ဂြိုဟ်လေးတွေ ဘယ်လိုသွား

ဂြိုဟ်တွေ ဒီနေ့ဘယ်မှာနေ . .

Saturday, June 30, 2012

တားရော့ပုံပြင်၏ ဂန္တ၀င် စီးချက်၊ ၀ါးချက် နှင့် လျှပ်တပြက်လည်ပြန်




တားရော့ပုံပြင်၏ ဂန္တ၀င် စီးချက်၊ ၀ါးချက် နှင့် လျှပ်တပြက်လည်ပြန်
            နံပါတ် V. The Herofhant ဒီကားချပ် အကြောင်းရေးဖို့ စဉ်းစားနေစဉ်မှာ ဒီစာစဉ်တွေကို အင်တာနက်မှာ တင်ပေးနေတဲ့ ၀ါသနာရှင် ကိုအောင်ဟိန်းအေးက စကားတစ်ခွန်းပြောလာပါတယ်။ အရင်ဆောင်းပါးတွေမှာ ဖော်ပြခဲ့ဖူးတဲ့ တားရော့ အခြေခံ သဘောတရားတွေကို မကြာမကြာပြန်ရေးသား ဖော်ပြပေးဖို့။ ဒါမှသာ ရှေးက ဆောင်းပါးတွေကို မဖတ်ဖြစ် အကြည့်ဖြစ်တဲ့ သူတွေလဲ အဆက်အစပ် မိသွားစေချင်တဲ့ စေတနာနဲ့ တောင်းဆိုလာပါတယ်။
            အခုလို စာဖတ်သူတွေရဲ့ အကျိုးအတွက် သူ သတိပေး၊ အကြံပေးတာ ၀မ်းသာပါတယ်။ ဒီစာစုကို စရေးကတည်းက သိသမျှ ဝေမျှပေးမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးခဲ့တာပါ။ ဒါပေမယ့် စာဖတ်သူတွေ ရင်ထဲကို ပေါ့ပေါ့ပါးပါး ထိထိမိမိ ၀င်ရောက်သွားစေလိုတဲ့အတွက် ခန့်ညားတဲ့ စာပေဆန်တဲ့ အသုံးအနှုံး အရေးအသားတွေကို ရှောင်ကြဉ်ပြီး စကားပြေဟန်နဲ့ ခပ်သွက်သွက်လေး ရေးခဲ့ပါတယ်။ သို့သော် လေးနက်တဲ့ သဘောတရားတွေ၊ ခိုင်မာတဲ့ အခြေခံ စည်းမျဉ်း စည်းကမ်းတွေ၊ ကျယ်ပြန်တဲ့ ဆက်နွယ်မှုတွေ၊ ကျိုးကြောင်း ညီညွတ်တဲ့ အတွေးအခေါ်တွေ၊ ပြွတ်သိပ်ပြီး ပါနေတယ် ဆိုတာကို စာဖတ်သူတွေ သိမြင်ပြီး ဖြစ်မှာပါ။ (မြင်တတ် သတိထားတတ်မယ် ဆိုရင်ပေါ့)
            ကားချပ် တစ်ခုချင်းရဲ့ အကြောင်းတွေ မရေးခင်ကတည်းက ပထမဦးဆုံးသော ဆောင်းပါးရှည်ကြီး (မျက်မမြင်ပုဏ္ဏား 6 ယောက်နှင့် ကျွန်တော် (သို့မဟုတ်) တားရော့ပုံပြင်) ထဲမှာ အရောင်ရဲ့ သဘောတရားတွေ၊ ရာသီဂြိုဟ်တွေနဲ့ ဆက်စပ်ပုံတွေကို အဟောပိုင်းအတွက် အထောက်အပံ့ ဖြစ်စေမယ့် အချက်တွေကို ထိုက်သင့်သ၍ ရှင်းလင်းထားခဲ့ပါတယ်။
            ကျမ်းတစ်စောင် ပေတစ်ဖွဲ့အနေနဲ့ ရည်ရွယ် ပြုစုခြင်း အဟုတ်ဘဲ၊ ၀ါသနာရှင်တွေ အလွယ်တကူ သိမြင် သဘောပေါက် လက်တွေ့ အသုံးပြုနိုင်ဖို့ အတွက်ပဲ ရည်ရွယ်တာ ဖြစ်တဲ့အတွက် အဟောပိုင်းကို အထောက်အပံ့ဖြစ်စေတဲ့ အဟောပိုင်းအတွက် အထောက်အကူ ဖြစ်သော်လည်း သီးသန့် ကဏ္ဍတစ်ခုအနေနဲ့ ပြည့်ပြည့်စုံစုံ တင်ပြမှ ဖြစ်နိုင်တဲ့ အချင်းအရာတွေကိုတော့ ချန်လှပ်ခဲ့ပါတယ်။ (ဥပမာ- နောက်ခံ ပုံပြင်တွေ၊ ဂဏန်း သင်္ချာသဘောတရားအရ ပေါင်းစည်း ဖြစ်ပေါ်လာမှုတွေ  . . စသည်ဖြင့်)
            ရင်ထဲက ဆန္ဒကို မလွန်ဆန်နိုင်လို့သာ ဒီစာတွေရေးနေမိတာ။ မရွံ့မရဲ ဖြစ်နေမိတာကတော့ အမှန်ပါ။ ကျွန်တော်သိသမျှ တစ်ပိုင်းတစ်စမျှသော ဗဟုသုတလေးနဲ့ ကြီးကျယ်နက်ရှိုင်းတဲ့ ပညာရပ်တစ်ခုကို အလေးမထားရာများ ရောက်နေမလား . . . ကျွန်တော့်ကြောင့် တားရော့ပညာ သိမ်ငယ်သွားမလားပေါ့ . . .
            နောက်တစ်ချက် ရှိသေးတယ်။ ကိုအောင်ဟိန်းအေးပြောတာ။ တစ်ချို့ကားချပ်တွေအကြောင်းရေးတဲ့အခါ ဥပမာအကြောင်း ရေးတဲ့ စာတွေကများနေပြီး၊ ကားချပ်အကြောင်းက ဖွင့်ဆိုရှင်းပြတာ နည်းနေတယ်တဲ့။ မှန်ပါတယ်။
စရေးတဲ့ ရည်ရွယ်ချက်ကိုက တားရော့ကားချပ်တွေ အခြေခံကျတဲ့ သဘောတရားတွေကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ပြီး လက်တွေ့မှာ ယုံယုံကြည်ကြည် ရဲရဲဝံ့ဝံ့ အဓိပ္ပာယ် ကောက်တတ်ဖို့ ဖြစ်ပါတယ်။
            နိဒါန်း ဆောင်းပါးရှည်ကြီးမှာ ကားချပ်တွေနဲ့ ပတ်သက်တဲ့ အခြေခံသဘောတရားတွေကို ကျယ်ကျယ်ပြန့်ပြန့် ခြုံငုံပြောခဲ့ပြီးပြီမို့ ကားချပ်တစ်ခုချင်း အကြောင်းမှာတော့ လက်တွေ့ ဟောချက်နဲ့ ဖြစ်ရပ်မှန်ကလေးတွေကို အလေးပေးခဲ့ပါတယ်။ ကျွန်တော့် ကိုယ်တွေ့အရ လက်တွေ့ တွေ့ရှိချက်၊ ဖြစ်ရပ်မှန်တွေက ကားချပ်အဓိပ္ပာယ် ရည်ရွယ်ချက်တွေကို ပိုပြီး ရှင်းလင်း ခိုင်မာစေပါတယ်။
            ဒါ့ကြောင့် ကားချပ် တစ်ခုထဲနဲ့ စောပြော ဆုံးဖြတ်ချက်တွေဟာ (တချို့ မေးခွန်းတွေက လွဲလို့) အင်မတန် အန္တရယ် ကြီးတယ်ဆိုတာကို သိထားရက်နဲ့ စာဖတ်သူ ၀ါသနာရှင်များအတွက် လမ်းစအဖြစ်၊ နမူနာအဖြစ်၊ Hints အဖြစ်နဲ့ ဖြစ်ပါစေဆိုပြီး ဇွတ်မှတ်ပြီး ရေးနေခြင်း ဖြစ်ပါတယ်။
           
