ(၁)
            “ဆရာ . . ကျမသမီးရဲ့ ပညာရေး၊ စာမေးပွဲအခြေအနေလေးကို သိချင်လို့ပါ”
            “သမီး ပါလာသလား . .”
            “ဟုတ်ကဲ့ . . ပါပါတယ်။ သူပါ . . ”
            “သမီး . . ရှေ့တိုး . .”
            ထုံးစံအတိုင်း ပြုဘွယ်တွေ ပြင်ဆင်ပြီး တားရော့ကတ်ထုပ်ကို ချိုးစေပါတယ်။
             . . . . . . ?
            “မဟောခင် ညည်းတို့သားအမိ နှစ်ယောက်ရဲ့ ဆက်ဆံရေးပုံစံကို သိချင်တယ်”
            “ဘာကို ပြောတာလဲဆရာ . . သမီးနားမလည်ဘူး . .”
“သိချင်တာက ဒီလိုပါ၊ သမီးနဲ့ အမေက တစ်ယောက်နဲ့ တစ်ယောက် ရိုရိုသေသေ လေးလေးစားစားရှိသလား။ ဒါမှမဟုတ် ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ရှိသလား။ အဲဒါသိချင်တာ . .”
“ကျမနဲ့ သမီးက သားအမိဆိုပေမယ့် ညီအစ်မလိုပဲ ပွင့်ပွင့်လင်းလင်း တိုင်တိုင်ပင်ပင်ရှိပါတယ်။ ဆရာဟောစရာ ရှိတာကို အရှိအတိုင်းဟောပါ . .”
“အဲဒီအချက်ကို လိုချင်တာ။ အမေရှေ့မှာ သမီးကို ဟောလို့ ပြောလို့ မသင့်တော်တဲ့ အနေအထား ဖြစ်မှာစိုးလို့ . . ”
“မရှိပါဘူးဆရာ၊ ဆရာတွေ့တာကိုသာ ပွင့်ပွင့်လင်းလင်းဟောပါ။ ကျွန်မတို့မှာ ပြဿနာ မရှိပါဘူး . .”
“ဒါဆို ကောင်းပြီ။ ပြောတော့မယ် . .”
သမီးဖြစ်သူက ရှက်ရွံ့ဟန်ဖြင့် ခေါင်းငုံ့ . . .
 . . . တစ်ဦးက အသက်နည်းနည်းကြီးဟန်ပေါ်တယ်။ ရုပ်နဲနဲရင့်မယ်။ ငွေကြေးတောင့်တင်းတဲ့ မိသားစုက ဖြစ်နိုင်တယ်။ နောက်တစ်ယောက်က . . .
သမီးဖြစ်သူ မျက်ခုံးမြင့်တက်ပြီး မျက်လုံးဝိုင်းစက်သွား . .
နောက်တစ်ယောက်ကတော့ သမီးနဲ့ ရွယ်တူလောက်ရှိမယ်။ မွန်မွန်ရည်ရည် သန့်သန့် ပြန့်ပြန့် ဖြစ်မယ်။ နဲနဲတော့ နွမ်းပါးပုံရတယ်။ သမီး အဖြေမပေးရသေးဘူး။ မဆုံးဖြတ်ရသေးဘူး။ တရားဝင်သာ အဆုံးအဖြတ်မပေးရသေးတာ၊ သမီးရင်ထဲမှာ အဖြေကတော့ ကွဲပြားပြီးသား ဖြစ်မှာပါ။
သမီးဖြစ်သူ မျက်နှာ နီရဲလာခဲ့ . ..
“ . . သမီးကိုယ်တိုင်က အငယ်ဖြစ်သူ သမီးနဲ့ ရွယ်တူဖြစ်သူကို သံယောဇဉ် ပိုနေတာ မဟုတ်လား . .”
သမီးဖြစ်သူက ခေါင်းငုံ့ပြီး ရှက်ပြုံးပြုံး ၀န်ခံတဲ့ သဘောနဲ့ . . အမေဖြစ်သူက . .
