ဂြိုဟ်လေးတွေ ဘယ်လိုသွား

ဂြိုဟ်တွေ ဒီနေ့ဘယ်မှာနေ . .

Thursday, June 21, 2012

လျှို့ဝှက်ရှားပါးသော ဗေဒင်ဟောနည်း




ကျွန်တော် မြန်မာ့ရိုးရာ ဗေဒင်ပညာတစ်ခုဖြစ်တဲ့ ဆန်းဗေဒင်အကြောင်းလေ့လာခဲ့စဉ်က ဆရာမင်းကျော်ဇော်ရဲ့ လျှို့ဝှက်ရှားပါးသော ဗေဒင်ပညာစာအုပ်မှာပါတဲ့ နိဒါန်းပိုင်းလေးကို ဖတ်မိစဉ်က ဗေဒင်ဟောဆိုခြင်းရဲ့ လျှို့ဝှက်ချက်တွေကို ဖတ်မိတော့ တော်တော်လေး ပျော်သွားပါတယ် . . ဆရာရေးသားခဲ့တဲ့ နိဒါန်းပိုင်းလေးက ထူးခြားတဲ့ အသိတွေ ပေးစွမ်းခဲ့လို့ပါပဲ . . ကျွန်တော့်လို ဗေဒင်ဝါသနာတူများကိုလည်း ကျွန်တော်လွန်စွာ နှစ်သက်ခဲ့တဲ့ ဆရာမင်းကျော်ဇော်ရဲ့ စာအုပ်ပါ နိဒါန်းပိုင်းလေးကို မူရင်းအတိုင်းရိုက်ပြီး ပြန်လည်မျှဝေလိုက်ပါတယ် . .

 
လျှို့ဝှက်ရှားပါးသော ဗေဒင်ဟောနည်း
ကျမ်းဦးနိဒါန်း
လျှို့ဝှက်ရှားပါးသော ဗေဒင်ဟောနည်း ဟူသော ကျမ်းအမည်သည် ဗေဒင်ဝါသနာရှင်များအတွက် များစွာ ဆန်းကြယ်နေပေလိမ့်မည်။ ဗေဒင်ဆိုင်ရာ ကျမ်းကြီးကျမ်းခိုင် များစွာနှင့်တကွ ကျမ်းမျိုးစုံတို့ စုံစေ့အောင် ထုတ်ဝေရိုက်နှိပ်ပြီး ဖြစ်ရာ တစ်ကျမ်းနှင့် တစ်ကျမ်း ကွဲပြားခြားနားသော အယူအဆ ဟောနည်းများ မဟုတ်မူပဲ မဲပြာပုဆိုးချည်းလိုလို ဖြစ်နေခဲ့ကြောင်း ပရိသတ်အပေါင်းတို့ သိပြီး ဖြစ်ပါလိမ့်မည်။
သို့သော်လည်း အပျော်တမ်း ၀ါသနာရှင်ရော၊ ပညာလိုက်စားအားထုတ်သူများပါ မျက်စိလယ်ပြီး ဘာကိုဘယ်ကစ၍ တွက်ရမည်၊ ဟောရပြောရမည်ကိုကား ဤခေတ်ဤအခါနှင့် ကိုက်ညီအောင် လွယ်ကူရှင်းလင်းသော ခိုင်လုံတိကျ အားထားယုံကြည်လောက်သော ကျမ်းတစ်စောင်တလေမျှ မရှိခဲ့သေးချေ။
ဤသို့ဆိုသဖြင့် ပညာရှိကြီးများက စိတ်ကွက်ကောင်းကွက်ပေလိမ့်မည်။ ဗေဒင်အကြံ စာအအံဟု ဆိုထား၍ ဟောသူကသာ ကြံဆဟောပြောရမည်ဖြစ်သဖြင့်လည်း မည်သည့်ကျမ်းကို တိတိကျကျ အာမခံနှင့် ညွှန်းဆို ဟောပြောရမည် မသိပါချေ။
ရှေးဟောင်း နက္ခတ်ဗေဒင် ကျမ်းကြီးကျမ်းခိုင်တို့မှ ပြန်လည်ရေးသားကြသော ပညာရှင်ကြီးများ၏ ကျမ်းစာအုပ်တို့မှာ တိကျစွာ ဟောနိုင်ဖို့ ဝေးစွ တိကျစွာ တွက်ချက်ရန်ပင် ခက်ခဲနေတော့သည်ကို တွေ့ရမည် အမှန်ဖြစ်ပါ၏။
ဥပမာတစ်ခု ပြရပါလျှင် ဂြိုဟ်စီးဂြိုဟ်နင်း အားထားသူ ဆရာကြီးတို့သည် ဘယ်ဂြိုဟ်တို့သည် ဘယ်ရာသီ ဘယ်ဌာနကို စီးနင်းနေပါလျှင် ထိုဇာတာရှင်မှာ မုချ ရာထူးတက်ရမည်။ ရာထူးကျရမည် (ကောင်းစားမည်၊ ဒုက္ခရောက်မည်) ဟူ၍ သာဓကပြ၍ မတင်ပြထားပါချေ။