အထူးတင်ပြချက် . .
အချို့က ကွယ်ရာမှာ ပြောကြတယ်။ ကျွန်တော့်ကို တိုက်ရိုက်လာပြောတာ မဟုတ်။ “ပြောသမျှ အားလုံးမှန်ကြောင်း ရေးနေတယ်။ တစ်ခါမှ မမှားဘူး။ ဖြစ်နိုင်မလား . ..  ” တဲ့။ မှားဘူးပါတယ်။ တက်တက်စင် လွဲခဲ့ဘူးပါတယ်။
            ပြီးခဲ့တဲ့ နှစ်နှစ်လောက်က အတိအကျ မှတ်တမ်းအရ ပြောရမယ်ဆိုရင် 14-12-2010 အင်္ဂါနေ့၊ နံနက် 9း00 အချိန်မှာ လာမေးတဲ့ ကျောင်းဆရာမ တစ်ယောက်။ နာမည်တော့ မပြောတော့ပါဘူး။ သူမက ဘာမေးရမှန်းမသိ၊ မမေးတတ်ဘူးဆိုလို့ Keltic Method (ကဲလတစ် မက်သတ်) ကားချက် 10 ချပ်နဲ့ ဖြန့်ခင်း ဟောပြောခဲ့ပါတယ်။ ဒီပုံစံက ခေါင်းစဉ်မမေးပဲနဲ့ အထွေထွေ အကြောင်းအရာတွေထဲက ထူးခြားတာတွေကို သိလိုသူတွေအတွက် သင့်တော်တဲ့ ဟောပြောမှု ပုံစံ ဖြစ်ပါတယ်။ အားလုံး ပြောပြီးလို့ သူ့မျက်နှာကို ကြည့်လိုက်တဲ့အခါ ဘာမှ ထူးခြားပုံမပေါ်ဘူး။ ဒီတော့ ပြောနေကျအတိုင်း အခုပြောပြခဲ့တဲ့ထဲမှာ ဘယ်ကားချပ်အကြောင်း မရှင်းတာရှိလဲ ပြောပါ  . . ထပ်ရှင်းပြပါမယ်ဆိုတော့ မရှင်းတာ မရှိပါဘူးတဲ့ . . . ဒါဆို ဘာတွေမှာ မတိုက်ဆိုင်တာ၊ မမှန်တာ၊ ဆန့်ကျင်ဘက် လွဲချော်နေတာ ဖြစ်နေသလဲလို့ မေးတော့ ပြောသမျှ အားလုံး တစ်ခုမှ မမှန်ပါဘူးတဲ့ . . ကျွန်တော် တုန်လှုပ်သွားတယ်။ သေချာအောင် ပြန်မေးတယ်။ အားလုံးတစ်လွဲစီ ပါပဲတဲ့။ ကျွန်တော် ဘာပြောရမှန်း မသိအောင် ရင်ခုန်သံတွေ မြန်သွားတယ် . . တဒိန်းဒိန်းနဲ့ . .
            “ဒါဆို ကားချပ်တွေကို ကိုင်ပြီး ကိုယ်သိချင်တာ အာရုံပြုပြီး မေးပါ . . ကုလားဖန်ထိုးပါလို့ ပြောတုန်းက ဘာတွေအာရုံပြုပြီး ဘယ်အချက်တွေကို မေးခဲ့သလဲ . ” နောက်ကြောင်းကို ပြန်လိုက်ရတာပေါ့ . .
            “ကျွန်မ ဘာကိုမှ အာရုံမပြု/ ဘာကိုမှ မမေးခဲ့ပါဘူး။ ဆရာ လုပ်ခိုင်းလို့သာ လုပ်လိုက်တာ ရင်ထဲမှာ ဘာမှ မရှိဘူး။”
            “ဘာမှ မေးစရာ အကြောင်း မရှိဘူးလား”
            “ မေးစရာ မရှိဘူး ဆရာ . . .”
            “ မေးစရာ မရှိဘဲနဲ့ ဘာကြောင့် ဟောခန်းထဲကို ၀င်လာခဲ့သလဲ။ ဗေဒင်ကြည့်ချင်လို့ပါလို့ ဘာကြောင့် ပြောသလဲ  . . ” ကျွန်တော် ဒေါသထွက်လာမိတယ်။ အသံလည်း နည်းနည်းမာသွားတယ်။
            “ ကျွန်မ တောင်းပန်ပါတယ် ဆရာ။ ဆရာ့ကို နောက်တာ နှောင့်ယှက်တာ မဟုတ်ပါဘူး။ ကျွန်မ အဖြစ်က ဘာလုပ်ရမှန်းမသိ။ ဘာမေးရမှန်းလည်း မသိ။ ကိုယ့်ရင်ထဲက ခံစားချက်က ဘာလဲဆိုတာတောင် ကိုယ့်ကိုကိုယ် မသိနိုင်တော့အောင် ရှုပ်ထွေး နောက်ကျိနေတာပါ။ ဒီဘုရားနားက ရပ်ကွက်ထဲမှာ တည်းခိုပါတယ်။ အိမ်အပြန် ဆရာ့ဟောခန်းရှေ့က ဖြတ်လျှောက်လာရင်း ၀င်ချင်စိတ်ပေါက်တာနဲ့ ၀င်ခဲ့မိတာပါ။ တစ်ကယ်တမ်း မေးမယ်ဆိုတော့ ဘာမေးရမှန်း မသိလောက်အောင် ကျွန်မရဲ့ ဘ၀ဖြစ်စဉ်က ရှုပ်ထွေးပါတယ်။ ဒီလိုပါ ဆရာ . . .. ”
            အဲဒီလို အစချီပြီး သူမရဲ့ ယောင်္ကျားက တစ်လမ်းတည်းနေ မိန်းမပျက်တစ်ယောက်နဲ့ လိုက်ပြေးခဲ့ကြောင်း၊ သမီးအကြီးက တက္ကသိုလ်မှာ၊ သားအငယ်က (10)တန်းဖြေမယ်။ သူက မူလတန်းပြဆရာမ။ နယ်မြို့မှာ သွားနေရတယ်။ ခလေးတွေကိုတော့ အမေနဲ့ ရန်ကုန်မှာ ထားခဲ့တယ်။ ခလေးတွေရဲ့ ပညာသင်စရိတ်နဲ့ စားဝတ်နေရေး စရိတ်တွေ မြင့်တက်လာတော့ သူမရဲ့ လစာဝင်ငွေတစ်ခုတည်းနဲ့ မလောက်တော့ဘူး။ နှစ်ယောက် တာဝန်ကို မနိုင်တော့ဘူး။ ကလေး တစ်ယောက်ယောက်ကျောင်းထွက်ရတော့မယ့် အခြေအနေ။ ကလေးတွေကို ဘယ်သူမှ ကျောင်းမထွက်စေချင်။ မထွက်စေချင်ရင် ငွေအထောက်အပံ့ လိုလာပြီ။ ဘယ်ကရမလဲ။ ကလေးတွေရဲ့ အဖေ . . သူဘယ်မှာလဲ။ သူမှာလည်း တာဝန်ရှိတာပဲလေ . . ဘယ်ဘ၀ရောက်ရောက် အဖေဟာ အဖေပဲ။ ဒီအခက်အခဲတွေကို အဖေဖြစ်သူကလည်း ကြားသိဟန်တူတယ်။ ငွေထောက်ပံ့ချင်တယ်လို့ ကြားလူနဲ့ ကမ်းလှမ်းတယ်။ ဒါပေမယ့် ကလေးတွေရဲ့ အဖေက ဘာမှ မယ်မယ်ရရ အလုပ်အကိုင်မရှိ။ ထမီနား ခိုစားနေတာဆိုတော့ ဘယ်ကငွေနဲ့ ထောက်ပံ့မလဲ . . ဟိုမိန်းမပျက် ရတဲ့ငွေနဲ့ ထောက်ပံ့တာမျိုးတော့ လက်မခံချင်။ သမီးအကြီးက တက္ကသိုလ် နောက်ဆုံးနှစ်။ ငွေသွင်းစရာတွေ လိုနေပြီ။ စာတော်တဲ့သားငယ်ကလည်း တစ်တန်းမှ မကျခဲ့။ နောက်ဆုံးပေးဖို့ ကျန်တဲ့ ကျူရှင်ခ တစ်ဖြတ်စာပေးဖို့ အချိန်စေ့နေပြီ။ ဒီအခက်အခဲတွေကို ရှင်းဖို့ နည်းလမ်းမရသေး။ ငွေရနိုင်တဲ့ ဆွေမျိုးတွေဆီမှာလည်း အဆင်မပြေခဲ့။ အဲဒီကအပြန် ဘုရားမှာ ပုတီးစိပ် မိမိအခက်အခဲတွေကို တိုင်တည် ဆုတောင်းခဲ့။ မိမိပြန်လာမယ့်လမ်းကို အားကိုးတကြီး ထိုင်မျှော်နေကြမယ့် သားနဲ့သမီးကို ဘယ်လိုပြန်ပြောရပါ့ . .။ အဲဒီအတွေးတွေနဲ့ ဆရာ့ဟောခန်းရှေ့က ဖြတ်လျှောက်အပြန် ဆရာ့အခန်းကို ကြည့်မိပြီး ရုတ်တရက် စိတ်ကူးဝင်လာမိခဲ့။ . ..
            အဲဒီနောက် တွက်ချက်ဟောပြော နှစ်သိမ့်ပြီး ရွှေပြည်အေးတရား ဟောလိုက်ရ။ တွက်ချက်ဟောလိုက်မှ သူ့ဖြစ်စဉ်နဲ့ လမိုင်းကပ်သွားပါတော့တယ်။
            ပြောချင်တာက တားရော့နဲ့ ဟောတာ လုံးဝမမှန်တဲ့ . .  ကိုယ်တွေ့လေးကို မှတ်တမ်းတင်ထားခဲ့တဲ့ ဖြစ်ရပ်မှန်ပါ။
            လောကမှာ သစ္စာနှစ်ပါး ရှိပါတယ်။ မဖောက်မပြန် ထာဝရ မှန်ကန်မှုရှိနေတဲ့ (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာ တည်းဟူသော သစ္စာလေးပါး) ပရမတ္တသစ္စာ။
            နောက်တစ်ပါးက အချိန်အခါ၊ နေရာဒေသ ပါတ်ဝန်းကျင် အခြေအနေတစ်ခုမှာသာ မှန်ကန်ပြီး အခြေအနေပြောင်းလဲသွားတာနဲ့ အမျှ လွဲမှားသွားနိုင်တဲ့ လူသားတွေ လက်ခံသတ်မှတ် အသုံးပြုနေတဲ့ သမုတိသစ္စာ။
ဒီနှစ်ပါးမှာ တားရော့ပညာသည်လည်း သမုတိသစ္စာရဲ့ အောက်မှာပဲ ရှိနေပါတယ်။ အခြေအနေ အတိုင်းအတာ တစ်ခုခုသော ဘောင်အတွင်းမှာပဲ မှန်နိုင်ပါတယ်။ သတ်မှတ်ထားတဲ့ ဘောင်နယ်နိမိတ်ထဲက ကျွံထွက်သွားရင် လွဲမှားမှု ဖြစ်နိုင်ပါတယ် ဆိုတာကို ကိုယ်တွေ့လေးနဲ့ တင်ပြတာပါ။
ဒီနေရာမှာ အကြောင်းဆုံလာလို့ သဘောတရားလေးတစ်ခု တင်ပြချင်ပါတယ်။ တားရော့ပညာ နယ်ပယ်ထဲကပါ။ Triadic Theory လို့ ခေါ်ပါတယ်။ အကြောင်း (၃)ခု/ စွမ်းအင် (၃)ခု/ အခြေအနေ (၃)ခု ဆီလျော်စွာ ပေါင်းစပ်ပြီးမှ စွမ်းအင်သစ်/ ပစ္စည်းသစ်/ အကြောင်းအရာသစ် တစ်ခု ဖြစ်ပေါ်လာရတယ် ဆိုတဲ့ သဘောတရားပါ။ (ကျွန်တော်နားလည်သမျှ အတိုချုပ်ပြောပြခြင်း မျှသာ ဖြစ်ပါတယ်။)