“ကဲ . . သမီး  . . အခုတော့ အကုန်ပေါ်ကုန်ပြီ မဟုတ်လား။ စာကျက်ပါဆို စားပွဲမှာထိုင် စာအုပ်ရှေ့ချပြီး ငူတူတူ  ငိုင်တိုင်တိုင်နဲ့ အခုမှ အဖြေပေါ်တယ်။ ဆရာရယ် . . သမီးက ငယ်ပါသေးတယ်။ ဒီလို စိတ်မျိုးတွေ မ၀င်လောက်သေးပါဘူးလို့ ထင်ထားတာ။ ဒါ့ကြောင့် စိတ်ချလက်ချ လွှတ်ထားတာ။ ဒီနှစ် ကိုးတန်း။ ရှေ့နှစ်ဆို ဆယ်တန်း၊ အနဲဆုံး ဆယ်တန်းတော့ အောင်စေချင်တာပေါ့။ သူဝါသနာပါရင် ဘွဲ့ရအောင်ထိ ထားချင်တာ။ ခုတော့ . . ”
“ဒါကတော့ သဘာဝတရားပဲလေ။ ဖူးချိန်တန်ဖူး ပွင့်ချိန်တန်ပွင့်တာ၊ သိပ်မစိုးရိမ်ပါနဲ့။ သမီးပုံစံက လိမ္မာမှာပါ။ ဟုတ်တယ်မဟုတ်လား သမီး။ ပန်းပွင့်ရှိရာ လိပ်ပြာလာတာ ဓမ္မတာပါ။ ဒါပေမယ့် ပညာရေးကို ဆုံးခန်းတိုင်အောင် ကြိုးစား၊ မိဘတွေလည်း စိတ်ချမ်းသာအောင်၊ ကိုယ့်ဘ၀လည်း တိုးတက်မြင့်မားအောင် . .”
“ကျွန်မကလည်း အဲဒီလိုပဲ ဖြစ်စေချင်တာပါ။ ကျွန်မတုန်းကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျပြီး လူ့ဘ၀ရဲ့ ဒုက္ခ၊ သုက္ခတွေထဲမှာ အခုထိ ရုန်းကန်နေရတုန်း။ သမီးကိုတော့ အဲဒီလို မဖြစ်စေချင်ဘူး . .။ ကဲ  . . သမီး အဲဒီသမီးကို ကြိုက်နေတဲ့ (၂)ယောက်က ဘယ်သူတွေလဲ။ ပထမပြောတဲ့ အသက်ကြီးတယ် ဆိုတဲ့တစ်ယောက်ကတော့ အမေထင်တာ မမှားဘူးဆိုရင်တော့ ရွာတောင်ပိုင်းက လယ်သူကြီး သားမဟုတ်လား။ သမီးကျောင်းဆင်းချိန်ဆို ရွာထိပ်က ကြည့်လိုကြည့်။ ဘိလိယက်ခုံက ကစားဟန်ဆောင်ရင်း စောင့်ကြည့်လိုကြည့်။ ငါတို့ အိမ်ဘက်ကို အကြောင်းမရှိ အကြောင်းရှာပြီး လျှောက်လိုလျှောက်နဲ့။ ငါသတိထားမိတာကြာပြီ။ သူ . . ဟုတ်လား။ နောက်တစ်ယောက်ကရော . .”
“ကဲ . . နောက်မှ အေးအေးဆေးဆေး မေးမြန်းဆွေးနွေးပါ။ တခြားပြောစရာ ကျန်တာလေးတွေ ပြောရအောင် . .”


နမူနာ(၂)
“ဆရာ . . သမီး တားရော့နဲ့ ဗေဒင်ကြည့်ချင်လို့ပါ။”
“သမီးက ဘာအကြောင်းတွေ သိချင်တာလဲ . . သမီးသိချင်တဲ့ အကြောင်းတွေကို ဖွင့်ပြောချင်လည်းရတယ်။ ဖွင့်မပြောပဲ ရင်ထဲကမေးလို့လည်းရတယ်။ Unseen Question ပေါ့။ အကြောင်းအရာ တစ်ခုကိုပဲ သီးသန့်မေးချင်တာဆိုရင် မေးခွန်းကို သိထားရတာ ပိုကောင်းတယ်။ ဒါမှ ထွက်ပေါ်လာတဲ့ ကားချပ်ရဲ့ အဖြေတွေထဲက သမီးမေးတဲ့ မေးခွန်းနဲ့ ဆီလျော်တာကို ထုတ်နုတ်ပြီး ပြောရတာ ပိုသဘာဝကျတာပေါ့ . .”