ထို့အတူ ဒသာအားကိုး ဆရာကြီးများကလည်း ဘယ်ဒသာဟု တိကျစွာ မဆိုထားကြပါချေ။ မဆိုနိုင်ကြပါချေ။ ဗေဒင်သည် အများသာဟောသည်။ အတိအကျ မဟောဟု ဆိုပြန်ပါကလည်း ခေါင်းပန်းလှန်သလိုသာ ကျချေမည်။ ဤကဲ့သို့ မဟုတ်ပါချေ။
ဗေဒင်သည် အားကိုရာအစစ် ပညာကြီးဖြစ်၏။ ဖြစ်လည်း ဖြစ်ရပါမည်။ ဟောသည့်အတိုင်း ဖြစ်ချင်ဖြစ်မည်။ မဖြစ်ချင် မဖြစ်ဆိုပါက မည်သို့ တန်ဖိုးရှိတော့မည်နည်း။
ရှေးက ပညာရှင်ကြီး အချို့တွင် အဖိုးတန် နတ်မျက်စိသကဲ့သို့သော ဗေဒင်ပညာကြီးများ ရှိခဲ့ကြပါ၏။ ဟောတိုင်းလည်း တတ်အပ် သေချာ မှန်လှပါ၏။ စိတ်ကူးစိတ်သန်းဖြင့် လည်းကောင်း၊ ကြံဆ၍လည်းကောင်း၊ ဟောသည့်ပုံစံမျိုး လုံးဝမဟုတ်ပါချေ။ သမထ အမြင်မျိုးလည်း လုံးဝမဟုတ်ပါချေ။ ပညာဟော ဟောခြင်းမျှသာ ဖြစ်ကြပါ၏။
အမှန်မှာတော့ ပညာသည် စစ်မှန်လေလေ ရှားပါး၍ လျှို့ဝှက်လေလေ ဖြစ်တော့၏။ ဗေဒင်ပညာစစ် ပညာမှန်ကို ပါရမီကြောင့် တွေ့သိနားလည်ခွင့်ရသော ပညာရှင်ကြီးများကလည်း လျှို့ဝှက်ထားကြသည်သာ ဖြစ်ပါ၏။
ရှေးပညာရှင်ကြီးများ ဟောပြောရာတွင် ဗေဒင်ပညာမှာ အလွန်လွယ်ကူလှသည်ဟု ထင်ရ၏။ ငှက်ပျောသီး အခွံနွှာစားရသည်ကမှ ခက်လှပေမည် ထင်ရ၏။ မွေးသည့် နာရီမိနစ်တွေ စက္ကန့်တွေသိမှ မှန်အောင်တွက်သော တွက်နည်းများဖြင့် ဟောခြင်းမဟုတ်ကြောင်း ထင်ရှား၏။
မြန်မာ့ ဗေဒင်ပညာသည် နတ်မျက်စိကဲ့သို့ပင် မှန်ကန်အောင် ဟောနိုင်ခဲ့ပါသည်။ ခုခေတ် ဖြန်းသန်းဟောသော ယေဘုယျ လူတိုင်းမှန် ပစ်မလွဲဟောနည်းများ လုံးဝမဟုတ်ပါချေ။ မှန်ပုံမှန်နည်းကို ကြည့်လျှင်ပင် ဗေဒင်ပညာကို ကြောက်လန့်သွားလောက်၏။
ဤသို့ ဟောနည်းများကို မည်သည့်ကျမ်းစာအုပ်များမှာ တွေ့ရမည်နည်းဟု လိုက်စားသူ များစွာ အလိုရှိကြ၏။ ထိုစာအုပ် ဟုတ်နိုးနိုး၊ ဒီစာအုပ် ဟုတ်နိုးနိုးဖြင့်သာ ထွက်သမျှဝယ်ယူ လေ့လာနေကြရ၏။ သို့သော်လည်း အထက်က တင်ပြသကဲ့သို့ မဲပြာပုဆိုးချည်းသာလျှင် ဖြစ်တော့၏။
ဗေဒင်ကို မှန်အောင် ဟောချင်ကြပါသည်။ ဟောနည်းများကိုလည်း သိလိုကြပါသည်။ ဗေဒင်ကို ရှေးက ထင်ရှားသူကြီးများကဲ့သို့ မှန်အောင်ဟောနိုင်လျှင် ခုခေတ်တွင် လက်ဖျားငွေသီးနေမည် မဟုတ်ပါလား။