ဥပမာအားဖြင့် -

ကျွန်တော်တို့ဗုဒ္ဓဘာသာမှာ -
အနိစ္စ           + ဒုက္ခ                  + အနတ္တ            = ၀ိပဿနာ
သီလ           + သမာဓိ               + ပညာ              = နိဗ္ဗာန်

ခရစ်ယာန်ဘာသာမှာ-
ခမည်းတော်   + သားတော်           + သန့်ရှင်းသောဝိဥာဉ်တော်    = ကမ္ဘာလောက

ဟိန္နူမှာ-
ဘရာမင်(ဖြစ်)                           + ဗိသျှနူး (တည်) + သျှိဝ (ပျက်)        = ကမ္ဘာလောက

ဒြပ်ထုတစ်ခု၏ မူလအစမှာ
ပရိုတွန်         + နျူထရွန်             + အီလက်ထရွန်   = အက်တမ်

လူသားဖြစ်စဉ်မှာ
ဖခင်            + မိခင်                  + အိမ်ထောင်မှု (ဆက်ဆံမှု)    = သားသမီး

စသည်ဖြင့် ဒီသီဝရီရဲ့ အခြေခံနဲ့ လွတ်ကင်းတဲ့ ဖြစ်ပေါ်မှုဟာ မရှိသလောက်ပါပဲ . .  တားရော့ပညာဟာလည်း ဒီသဘောတရားအခြေခံနဲ့ ဖွဲ့စည်း ဖြစ်ပေါ်နေပါတယ်။ အကျယ်ကိုတော့ သီးခြားခေါင်းစဉ်နဲ့ တင်ပြပါ့မယ်။ အခုတော့ လိုရင်းကိုပဲ ဆက်သွားပါရစေ။ တားရော့ ဟောပြောရာမှာလည်း ဒီဆက်နွယ်မှု မရှိပဲနဲ့ မှန်ကန်တဲ့ အဖြေမထွက်ပါ။



တားရော့အစောင့်အရှောက်ပုဂ္ဂိုလ် (Crismic Power)




 
အဲဒီလို ပုံနဲ့ ပြရရင် ပိုရှင်းပါတယ်။ တြိဂံ ဆက်နွယ်မှုတွေကို တွေ့မြင်နိုင်ပါတယ်။ တြိဂံ ဆက်နွယ်မှု (၄)ခု ရှိပါတယ်။

(က)
၁။ ဟောပြောသူ
၂။ မေးသူ
၃။ တားရော့ကတ်
(အခြေခံ တြိဂံ အဖြေမှန်)

(ခ)
၁။ ဟောပြောသူ
၂။ တားရော့ကတ်
၃။ တားရော့အစောင့်အရှောက်ပုဂ္ဂိုလ်
(ဆင့်ပွား တြိဂံ အဖြေမှန်)

(ဂ)
၁။ ဟောပြောသူ
၂။ မေးသူ
၃။ တားရော့အစောင့်အရှောက်ပုဂ္ဂိုလ်
(ဆင့်ပွား တြိဂံ အဖြေမှန်)

(ဃ)
၁။ မေးသူ
၂။ တားရော့ကတ်
၃။ တားရော့အစောင့်အရှောက်ပုဂ္ဂိုလ်
(ဆင့်ပွား တြိဂံ အဖြေမှန်)

            အဲဒီ တြိဂံ (၄)ခု ဟန်ချက်ညီစွာ ပေါင်းစပ်မှ အဖြေမှန် ထွက်ပေါ်ပါတယ်။ အဲဒီ တြိဂံတွေထဲမှာ ပါဝင်နေတဲ့ အကြောင်းအရာ လေးခုရှိပါတယ်။ အဲဒီ အကြောင်းတရားတစ်ခုစီကလည်း သူ့အရည်အချင်းနဲ့သူ ပြည့်စုံနေဖို့ လိုပါတယ်။ အဲဒီ အချက်တွေထဲက တစ်ခုခု ချို့ယွင်းနေရင်တော့ လွဲမှားတဲ့အဖြေ၊ တစ်ဝက်တစ်ပျက် အဖြေမှန်တွေပဲ ထွက်ပေါ်လာပါမယ်။

၁။ ဟောပြောသူ
            တားရော့ရဲ့ အခြေခံသဘောတရားတွေကို ကျယ်ပြန့်နက်ရှိုင်းစွာ သဘောပေါက် လိုက်နာဖို့ လိုပါတယ်။ စေတနာမှန်ဖို့ လိုပါတယ်။ သစ္စာရှိဖို့လိုပါတယ်။

၂။ မေးမြန်းသူ
            တားရော့ပညာအပေါ်၊ ဆရာ့အပေါ် ယုံကြည်မှုရှိဖို့ လိုပါတယ်။ ကိုယ်မေးချင်တဲ့ အဓိကအချက်ကို ရှင်းလင်းစွာ သိထားဖို့ လိုပါတယ်။ ရိုးသား မှန်ကန်စွာ မေးဖို့ လိုပါတယ်။

၃။ တားရော့ကတ်ထုပ်
            ဟောပြောမယ့်သူ သုံးနေကျ ကတ်ထုပ်/ ရင်းနှီးကျွမ်းဝင်ပြီးသား ကတ်ထုပ်/ မူလ ကတ်ထုပ် ဖြစ်ဖို့လိုပါတယ်။

၎။ တားရော့ အစောင့်အရှောက်ပုဂ္ဂိုလ်
            မျက်စိနဲ့ မမြင်နိုင်သလို လက်ဆုပ်လက်ကိုင်လည်း ပြလို့မရပါ။ ယုံကြည်မှု အားကိုးမှု ရှိဖို့ပဲ လိုပါတယ်။ “လောကကြီးရဲ့ သဘာဝစွမ်းအားစု” ပဲလို့ မှတ်ထင်ယုံကြည်ရင်လည်း ဖြစ်ပါတယ်။