“သီးသန့် သိချင်တာရယ်လို့ မရှိပါဘူး။ သမီး ဗေဒင်တစ်ခါမှ မမေးဖူးပါဘူး။ သူငယ်ချင်းတွေက ဆရာဟောတဲ့ တားရော့အကြောင်းတွေ ကြားနေရလို့ တားရော့နဲ့ ဗေဒင် မေးစမ်းကြည့်တာပါ။ ဆရာတွေ့တာ မြင်တာကိုသာ ဟောပါ။”
“ဒါဆို သမီးကားချပ်တွေကို ကိုင်ပြီး တားရော့အစောင့်အရှောက်ပုဂ္ဂိုလ်တွေကို မေတ္တာပို့ပါ။ ပြီးရင် သမီးရဲ့ ဘ၀တစ်ခုလုံး အနေနဲ့ သိသင့် သိထိုက်တဲ့ ကိစ္စတွေ ဘာရှိလဲ သိပါရစေလို့ အာရုံပြုပြီး ကားချပ်တွေကို Shuffle လုပ်ပါ။”
အဲဒီလို ပြုဖွယ်ကိစ္စတွေကို ပြုပြီး ကားချပ်တွေကို ချိုးလိုက်ပါတယ်။
ထွက်ပေါ်လာတာက The Lovers ကားချပ်။
“သမီးမှာ ချစ်သူ ရှိနေပြီလား။”
“မရှိပါဘူး ဆရာ”
“သေချာရဲ့လား။ တရားဝင်ချစ်သူ အဆင့်မရောက်သေးတောင်မှ propose လုပ်ထားတာတော့ ရှိနေမယ် ထင်ပါတယ်။ စဉ်းစားကြည့်ပါဦး။”
“အဲဒီလို ဆိုရင်တော့ ဟုတ်ပါတယ်။ သမီးနဲ့အတူတူ Final Year ကပဲ။ မူလတန်းထဲက လက်တွဲလာတဲ့ သူငယ်ချင်း၊ သူက သမီးကို ဒီနှစ် ကျောင်းဖွင့်စ ကတည်းက propose လုပ်ထားတယ်။ သမီးက ဒီအကြောင်းတွေ မစဉ်းစားသေးဘူး။ ကျောင်းပြီး အလုပ်ဝင် မိဘတွေကို လုပ်ကျွေးပြီးမှ အိမ်ထောင်ရေး စဉ်းစားမယ်လို့ ပြောထားတယ်။ သူကလည်း ပြန်ပြောပါတယ်။ အခုချက်ချင်း လက်ထပ်ဖို့ မဟုတ်ပါဘူး။ အဖြေတောင်းထားရုံပါ။ သူများနောက်ပါသွားမှာ စိုးလို့ စိတ်မချတာက တစ်ကြောင်း။ ကျောင်းပြီးသွားရင် အနေဝေးသွားတော့မှာမို့ ပြောဖြစ်အောင် ပြောထားတာပါ။ အခုလိုပြောဖြစ်ဖို့ (၁၀)တန်းမအောင်ခင်ကတည်းက ကြိုးစားခဲ့တာ။ အခုမှ ပြောဖြစ်ခဲ့တဲ့ အကြောင်း ပြောပါတယ်။”
“ဒါဆို သူ့ကို ချစ်သူအဖြစ် လက်ခံသင့်သလား။ သူနဲ့ အိမ်ထောင် ပြုဖြစ်မှာလား။ အိမ်ထောင်ကျပြီးရင်ကော တစ်သက်တာ စိတ်ချမ်းသာရပါ့မလား ဆိုတာ သိပါရစေ”


နမူနာ(၃)
“ဆရာ  . . ကျွန်တော် အိမ်ထောင်ပြုဖို့ စီစဉ်ထားပါတယ်။ လက်ထပ်ဖို့ အဆင်ပြေမပြေနဲ့ လက်ထပ်ပြီးရင်ကော အိမ်ထောင်ရေး သာယာပါ့မလား ဆိုတာတွေကို တားရော့နဲ့ ကြည့်ချင်လို့ပါ။”
တည်ကြည့် ဖြောင့်မတ်ဟန်ရှိတဲ့ ရုပ်ရည်သန့် လူရွယ်တစ်ဦး။ အသက် (၃၀)နှစ်ခန့် . .။
ပထမဦးဆုံး ထွက်ပေါ်လာတာက The Lovers . .