ဤကျမ်းကို လျှို့ဝှက်ရှားပါးသော ဗေဒင်ဟောနည်းကျမ်းဟု အမည်တပ်ထား၏။ မည်သည့်ကျမ်းတွင်မျှ အသေအချာ မသိနိုင်သော နည်းနိသျှများကို ဖွင့်လှစ်ပြထားသဖြင့် ဤကျမ်းသည် ဗေဒင်လိုက်စားသူများအတွက် ဗေဒင် မျက်စိအလင်းဆေး ပထမဆင့်ဖြစ်ရမည်မှာ လုံးဝယုံမှား မရှိပါနှင့်။
ပထမဆင့်ဟု ဆိုထားသဖြင့် ဒုတိယဆင့်၊ တတိယဆင့်များ ရှိသေးပါသလောဟု မေးကြပေလိမ့်မည်။ ရှိပါသေးသည်။ ဗေဒင်ပညာသည် လျှို့ဝှက်သော ပညာရပ်တစ်မျိုးဖြစ်၏။ ဆေးလည်းသည်တွင်၊ အင်းလျှင်သည်မှာ ဆိုထားသဖြင့် ကောင်းကျိုးကို စီရင်၍ရသကဲ့သို့ လူတစ်ယောက်ကို ဆိုးကျိုးလည်း စီရင်၍ရပေရာ ဒုတိယ၊ တတိယဆင့်များကိုကား ဤကျမ်းပြုစုသူ ဆရာထံတွင် သစ္စာခံယူလျှက် လက်ထပ်သင်ကြားခြင်းမှအပ မည်သည့်ကျမ်းအဖြစ်မှ ရေးသားထုတ်ဝေမည် မဟုတ်ပါချေ။
ငွေကြေးမည်မျှ ပေးသည်ဖြစ်စေ ရေးသားထုတ်ဝေခြင်း ပြုမည်မဟုတ်ပါ။ ပါရမီရှိသူတို့က တတ်သင့်သည့်အလျှောက် တတ်မြောက်စေရမည်အမှန် ဖြစ်တော့သည်။
ဤကျမ်းကို ရေးသားရာ၌ ဟောပြောရန် အချက်အလက်ထုတ်ယူပုံ၊ တွက်ကိန်းဆင်ပုံများကို သာဓကဟောစာတမ်းများနှင့် တင်ပြသွားပါမည်။ ဤတွက်ကိန်းဆင်နည်းများသည် ပုံသေကားချဖြစ်၍ ပြုပြင်ပြောင်းလဲခြင်း တိမ်းပါးခြင်း မရှိပါချေ။ သို့သော်လည်း ဒုတိယဆင့် တတိယဆင့် ပညာတွင်ကား ပုံသေမဟုတ်တော့ဘဲ ပြောင်းလဲယူဆ သွားသောပုံများနှင့် ကောင်းကျိုးဆိုးကျိုး ဓာတ်ကိန်းအရ စီရင်ခန်းများဖြစ်ရာ အာမခံ ကတိသစ္စာ ပြုသူများအတွက်သာ လက်ထပ်သင်ကြား ပေးနိုင်ခွင့် ရှိပါသည်။
ယခုကျမ်းကို ကျနစွာ လေ့လာပြီးပါက ရှေ့အဆင့်များတွင် ဆရာတစ်ဆူ ဖြစ်ရတော့၏။ ဤကျမ်းပြုသူမှာ ဗေဒင်ဟောခြင်း အမှုထက် သာသနာတော် အကျိုးကိုရည်၍ သာသနာပြုရန်သာ အဓိဌာန်ရှိသူဖြစ်ရာ ဓာတ်လမ်းဓာတ်စခန်းများဖြင့်သာ ပျော်မွေ့နေသူ ဖြစ်ပါ၏။
ဤလျှို့ဝှက်ရှားပါးသော ဗေဒင်ဟောနည်းများကို ပညာပါရမီအလို့ငှာလည်းကောင်း၊ ရရှိသော ဥာဏ်ပူဇော်ခများကို လုပ်ရပ်လမ်းများအတွက်လည်းကောင်း ရည်စူး၍ ထုတ်ဝေသူများ၏ တောင်းပန်ချက်အရ ရေးသားသင်ကြားပေးရခြင်းမျှ ဖြစ်ပါတော့သည်။
ဤကျမ်းရေးသားရသော အကျိုးအားကြောင့် ဖြစ်လေရာဘ၀တွင် ပညာအရာတွင် လျင်စွာ သိနားလည်ရသော ပါရမီရှင် ဖြစ်ရပါစေသတည်း။
ဆရာမင်းကျော်ဇော်

လျှို့ဝှက်ချက်(၁)
            ဗေဒင်ပညာသည် မုချမှန်ကန်သောပညာဖြစ်၏။ သို့ရာတွင် ဗေဒင်၏ မှန်ပုံမှန်နည်းကို အကြွင်းမဲ့ မသိရှိသေးသဖြင့် အချို့ဆရာများသည်ပင်လျင် ယောင်ဝါးဝါး ဖြစ်နေကြရသည်။
            ဘယ်လိုမှန်သလဲ . . .