၁။ ဟောပြောသူ
            အဖြေမှန်ကန်စွာ ထွက်ပေါ်လာဖို့အတွက် လိုအပ်တဲ့ အခြေခံပြည့်စုံမှု အကြောင်းတရား (၄)ခုထဲမှာမှ အဓိကအကျဆုံးက ဟောပြောသူ ပဲဖြစ်ပါတယ်။ ဟောပြောမယ့်သူ/ အဖြေထုတ်မယ့်သူ/ ဆရာကိုယ်တိုင်က တားရော့ပညာနဲ့တကွ တားရော့ကားချပ် တစ်ချပ်ချင်းစီရဲ့ ပရိယာယ်တွေကို အခြေခံကစပြီး စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် နားလည် သဘောပေါက်ထားဖို့ လိုပါတယ်။ ဘာ့ကြောင့် ဒီကိစ္စအရေးကြီးလည်း ဆိုတာ ကျွန်တော် ဥပမာ တစ်ခုနဲ့ ပြောပါ့မယ်။
            တစ်ခါတုန်းက အသက် (၅၀)ကျော်ခန့် အမျိုးသားကြီးတစ်ဦး ဗေဒင်လာမေးပါတယ်။ လာနေကျ customer တစ်ဦးပါ။ စိတ်ဆိုးပြီး အိမ်ကဆင်းသွားတဲ့ ချွေးမနဲ့ မြေးကလေး ပြန်လာမလား၊ ဘယ်တော့ ပြန်လာမလဲ ဆိုတဲ့မေးခွန်း . .။ သူချိုးပြီးသား ကားချပ်တွေကို ကျွန်တော်က အောက်ပါမေးခွန်းတွေနဲ့ ဖြန့်ဝေလိုက်ပါတယ်။
၁။ သူမပြန်လာဖို့ ကိစ္စအပေါ်မှာ ဘယ်လိုသဘောထားရှိသလဲ။ (Two of Swords)
၂။ ဘာအခက်အခဲ ရှိနေလဲ။ (Four of Cups)
၃။ အဲဒီ အခက်အခဲကို ဘယ်လိုဖြေရှင်းမလဲ။ (Fight 0f Pentaeles)
၎။ အဲဒီလို လုပ်ပေးရင် ပြန်လာမလား။ (Ace of Pentaeles)

အဖြေ    ။           ။
၁။ ဖြစ်နေတဲ့ ပြဿနာတွေကို ရေငုံနှုတ်ပိတ်နေတာ။ စကားပြောရင် အမှားပါမှာစိုးလို့ . .
၂။ အခုပြန်လာရင် မိသားစု ပတ်ဝန်းကျင်က ကဲ့ရဲ့ အတင်းပြောခံရမှာ ကြောက်လို့ . .
၃။ လုံလောက်တဲ့ ငွေကြေးပုံပေးလိုက် . .
၎။ သူတို့မိသားစု တစ်သီးတစ်ခြားနေစရာ အိမ်၊ စီးပွားရေးလုပ်ငန်း၊ ငွေကြေးဥစ္စာနဲ့ လွတ်လပ်စွာ သူတို့ဘ၀ သူတို့ထူထောင်ခွင့်ရရင် ပြန်လာမှာပါ . .