“ညီလေးတို့ နှစ်ယောက် ချစ်သူ ဖြစ်ခဲ့ကြတာ ဘယ်လောက်ကြာပြီလဲ။ ”
“ကျောင်းကတည်းကပါ ဆရာ။ လေးငါးနှစ်လောက် ရှိပါပြီ။ ဘာဖြစ်လို့လဲ . .”
“ဘာဖြစ်လို့လဲဆိုတော့ အခုထွက်ပေါ်လာတဲ့ ကားချပ်က The Lovers . .  သူ့အဓိပ္ပာယ်က ချစ်သူတွေ့ခြင်း၊ ရွေးချယ်ခြင်း၊ ဘ၀ရဲ့ အရေးပါသော အပြောင်းအလဲတစ်ရပ်အတွက် စဉ်းစားဆုံးဖြတ်ခြင်းဆိုတဲ့ အဓိပ္ပာယ်တွေရတယ်။ ညီလေးတို့က အိမ်ထောင်ပြုဖို့တောင် ဆုံးဖြတ်ပြီးသားဆိုတော့ ကားချပ်ကပြောတဲ့ ပထမ အဓိပ္ပာယ်တွေနဲ့ နဲနဲဝေးနေတယ်။ ချစ်သူတွေ့တဲ့ အဆင့်  . . ရွေးချယ်တဲ့ အဆင့်မဟုတ်ဘူး။ ဒါဆို အခု ညီလေးမှာ ဘာများ ရွေးချယ်စဉ်းစား ဆုံးဖြတ်စရာ ရှိသေးလို့လဲ။ အားလုံးက ပြီးနေပြီပဲ။ အဲဒါက စဉ်းစားစရာ ဖြစ်နေလို့ပါ။”
“ဆရာ တားရော့ကပြောတာမှန်ပါတယ်။ လက်ထပ်ဖို့သာ စဉ်းစားဆုံးဖြတ်ခဲ့တာ။ ဒါပေမယ့် ကျွန်တော့် ခေါင်းထဲမှာ မှားလား၊ မှန်လား ဝေခွဲမရနိုင်သေးတဲ့ ကိစ္စရှိနေတယ်ဆရာ။ တခြားတော့ မဟုတ်ပါဘူး။ မိဘတွေနဲ့ ပါတ်သက်ပါတယ်။ ကျွန်တော်က တစ်ဦးတည်းသောသားပါ။ တစ်သက်လုံး မိဘတွေနဲ့ မခွဲဘဲ လုပ်ကျွေးလာခဲ့တာ။ မိန်းကလေးကလည်း တစ်ဦးတည်းသော သမီး။ သူ့မိဘတွေမှာက လက်ငုတ်လက်ရင်း စီးပွားရေးလုပ်ငန်းလေးတွေ ရှိတယ်။ လက်ထပ်ပြီးရင် အဲဒါတွေကို ကျွန်တော်က ဦးစီးရတော့မှာ။ မိဘတွေနဲ့ အတူနေလို့ မဖြစ်တော့ဘူး။ အမေတို့ကလည်း မခွဲစေချင်။ ဒါပေမယ့် အိမ်ထောင်တော့ ပြုစေချင်တယ်။”
 . . မိဘတွေကို ခွဲထားခဲ့ရမှာရယ်။ အိမ်ထောင်ပြုပြီး မိဘတွေကို စိတ်တိုင်းကျ ထောက်ပံ့ လုပ်ကျွေးနိုင်တော့မလား ဆိုတာရယ် . . ကျွန်တော်ရင်ထဲမှာ မကောင်းဘူး။ လက်ထပ်ဖို့ ကိစ္စကိုတောင် ပြန်စဉ်းစားရမလားလို့ တွေးနေတာ . . .။

ဆရာစိုး(ရွှေအရုဏ်ဦး)
မိုးကောင်း

No comments:

Post a Comment