            ကိန်းခန်းအရ မလွန်ဆန်နိုင်သော အမှန်များသည် အာမခံနိုင်သော အမှန်များ ဖြစ်၏။ ကိန်ခန်းကို ပိုင်ဆိုင်ကျော်နင်းသူမှာ ဇာတာရှင်ဖြစ်၏။ ထိုသူသည် ကိန်းခန်းကို မလွန်ဆန်နိုင်။ သူသည် ကိန်းခန်းကို လိုက်လျောလိုက လိုက်လျောမည်။ ဆန့်ကျင်လိုက ဆန့်ကျင်မည်။ သူ့သဘောဖြစ်၏။ မည်သူမျှ မဟောနိုင်။
- ကိန်းခန်းကို လိုက်လျောလျှင် လွယ်ကူ၏။ သက်သာ၏။ (၀ါ) အောင်မြင်၏။ ကံကောင်း၏။
- ကိန်းခန်းကို မလိုက်လျော ဆန့်ကျင်လျှင် ခက်ခဲ၏။ ပင်ပန်း၏။ ဆုံးရှုံးနစ်နာ၏၊ (၀ါ) ကံမကောင်းနိုင်။
            ဤအချက် နှစ်ရပ်စလုံးသည် ဇာတာရှင်၏ သဘောအရသာ ဖြစ်၏။ သူသည် ဆန့်ကျင်လျှင် ကံမကောင်း၊ လိုက်လျောလျှင် ကံကောင်း၏။ ကိန်းခန်းဆိုသည်မှာ မဟာဘူတဓာတ်တို့ အလိုကျဖြစ်၍ သက်ရှိ သက်မဲ့ မည်သူမျှ မလွန်ဆန်နိုင်ချေ။ လွန်ဆန်၍ ရကောင်းသောအရာ မဟုတ်။ မိမိကသာ ကြိုက်ရာရွေးချယ်နိုင်၏။ ဥပမာ ဆောင်ရသော် လှေသမားသည် ရေချိုသို့ရောက်ပါက ရေသောက်လျှင် အားရှိမည်။ ကောင်းမည်။ ရေငန်သို့ ရောက်ခိုက် ရေမသောက်လျှင် ကောင်းမည်။ ဥပဒ်အန္တရာယ်ကင်းမည်။ ရှောင်ကြဉ်ရမည်။
မရှောင်ကြဉ်ဘဲ ရေငန်ကို သောက်မိသော် မည်သည့်နည်းနှင့်မျှ ဒုက္ခဥပဒ်နှင့် လွတ်မည်မဟုတ်ချေ။ ထို့အတူ ရေချိုသို့ရောက်ခိုက် ဖြစ်ပါလျှက် မသောက်မိပါကလည်း အားရှိမည်၊ ကောင်းမည်မဟုတ်ချေ။ ဤအချိန် ဤနေရာသို့ရောက်ခိုက် ရေချိုကိုရောက်သော် ကောင်းစားမည်။ ဤအချိန် ဤနေရာသို့ရောက်ခိုက် ရေငန်ကိုသောက်သော် ဆိုးရွားမည်ဟု သိခြင်းသည် ဗေဒင်၏ ပထမဆုံး မှန်ကန်ခြင်း ဖြစ်၏။ ထို့ကြောင့်
- ရေချိုသို့ရောက်သည့် အချိန်ဖြစ်၍ ကောင်းမည်ဟု ဟောနိုင်ပါမည်လော . . .
- ရေငန်သို့ ရောက်သည့်အချိန်ဖြစ်၍ ဆိုးမည်ဟု ဟောနိုင်ပါမည်လော . . .
ကိန်းသည် ကိန်းမျှသာဖြစ်၍ ကံမဟုတ်ချေ။ ဗေဒင်ဆရာသည် ကိန်းကို သိသူမျှသာ ဖြစ်သည်။ ကိန်းပညာရှင်မျှသည်ဖြစ်သည်။ လူတစ်ယောက်၏ ကံကိုကား ဘုရား၊ ရဟန္တာတို့မှအပ ဤကမ္ဘာတွင် ကြို၍ သိမြင်နိုင်သူ မရှိပြီ။ ဗေဒင်ဆရာသည် ကံကို မြင်ရသူသဖွယ် ဘယ်ကဲ့သို့ ဖြစ်ရမည်ဟု မပြောနိုင်ချေ။ ပြောလျှင်လည်း မှန်မည်မဟုတ်ချေ။
ဤသို့ဆိုလျှင် ရှေးကပညာရှင်များ တိတိကျကျကြီး ပြောနိုင်ဟောနိုင်သည်ဟု ဆိုထားခြင်းမှာ အဘယ်ကြောင့်နည်း။ . . .