            ကျွန်တော်က အထက်ပါအတိုင်း အကျိုးအကြောင်းနဲ့ ပြည့်ပြည့်စုံစုံ ဖြေလိုက်ပါတယ်။ ဒါပေမယ့် မေးသူက အဖြေမပြတ်သားဘူး။ ပြန်လာမလား  . . ပြန်မလာဘူးလား  . . ဒါပဲ သိချင်တယ်တဲ့ . .
            ကျွန်တော့် အာရုံတွေကို တည်ငြိမ်အောင် စုစည်းပြီး သူ့ကို ထပ်မံပြီးတော့ တားရော့ကို မွှေနှောက်ပြီး ချိုးစေပါတယ်။ ပေါ်ထွက်လာတဲ့ တစ်ချပ်တည်းသော ကတ်က The Death သေမင်း . . .
            သူကပြောတယ်။ “ဒါသေမင်းကတ်ပဲ၊ ပြန်မလာတော့ဘူး ပြောတာပေါ့။ ဟုတ်လား။” တဲ့ . . ကျွန်တော်က သူ့ကိုစေ့စေ့ကြည့်ပြီး တည်တည်ငြိမ်ငြိမ်လေးလေးနက်နက်နဲ့ ပြောလိုက်ပါတယ်။
            “သူမတို့ သားအမိ ပြန်လာမယ်။ သေချာတယ် . .”
            “ ဆရာ ဒီကတ်က မကောင်းဘူး။ ပြန်မလာတော့ဘူးဆိုတဲ့ အဓိပ္ပာယ်မဟုတ်လား . . ”
            “ ဒီအဓိပ္ပာယ် မဟုတ်ပါဘူး။ ဒီကားချပ်ရဲ့ အဓိပ္ပာယ်မူရင်းက- ပြောင်းလဲခြင်း၊ သေချာပေါက် ပြောင်းလဲခြင်း၊ အချိန်တန်၍ ပြောင်လဲခြင်း ကို ညွှန်းပါတယ်။ သူတို့လင်မယား ကွဲနေတာ (၂)နှစ် နီးပါးရှိပြီ။ သူတို့ဆန္ဒအတိုင်း သူတို့ဘ၀နဲ့ သူတို့ သီးခြားခွဲပြီး နေထိုင်လုပ်ကိုင်ခွင့်ရရင် ပြန်လာပါလိမ့်မယ်။
            “ ပြန်လာမယ်ဆိုရင်လည်း ပြီးရောပေါ့။ သားနဲ့ ချွေးမနေဖို့ အိမ်၊ ကား၊ စီးပွားရေးလုပ်ငန်း ခွဲပေးဖို့ ပြင်ဆင်ထားပြီးသားပါ” . .
            နောက်သုံးလေးလ လောက်အကြာမှာ ချွေးမ ပြန်ရောက်ကြောင်း၊ စီးပွား၊ အိမ်ခွဲပေးထားကြောင်း ကြားသိရပါတယ်။ ကျွန်တော် ပြောချင်တာက ဗေဒင်လာမေးသူက ဗဟုသုတစုံတယ်။ Major ကတ်တွေနဲ့ Yes/ No ဖြေတဲ့ ဗေဒင်ဟောခန်းတွေမှာ မေးနေကျဆိုတော့ Major (၂၂)ကတ်ကို တော်တော်လေးသိနေတယ်။ ကောင်းဆိုးအုပ်စု နှစ်စုခွဲပြီး ဟောနေကြတဲ့ အုပ်စုထဲမှာ Death ကို ဆိုးအုပ်စု ထဲမှာထည့်ပြီး မေးသမျှ မကောင်းဘူး၊ No အုပ်စုထဲကအတိုင်း ဟောတတ်တဲ့ ဟောချက်ကို ဗေဒင်မေးသူက သိပြီးသား . ..
            သူသိထားတဲ့ ပုံသေမကောင်းဘူးဆိုတဲ့ အဓိပ္ပာယ်က သဘာဝမကျကြောင်း၊ အချိန်တန်၍ ပြောင်းလဲခြင်း၊ သေချာပေါက် ပြောင်းလဲခြင်း ဆိုတဲ့ အဓိပ္ပာယ်ကို ဥပမာ အမျိုးမျိုးနဲ့ ရှင်းပြရတယ်။
            ဥပမာ များထဲမှ တစ်ခု- စပါးစေ့လေးဟာ သင့်တော်တဲ့ ရေ၊ မြေ၊ လေ၊ နေရောင်ခြည်တို့နဲ့ ထိတွေ့ပေါင်းစပ်တဲ့အခါ အစေ့ဘ၀ချုပ်ငြိမ်းပြီး အပင်ပေါက်ဘ၀ ပြောင်းသွားတယ်။ အပင်ငယ်က ကြီးထွားလာပြီး အပွင့်အပွင့်တယ်။ အချိန်စေ့လာတဲ့အခါ အပွင့်က ကြွေကျသွားပြီး အသီးကင်းလေးတွေ ထွက်ပေါ်လာတယ်။ အသီးက ရင့်ကျက်လာတဲ့အခါ အပင်ပေါ်က ကြွေကျပြီး အပင်သစ် ပြန်လည်ဖြစ်ပေါ်လာခြင်း ဆိုတဲ့ သံသရာ စက်ဝန်းထဲက ပြောင်းလဲခြင်း၊ အချိန်တန်၍ ပြောင်းလဲခြင်း၊ သေချာပေါက် ပြောင်းလဲခြင်း၊ လိုအပ်တဲ့ အချက်အလက်တွေ ပြည့်စုံစွာ ပေါင်းစပ်ရင် ကောင်းသောပြောင်းလဲခြင်းသို့ ပြောင်းလဲသွားပြီး၊ မပြည့်စုံသော၊ မကောင်းသော၊ အခြေအနေတွေနဲ့ မကိုက်ညီတဲ့ အားဖြည့်မှုတွေနဲ့ ပေါင်းစပ်ရတဲ့အခါ မကောင်းသော/ မအောင်မြင်သော ပြောင်းလဲခြင်းမျိုးနဲ့ ရင်ဆိုင်ရမှာ သေချာတယ်။
            သားနဲ့ ချွေးမ စိတ်တိုင်းကျ လွတ်လွတ်လပ်လပ် နေထိုင် လုပ်ကိုင်စားသောက်ဖို့ လိုလေသေး မရှိအောင် ခွဲဝေ ဖန်တီးပေးထားပြီးသားမို့ ကောင်းမွန်သော ပြောင်းလဲခြင်းဖြစ်တဲ့ (ခွဲနေ၊ အနေဝေးတာတွေ ပြီးဆုံးသွားပြီး) ပြန်လည် ဆုံဆည်းခြင်း ဆိုတဲ့ဆီ ပြောင်းလဲရတော့မှာပေါ့။ ဒါ့ကြောင့် သေချာပေါက် ပြန်လာမယ်လို့ ဟောချက်ထုတ်လိုက်တာပါ။
            အဲဒီလို တားရော့ပညာကို အသုံးပြုပြီး ဟောပြောမယ့်သူ/ ဆရာဖြစ်သူက တားရော့ပညာနဲ့တကွ ကားချပ်တစ်ခုချင်းစီရဲ့ ဖြစ်သဏ်၊ အဓိပ္ပာယ် အနှစ်သာရတွေကို ကျယ်ကျယ်ပြန့်ပြန့် ခိုင်ခိုင်မာမာ နားလည်သဘောပေါက်ထားမှ အခြေအနေမှန်နဲ့ အနီးကပ်ဆုံးအဖြေကို ထုတ်နိုင်ပြီး လာမေးသူရဲ့ လွဲမှားနေတဲ့ အသိတွေ၊ သံသယတွေ၊ မပြည့်စုံတဲ့ ဗဟုသုတတွေကို ပိုမိုမှန်ကန် ပြည့်စုံသွားအောင် ဖြည့်စွမ်းပေးနိုင်မှာ ဖြစ်ပါတယ်။
            အဖွင့်ဆောင်းပါးမှာ ပြောခဲ့သလို တားရော့ကားချပ်တွေဟာ နိမိတ်ပုံတွေ ဖြစ်ပါတယ်။ နိမိတ်ကောက်ယူ ဟောပြောရာမှာ အပြင်နိမိတ် (အမြင်နိမိတ်) နဲ့ အတွင်းနိအိတ် (အနှစ်သာရနိမိတ်) ဆိုပြီး နှစ်ပိုင်းရှိပါတယ်။ အပြင်နိမိတ်/ အမြင်နိမိတ်ကိုလည်း ကောက်ယူခွင့်ရှိပါတယ်။ ရံဖန်ရံခါမှာလည်း မှန်တတ်ပါတယ်။ မှန်ရင်လည်း ဒဲ့ ဂွပ်ကနဲ နေအောင် မှန်တတ်ပါတယ်။ လွဲရင်လည်း တက်တက်စင် လွဲတတ်ပါတယ်။ အတွင်းနိမိတ် / အနှစ်သာရ နိမိတ်ကို ယူရင်တော့ မလွဲတန်းမှန်ပါတယ်။ (မှန်ပုံမှန်နည်းကတော့ အမျိုးမျိုး ရှိတာပေါ့) . . “မင်းရဲ့ အထက်လူကြီး တစ်ဦးနဲ့ ပြဿနာတက်နေတယ်။”  . ..  “လူကြီးဆိုတာတော့ မှန်ပါတယ်။ အလုပ်ထဲက လူကြီးမဟုတ်ဘူးဆရာ။ ကျွန်တော်အဖေနဲ့ ကွိုင်တက်နေတာ။” အဲဒီလိုမျိုးလောက်တော့ လွဲတာပေါ့ . .
            Two of Cups = အချစ်သစ်/ချစ်သူသစ်နဲ့ စတင်ဆုံဆည်းခြင်း။ ။ “ညီလေး မင်းခုရက်အတွင်း ချစ်သူသစ်/ အချစ်သစ်နဲ့ ဆုံပြီးပြီ မဟုတ်လား” . ..  ”ဆုံတော့ ဆုံတယ်ဆရာ၊ အချစ်သစ် မဟုတ်ဘူး။ မိဘတွေ သဘောမတူလို့ မယူဖြစ်တဲ့ ကျွန်တော့်ရည်းစားဟောင်း၊ (၃)နှစ်လောက်ရှိပြီ မတွေ့တာ . . မနေ့ကမှ ရုပ်ရှင်ရုံမှတ်တိုင်မှာ အမှတ်မထင် တွေ့ခဲ့ရတယ်။ ရင်တော့ ပြန်ခုန်တာပေါ့ ဆရာရယ်။”  . .. အဲဒီလိုမျိုးလေးတွေ လွဲတတ်ပါတယ်။
            တစ်ခါတစ်လေကျတော့ မိမိရဲ့ စကားလုံး အသုံးအနှုံး ရွေးချယ်ပြောဆိုမှုအေပေါ်မှာ တစ်ဖက်လူက ဘာကိုဆိုလိုမှန်း မသိလို့။ မှား/မှန် ကို ရုတ်တရက် ဆုံးဖြတ်လို့ မရတာမျိုးတွေလည်း ရှိတတ်ပါတယ်။ အဲဒီ အမျိုးအစားကတော့ မကြာခဏ ကြုံတတ်ပါတယ်။ ဟောပြောသူရဲ့ အပြောအဆို စကားလုံးရွေးချယ်မှု/ နားထောင်သူရဲ့ ဗဟုသုတ ပညာအရည်အချင်း၊ နားလည်နိုင်စွမ်းရှိမှုတွေပေါ်မှာ မူတည်ပြီး ၀ိုးတိုးဝါးတား ဖြစ်သွားတယ်။ မိမိနားလည်သမျှကို ဥပမာ အမျိုးမျိုးတွေနဲ့ လှည့်ပတ်ပြောနေလိုက်တာ ဥပမာ တစ်ခုခုကျတော့မှ “ဟုတ်တယ်ဆရာ- အဲဒီလိုမျိုး ဖြစ်နေတာ” လို့ ဖြစ်ခဲ့ရတယ်။
            ဥပမာ- XII. Hanged Man = ဇောက်ထိုး တွဲလောင်းဆွဲ ခံထားရသူ