လျှို့ဝှက်ချက်(၂)
            နိယာမကိန်းခန်းတို့သည် မြဲသောသဘောရှိ၏။ ဤကိန်းခန်းများကို သိသဖြင့် ကောင်းစားရမည့်အခါ၊ ဆိုးမည့်အခါတို့ကို သိရ၏။ သို့ပါသော်လည်း မလွဲမချွတ်ဖြစ်ရမည့် သဘောကို ဘယ်ကဲ့သို့ သိနိုင်ပါမည်နည်း။ လောကဓာတ်ကြီးသည် အကြွင်းမဲ့ သက်သေခံကြီးပင် ဖြစ်တော့၏။ ၎င်းသည် အကျိုးသက်ရောက်မှု ဟူသရွေ့အတွက် အကြောင်းနိမိတ် တို့သည် ဦးစွာ ထင်ရှားပြတတ်ပေသည်။
            မိုးတွင်းအခါမှန်း သိကားသိပေ၏။ သို့ရာတွင် ဒီနေ့ မိုးရွာမရာကား မည်သို့ ပြောမည်နည်း။ မိုးတွင်းအခါဖြစ်၍ နေ့တိုင်း မိုးရွာသည်မဟုတ်ချေ။ မိုးရွာရန် ဦးစွာနိမိတ်ပြရ၏။ ယင်းနိမိတ်ကား မိုးသားမိုးရိပ်များ တက်လာခြင်းပင် ဖြစ်၏။ မိုးသားမိုးရိပ်တို့သည် မိုးရွာသည့် နိမိတ်ပင် ဖြစ်တော့၏။ မိုးချုန်းသံကို ကြားရခြင်းကား အိမ်ထဲမှာနေ၍ မိုးသားများ မမြင်ရသော်လည်း မိုးရွာမည့် တဘောင်အသံများတည်း။
နိမိတ်ပြမှ တပ်အပ်ဟောမည်
            ဤဗေဒင်ပညာတွင် သုံးနှုန်းသော နိမိတ်ကား နိမိတ်ချည်းသက်သက် စောင့်ကြည့်ဟောပြောသော နိမိတ်ဖတ်ပုံ ဖတ်နည်းနှင့် မတူညီပါချေ။ ကိန်းခန်းဂဏန်း ဂြိုဟ်စင်ဇယားများက ဖော်ပြသော တိကျသည့်နိမိတ်ကို ယူပါသည်။ ဥပမာ ကောင်းသောအခါတွင်းသို့ ၀င်ရောက်နေသူကို ကောင်းသောနိမိတ်များဖြစ်သည့် (ကောင်းသောဂြိုဟ်နိမိတ်များ)က သက်သေခံပေမည်။ ဤနိမိတ်များ မပြပါက (မိုးတွင်းဖြစ်သော်လည်းမိုးမရွာသေး) ဟူဘိသကဲ့သို့ မကောင်းစားသေး၊ (၀ါ) ဒီအတိုင်း မဖြစ်နိုင်သေး။
- ရာထူးတိုးနိုင်ပါသည်။
- အိမ်ထောင်ကျနိုင်ပါသည်။
- ထီပေါက်နိုင်ပါသည်။
- အမွေရနိုင်ပါသည်။
- နိုင်ငံခြားသွားရနိုင်ပါသည်။
            ကိန်းခန်းက သည်အတိုင်းပြောပြနေသည်ပဲ ဆိုပါစို့။ ရာထူးတိုးဖို့ နိမိတ်ကို ဆရာက ဦးစွာမေးရပါ၏။ (ဂြိုဟ်နိမိတ်ဆိုင်ရာ) “ခင်ဗျား အိမ်ရှေ့မှာ နတ်ကန္နားပွဲ ပေးသလား”၊ “ခင်ဗျားနဲ့ မရင်နှီးတဲ့ သူတစ်ဦးရဲ့ မင်္ဂလာဆောင် သွားပြီးပလား” ၊ “ခင်ဗျားအိမ်ကို ကလေးမျက်နှာမြင်မယ့် ကိုယ်ဝန်ဆောင် မိန်းမတစ်ယောက် လာပြီးပလား” စသည် စသည် ဟောလိုရာကို ကြိုတင်ထောက်လှမ်း၍ မေးရပါ၏။
            ဒါတွေဟာ ဇာတာရှင်အတွက် ကောင်းသောဂြိုဟ်ရဲ့ နိမိတ်တွေကို တွေ့ပြီး၊ မတွေ့ပြီး မေးနေခြင်းသာလျှင် ဖြစ်ပေ၏။ ဇာတာရှင်က “ဟုတ်ကဲ့ . . အိမ်ရှေ့မှာ နတ်ကန္နားပွဲ ပေးပါတယ် ခင်ဗျ” လို့ အံ့အားတစ်သင့် ပြောခြင်းမှာ ဆရာဟော၍ မှန်တာ မဟုတ်သေးချေ။ အဟောထဲတွင် ပေးကိုပေးရမည်။ တွေ့ကို တွေ့ရမည်ဟု မဟောနိုင်ပါ။ (သတိချပ်ပါ)
            ဤကဲ့သို့ နိမိတ်နှင့်ပတ်သက်၍ ၀န်ခံလာပါလျှင် ဆရာသည် ဇာတာရှင်မှာ ဘယ်နှစ်ရက်အတွင်း၊ ဘယ်ကဲ့သို့ ဖြစ်ရတော့မည်ကို မြေကြီးလက်ခတ်မလွဲ အာမခံနှင့် ဟောနိုင်ပေပြီ။ ထို့ကြောင့် ဗေဒင်ဟောရာတွင် ဒီဂဏန်းတွေ၊ ဒီဂြိုဟ်တွေ ဒီလိုပုံစံအတိုင်း တွေ့တာနှင့် တစ်ခါထဲ ဒီလိုဖြစ်ရတော့မည်ဟု မုချ မဟောနိုင်ခြင်းဟု ဆိုရခြင်း ဖြစ်ပါ၏။ ဟောနိုင်သော ပညာလည်းမရှိပါ။
            ကောင်းနိမိတ်၊ ဆိုးနိမိတ်တို့သာ ပြလာပါက ကောင်းစရာရှိလျှင်လည်း တိတိကျကျ အသေးစိတ် အာမခံနှင့် ဟောနိုင်၏။ ဆိုးစရာရှိလျှင်လည်း မည်သို့မည်ပုံ အသေးစိတ်ပင် ဟောနိုင်သော ပညာရပ်ကြီး ဖြစ်ပါ၏။

လျှို့ဝှက်ချက်(၃)
            ဇာတာရှင်တစ်ဦးသည် . . .
ကိန်းခန်းအရ . . . .
- ထီပေါက်နိုင်ကြောင်း တွေ့ရပြီ (သို့မဟုတ်) ထောင်ကျနိုင်ကြောင်း တွေ့ရပြီ . . .
            ထီပေါက်အောင် ပြုလုပ်စီမံ ပေးရလိမ့်မည်။ ထီနှင့် ပတ်သက်သော နိမိတ်ကောင်းများ ထင်ရှားပြလာအောင် စီစဉ်ပေးရလိမ့်မည်။ ထောင်ကျနိုင်သည့် ကိန်းဖြစ်ပါက ထောင်မကျအောင် စီမံပေးရလိမ့်မည်။ ဤသို့စီမံသည်ကို ဓာတ်ယတြာ စီရင်ခြင်းဟု ခေါ်နိုင်ပါ၏။ ဤသို့ ဓာတ်ကိုဓာတ်ချင်း ဖိတ်ခေါ်ခြင်း၊ ဖယ်ရှားခြင်းတို့သည် ဗေဒင်ပညာရပ်ကြီး၏ အသည်းနှလုံးပွတ် ဖြစ်တော့၏။ သာမန် ဓာတ်ရိုက်၊ ဓာတ်ဆင်ခြင်းနှင့် များစွာ ကွာခြားလှပါ၏။
            ဤကဏ္ဍမှာ ဖြစ်ရမည့်ကိန်းကို ဖြစ်အောင်၊ မဖြစ်စေချင်တာကို ကွယ်ပျောက်အောင် ဇာတာရှင်၏ ကိန်းခန်း ဓာတ်သွားအတိုင်း အထူးကြပ်မတ် စီရင်ရခြင်းသာဖြစ်၍ “ဘာမဆိုရမည်” ဟူသော ဓာတ်ရိုက်ဆရာများနှင့် မဆိုင်လှပါ။ ပမာဆိုရသော် မိုးတွင်းအခါတွင် မိုးရွာအောင် စီမံဖန်တီးခြင်းမျှသာ ဖြစ်ပေ၏။ နွေခေါင်ခေါင် မိုးရွာအောင် စီမံလျှင် ပညာအရာမဟုတ်မူဘဲ တန်ခိုးသိဒ္ဓိအရာသာ ဖြစ်ဖွယ်ရာ ရှိချေသည်။
            တန်ခိုးသိဒ္ဓိတကယ်ရှိသူတို့မှာလည်း လူ့အလိုလိုက်ရန် ရပ်တည်နေကြသည် မဟုတ်ကြချေ။ ထို့ကြောင့် လောကီ အစီးအပွား၊ အရေးအခင်းများဆိုင်ရာတွင် အားထားရန်မှာ ဤဗေဒင်ပညာရပ်ကြီးသာ ဖြစ်ကြောင်း ရဲရဲကြီး ဖော်ပြလိုပေသည်။ ဗေဒင်ဆရာသည် ဗေဒင်ဆရာတစ်ယောက်သာ သိနိုင်၊ စွမ်းနိုင်၏။ ကံကိုသိသော ရဟန္တာပုဂ္ဂိုလ်များကဲ့သို့ ဒီလိုဟောရင် မုချဖြစ်ရမည်။ မလွဲဟု မဟောနိုင်ပါ။ စီးပွားရှာသော လူညာများသာ ဖြစ်ပါလိမ့်မည်။
ဥပမာ မေးခွန်းလေးတစ်ခု တင်ပြပါမည်။
“ဆရာ . . .  ကျွန်တော်ရှေ့လထဲမှာ မော်တော်ကား ၀င်ပါ့မလား ဆရာ” (သိချင်သူ)
“ဟာ ၀င်တာပေါ့ . . တကယ့်ကို ၀င်မယ်၊ စိတ်ချ . .”
(သို့မဟုတ်)
“မ၀င်ဘူးဗျို့၊ ခင်ဗျားမှာ ကားဝင်ကိန်း မရှိဘူး”
(ဤအဟောများကား စိတ်ကူးနှင့် ထင်ရာဟောခြင်းများသာ ဖြစ်တော့၏။) အမှန်မူကား  . . . .