မိမိအကျိုးကို စွန့်လွှတ်၍ အများအတွက် အနစ်နာခံသူ။ ဒီကတ်ရဲ့ အနှစ်ချုပ်က ဒီအတိုင်းရှိတယ်။ ဒါပေမယ့် ဆန့်တွေးလိုက်တဲ့ အခါ ခုလောလောဆယ် ဒုက္ခရောက်နေသူ၊ အကျဉ်းအကျပ်ထဲ ရောက်နေသူ၊ စိတ်သွားတိုင်း ကိုယ်မပါနိုင်သူ၊ အကန့်အသတ်/ စည်းကမ်း/ ဘောင်တစ်ခုခုထဲမှာ ရောက်ရှိနေသူ။ စေတနာပါသည်ဖြစ်စေ/ စေတနာ မပါသည် ဖြစ်စေ၊ မိမိသဘော ဆန္ဒအလျောက်ဖြစ်စေ၊ မလွဲမရှောင်သာသော အခြေအနေတစ်ရပ်ကြောင့်ဖြစ်စေ/ လူတစ်ဦးကြောင့်ဖြစ်စေ လက်ရှိအခြေအနေထဲမှာ လုပ်မိနေသူ။ ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက် ဖြစ်နေသူ။ မိမိအခက်အခဲ ခံစားချက်ကို ဘယ်သူကမှ အသိအမှတ်ပြုခြငး နားလည် သဘောပေါက်ခြင်း မခံရသူ။ ကျေးဇူးတင် မခံရသူ။ အကျိုးခံစားခွင့် မရှိသူ။ ရင်ထဲက အကူအညီရယူလိုသော်လည်း နှုတ်မှဖွင့်ဟပြီး အကူအညီ မတောင်းခံတတ်သူ/ မတောင်းခံဝံ့သူ။ လက်ရှိမိမိဆောင်ရွက်ချက်တွေဟာ မိမိမှအပဖြစ်သော အခြားသူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု၊ အသိုင်းအ၀ိုင်းတစ်ခုအတွက် အကျိုးဖြစ်ထွန်းနေပေမယ့် ကာယကံရှင်အတွက် ထိုက်တန်သော အကျိုးကျေးဇူးကို မခံစားရသူ။ လုံးဝအကျိုးမခံစားရသူ။ လက်ရှိလုပ်နေတဲ့ စေတနာရဲ့ တုန့်ပြန်မှုကတော့ တနေ့နေ့မှာ ပြန်ခံစားရမှာ သေချာတယ်။ သို့သော် ဘယ်နေ့မှန်းမသိ။ ။ မြင့်မားတဲ့ ဘ၀ရည်မှန်းချက်တစ်ခုအတွက် အရှုံးပေး လက်မြှောက် ဒူးထောက်ထားတဲ့သူ။ ဘ၀မှာ နောက်ကြောင်း ပြန်လှည့်နေသူ။ တိုးတက်မှုတွေအားလုံး ရပ်တန့်နေသူ။ ရုပ်ဝတ္ထုတွေ လောကီရေးရာတွေနဲ့ ပတ်သက်လို့ စွန့်လွှတ် စွန့်စား အနစ်နာခံပြီး အတွေးအခေါ်၊ ဥာဏ်ပညာပိုင်းဆိုင်ရာ၊ စိတ်စွမ်းရည်ပိုင်းဆိုင်ရာ ကဏ္ဍတွေနဲ့ တိုးတက် မြင့်မားမှုတွေကို ရှာဖွေနေသူဖြစ်ပြီး တွေ့မြင်နေရပြီ ဖြစ်သူ။ . ..  .  အစရှိတဲ့ အဓိပ္ပာယ်တွေ ထွက်လာတယ်။ ဒီကတ်ရဲ့ သဘောတရား အဓိပ္ပာယ် အနှစ်သာရတွေက အများကြီး။ ဒီအဓိပ္ပာယ်တွေနဲ့ ရာနှုန်းပြည့် ကိုက်ညီတဲ့ ဖြစ်စဉ်ဆိုတာ နည်းတယ်။ တစ်ခါတစ်လေတော့ ဒက်ထိ မှန်တာပေါ့။ ဒါပေမယ့် တော်တော်များများမှာက ပြောတဲ့ ဆရာကလည်း အဲဒီလောက်ကြီး ရှည်ရှည်ဝေးဝေး ကျယ်ကျယ်ပြန့်ပြန့် မပြောဖြစ်/ မပြောနိုင်ဘူး။။ တစ်ခြားကတ် အကြောင်းတွေလည်း ဆက်ဟောရဦးမယ်။ ပြီးတော့ ကတ်တွေအားလုံးကို ပေါင်းစပ်ပြီး အနှစ်ချုပ် ဟောရဦးမယ်ဆိုတော့ အဲဒီအနှစ်သာရတွေထဲက သင့်တော်ရာ စကားလုံးတွေနဲ့ နှစ်ကြောင်း သုံးကြောင်းလောက် ပြောရတာပေါ့။
            အဲဒီအခါ မိမိပြောတဲ့ စကားလုံးတွေကလည်း ထိထိမိမိ တိုက်ဆိုင်မှု မရှိ။ နားထောင်သူကလည်း ဆက်စပ်တွေးခေါ်နိုင်မှု စွမ်းရည်ကလည်း နည်း ဆိုရင်တော့ ၀ါးတားတား ဖြစ်တော့တာပါဘဲ . .
            ဒီလိုကြုံရင် မိမိက စိတ်ရှည်ရတယ်။ လာမေးသူရဲ့ မိသားစုဘ၀ အလုပ်အကိုင်ထဲက အခြေအနေလေးတွေကို လိမ္မာပါးနပ်စွာ အစဖော်ပြီး မသိမသာမှ သိသိသာသာ ဖော်ထုတ်ပေးရတယ်။ ကိုယ့်အကြောင်း ကိုယ်ပြောရတာဆိုတော့ လူတိုင်း နှုတ်သွက်တာပေါ့။ အဲဒီအခါ သူရဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲလေးတွေ ပါလာတာပေါ့။ မိသားစုထဲမှာ ဖြစ်စေ၊ လုပ်ငန်းခွင်တွင်းမှာ ဖြစ်စေ ၀န်ပိနေတာတွေ ခိုင်းကောင်းလို့ အခိုင်းကောင်းခံနေရတာတွေ၊ လူမှုပေါင်းသင်းဆက်ဆံရေးညံ့လို့/ ရိုးအလို့ ဂျူနီယာတွေက ကိုယ်ကို ကျော်ပြီး ရာထူးတိုးတာတွေ၊ နေရာကောင်း မရတာတွေ တစ်သီကြီး ပေါ်လာပါတယ်။
            အဲဒီလို ကားချပ်ရဲ့ အဓိပ္ပာယ်နဲ့ ဘောင်ဝင်ဖြစ်စဉ်တွေ ပေါ်လာတော့မှ အဲဒီကိစ္စကို ဆိုလိုတာပါ လို့ ခေါင်းစဉ်တပ်လို့ရတော့တယ်။
            အဲဒါကြောင့် တားရော့က လွယ်သလား မေးရင် လွယ်ပါတယ်။ ခက်သလား မေးရင် ခက်ပါတယ်လို့ ပြောခဲ့တာပါ။