            ကားလိုသူသည် ၀ယ်လျှင် ၀င်မည်သာတည်း။ မ၀ယ်လျှင် မ၀င်နိုင်ပါ။ အလကားပေးသော်မှ သူမယူလျှင် မ၀င်ပါ။ ဗေဒင်မှန်ခြင်း ဆိုခြင်းကား ဤသို့မဟုတ်ပြီ။
“သူသည် ကားကိုဝယ်သော် ဆုံးရှုံးထိခိုက်နစ်နာမှု မုချဖြစ်ရမည်” (သို့မဟုတ်)
“သူသည် ကားကိုဝယ်သော် ကြီးစွာသော အကျိုးကျေးဇူး ဖြစ်ထွန်းမည်။ မြတ်စွန်းမည် မုချ ”
            ဤနှစ်ရပ်သာ ပညာရှင်က ဟောနိုင်ပါသည်။ ကားကိုဝယ်လျှင် ထိခိုက်နစ်နာမည်ဟု ဆိုထားပါလျှက် ၎င်းကားသည် အမြတ်ရပြီး ချက်ချင်း အကျိုးဖြစ်သော် . . .
            အကျိုးရှိမည်၊ မြတ်စွန်းမည်ဟု ဆိုထားပါလျှက် ဆုံးရှုံးနစ်နာစိတ်ပျက်စရာကြုံရသော် ဤပညာရပ်များကို ဗေဒင်ပညာဟုပင် အခေါ်မခံထိုက်ချေတကား။ ဗေဒင်(ဝေဒင်) ဆိုသည်မှာ (သိခြင်း)ဟူ၏။ မုချပင်လျှင် သိကိုသိရမည်။ ဒါမှ ဗေဒင်ဖြစ်တော့မည်။ အာမခံ၍ ဟောပြောနိုင်သည်ကား ဤကဲ့သို့သော ကိစ္စမျိုးသာ ဖြစ်သတည်း။ ဘယ်နှစ်ခုနှစ်၊ ဘယ်နှစ်လမှာ ခင်ဗျားအမွေရမယ်။ ထီပေါမယ်။ ဒီလိုဟောတာမျိုးမှာ အကြိုက်လိုက်ဟောသော အဖျော်ဖြေခံ သူများအတွက် ဆရာများသာ ဖြစ်တော့၏။ ဟောလည်း မဟောနိုင်ပါချေ။
ဥပမာတစ်ခု တင်ပြပါဦးမည်။
“ကျွန်တော် ဒီနှစ်ထဲ အိမ်ထောင်ပြုဖြစ်ပါ့မလား”
“မပြုဖြစ်ပါဘူး . . ” (သို့မဟုတ်) “အိမ်ထောင်ကျမှာ သေချာတယ်၊ ဘယ်လိုမိန်းမမျိုးနဲ့ . . ” ဤသို့လည်း မဟောနိုင်ပါချေ။ ဟောနိုင်သည်ကား . . .
- အိမ်ထောင်ကျကိန်းမြင်၏ (သို့မဟုတ်) အိမ်ထောင်ကျကိန်းမရှိသေး။
            ကိန်းကခွင့်ပြုသဖြင့် အိမ်ထောင်ပြုလိုက်သော် ပြုရလွယ်မည်။ ကောင်းမည်။ (ပြုချင်ပြု၊ မပြုချင် နေနိုင်သည်)
            ကိန်းကခွင့်မပြုသဖြင့် အိမ်ထောင်ပြုလိုက်သော် ခက်ခဲမည်။ ပျက်ကွက်နိုင်သည်။ မကောင်း။ (ပြုချင်ပြု၊ မပြုချင်နေနိုင်သည်)
            သို့သော် အိမ်ထောင်ကျကိန်းကို မြင်တွေ့သဖြင့် ၎င်းဆိုင်ရာနိမိတ်ကို မေးမြန်း၍ နိမိတ်များကလည်း ပြပြီးဖြစ်ခဲ့သော် ဇာတာရှင်ကလည်း ပြုချင်စိတ် မုချရှိနေ၏။ ပြုရန်ကလည်း အကြောင်းအမျိုးမျိုး ပေါ်ပေါက်ပြီး ပြုကို ပြုရတော့မည်မလွဲဟု ဟောနိုင်ပါသတည်း။ ထို့ကြောင့် ဗေဒင်မေးသူသည် အိမ်ထောင်ပြုချင်နေပါက အထမြောက်အောင် ကိန်းခန်းက သဘောတူလျှင် ဓာတ်ယတြာ အစီအရင်ပြုပေးရလေသည်။ ဤသို့ ပြုပေးသဖြင့် နိမိတ်ကောင်းများ ပေါ်ပေါက်လာပြီး မုချ အထမြောက်ပေလိမ့်မည်။
            မိုးတွင်းအခါတွင် မည်သို့မှ မဖန်တီးပါဘဲလျက် မိုးရွာသွန်းနိုင်ပါသည်။ မရွာဘဲနေသော် (ရွာစေချင်သဖြင့်) ရွာအောင်ဖန်တီးခြင်းမှာ နိယာမတရားကို လွန်ဆန်ခြင်း မဟုတ်ပါ။ သဘာဝကျလှပါ၏။
            အိမ်ထောင်ကျကိန်း ကျရောက်သည့်အခါ သူ့ဘာသာ သူ့နိမိတ်များပြပြီး အိမ်ထောင်ကျသွားနိုင်ပါသည်။ မကျဘဲနေသော် (ကျစေချင်သဖြင့်) ကျအောင်ဖန်တီးခြင်းမှာ နိယာမတရားကို လွန်ဆန်ခြင်း မဟုတ်ပါ။ သဘာဝကျလှပါသည်။
            မှတ်ရန်ကား။        ။ နွေအခါကို မိုးရွာအောင် မလုပ်နိုင်သကဲ့သို့ အိမ်ထောင်ကျကိန်း မမြင်သူကို အိမ်ထောင်ကျအောင် စီမံ၍ မရနိုင်ပါ။ ကိန်းကို လွန်ဆန်သဖြင့် ဒုက္ခနှင့် ကြုံတွေ့ရဖွယ်သာ ရှိပါ၏။ ဤသည်တို့ကား ဗေဒင်ပညာနှင့် စပ်လျဉ်း၍ စစ်မှန်သော သဘောတရားများသာ ဖြစ်ပါ၏။ လူတိုင်းသည် ထီပေါက်ကိန်းလည်း ရောက်ပါ၏။ ရာထူးပြုကိန်းလည်း ရောက်ပါ၏။ သို့ပါသော်လည်း . . ထီပေါက်ကိန်းရောက်တိုင်းလည်း ထီမပေါက်နိုင်ပါ။ ပေါက်ရမည်ဟု ဟောလျှင် မိုက်မဲရာကျပါလိမ့်မည်။ အိမ်ထောင်ကျကိန်း ရောက်တိုင်းလည်း အိမ်ထောင်မကျနိုင်ပါ။ ကျကိုကျရမည်ဟု ဟောလျှင် မိုက်မဲရာကျပါလိမ့်မည်။
ထောင်ကျကိန်း ရောက်သည့်အခါမျိုး၊ ရာထူးပြုတ်ကိန်း ရောက်သည့်အခါမျိုး၊ သေကိန်းရောက်သည့် အခါမျိုးတွင်ကား အစီအမံမပါဘဲလျက် ဖြစ်ဖို့ရာနှုန်းများလေ၏။ စီမံလျှင်ကား ဆိုဖွယ်ရာ မလိုတော့ချေ။ အကြောင်းမူကား အကောင်းနှင့် အဆိုးရှိသည့်အနက် အဆိုးသည် ဖြစ်လွယ်ရောက်လွယ်သော သဘောရှိပေ၏။ အမြင့်သို့တက်ရန် ခက်ခဲသလောက် အောက်သို့ကျရန်မှာ ခြေတစ်လှမ်းသာ လိုသကဲ့သို့တည်း။
အရှောင်နှင့် အဆောင်တို့တွင် ဖြစ်စရာအတွက် ခက်ခဲခြင်း၊ ပျက်စရာအတွက် လွယ်ကူသောကြောင့် ဤသို့ ဖြစ်ရခြင်းပေတည်း။ သို့မို့ကြောင့်ပင်လျှင် ဤပညာရပ်ကို ဒုတိယနှင့် တတိယကဏ္ဍတို့မှာ အထူးလျှို့ဝှက်ရန် လိုအပ်၏ဟု ကျွန်ုပ်ဆိုခဲ့ခြင်း ဖြစ်ပေသည်။ သစ္စာကြီး၊ ကတိကြီးများ မထားသူကို ရွှေငွေပုံပေးသော်လည်း ဤပညာရပ်ကို သင်ပြပေးခြင်း မပြုနိုင်ချေ။ ကုသိုလ်ကို ရောင်းခြင်းမဟုတ်ဘဲ အကုသိုလ်ကို ရောင်းစားခြင်း ဖြစ်ပေလိမ့်မည် . . .
 . .. 
 . . . .  .
 . . . . . .

ဤနေရာမှ စတင်၍ အထက်ပါကျမ်းတွင် အတွက်ပိုင်းဆိုင်ရာ ကိန်းခန်းများအား စတင်ရှင်းလင်းထားပါသဖြင့် မဖော်ပြတော့ပါ . . .အပြည့်အစုံဖတ်ရှုလေ့လာလိုပါက ထုတ်ဝေပြီးသား ထိုစာအုပ်အား ရှာဖွေဖတ်ရှုစေလိုပါသည်။ ဗေဒင်ပညာရပ်များအား အဆင်ပြေ လွယ်ကူစွာ လေ့လာနိုင်ကြပါစေ . . ကွယ်လွယ်သွားပြီဖြစ်တဲ့ ဆရာမင်းကျော်ဇော်လည်း ယခုကို ဗေဒင်ဝါသနာရှင်များ ဖတ်ရှုနိုင်အောင် ပြန်လည်ဖြန့်ဝေသည့်အတွက် ၀မ်းသာပီတိဖြစ်နေလိမ့်မည်ဟုလည်း မျှော်လင့်မိပါသည်။

aha

No comments:

Post a Comment