၂။ မေးမြန်းသူ
            တားရော့ပညာကို အသုံးပြုဟောပြောရာမှာ ဒုတိယ အရေးကြီးတာက မေးမြန်းသူပါ။ လာမေးတဲ့ ပရိသတ်ထဲမှာ ပုံစံအမျိုးမျိုးရှိတယ်။ တစ်ချို့က တားရော့မေးနေကျ ပရိသတ်။ ဒါပေမယ့် ကိုယ်ဆီမှာ မဟုတ်ဘူး။ တခြား တားရော့ဟောတဲ့ ဆရာတွေဆီမှာ မေးနေကျ။ အဲဒီလူတွေကျတော့ အရင်ဆရာတွေဆီမှာ သူတို့ လုပ်နေကျ အတိုင်း တားရော့ထုပ်တွေ့တာနဲ့ တန်းကိုင်ပြီး တန်းချိုးဖို့ပြင်တာ့တာပါပဲ။ ဒီတော့ ကိုယ်က ကိုယ့်စည်းကမ်း၊ ထုံးစံအတိုင်း စနစ်တကျ ပြန်လုပ်ခိုင်းရတယ်။ လက်ကို ဆပ်ပြာနဲ့ဆေး၊ ရေပြောင်အောင်သုတ်၊ လက်ကို ရေမွှေးဖြန်း၊ တားရော့ကတ်ထုပ်ကို ကိုင်ပြီး တားရော့ အစောင့်အရှောက် ပုဂ္ဂိုလ်တွေကို မေတ္တာပို့။ ကာယကံရှင် သိလိုတဲ့ အကြောင်းအရာတွေကို အာရုံပြု၊ စိတ်ထဲကမေး၊ အဲဒီလို စဉ်းစားရင်း မေးရင်းနဲ့ တားရော့ကားချပ်ကို shuffle လုပ်/ ကုလားဖန်ထိုး/ရောမွှေ လုပ်တတ်သလို လုပ်ပါစေ။ စိတ်ကြိုက်မွှေပြီးရင် စားပွဲပေါ်ချလိုက်။ ဘယ်လက်နဲ့အုပ်။ ကိုယ်မေးချင်တဲ့အကြောင်းကို တိတိကျကျမေး။ ဒီနေရာမှာ ဘာသိချင်လဲ . . ဘာမေးချင်တာလဲ ဆိုတာကို ဆရာက ပထမ အရင်မေးရတယ်။ တားရော့က ဖြေတတ်တဲ့ အဖြေနဲ့ အံဝင်မယ့် အမေးမျိုးကို မိမိက အကြံပေးရတယ်။
            ဒီလို ဒီလိုမေး။ အဲဒီလို ပြင်ပေးရတယ်။ မေးပြီး ဘယ်လက်ကို ချိုးချခိုင်းလိုက်။ အဲဒီလိုချိုးပြီးတာနဲ့ မေးသူက နောက်ထပ် တားရော့ကို ကိုင်တွယ် ထိတွေ့ခွင့် မရှိတော့ဘူး။ ဆရာဖြစ်သူက မေးခွန်းနဲ့ သင့်တော်တဲ့ ဖြန့်ခင်းပုံ Spread နဲ့ ဖြန့်ခင်းပြီး ဆက်ဟောရတာပေါ့ . . .
            သန့်ရှင်းသောလက်၊ မွှေးကြိုင်သောလက်နဲ့သာ တားရော့ကို ကိုင်တွယ်သင့်ကြောင်း၊ အလေးအနက် အမွန်အမြတ်ထားသင့်ကြောင်း။ တားရော့ အစောင့်အရှောက်တွေကို မေတ္တာပို့တာက အစောင့်အရှောက်ပုဂ္ဂိုလ်တွေ ရှိ/မရှိ မမြင်တွေ့ရဘူး။ ဒါပေမယ့် အဲဒီလို မေတ္တာပို့ပေးခြင်းဖြင့် ရှိခဲ့ရင်လည်း အကျိုးရှိမယ်။ မရှိခဲ့ရင်လည်း မိမိရဲ့ စိတ်အာရုံက တားရော့ပေါ်မှာ စူးစိုက်လေးနက်တဲ့ အာရုံ ဆက်နွယ်မှု ရသွားတယ်။ နောက်ထပ် တားရော့ထုပ်ကို ကိုင်ပြီး Shuffle လုပ်တော့ မိမိနဲ့ တားရော့ကတ်တွေ့နဲ့ ဆက်စပ်ထိတွေ့ခြင်းအားဖြင့် မိမိရဲ့အတွေး စိတ်ကူး ခံစားချက်နဲ့တကွ မိမိရဲ့ အတိတ်- ပစ္စုပ္ပန်- အနာဂတ် ကာလ(၃)ပါးလုံးရဲ့ ဖြစ်စဉ်တွေက တားရော့ ကားချပ်တွေထဲကို စီးဝင် ပျံ့နှံ့သွားတယ်။ အဲဒီအချက် ပုံရိပ်တွေကို တားရော့က ဖမ်းယူထားလိုက်တယ်။ Shuffle လုပ်ပြီး တစ်ခါ ဘယ်လက်နဲ့ အုပ်ကိုင်ပြီး သိချင်တဲ့မေးခွန်းကို ထပ်ပြီး အာရုံပြုပြီး မေးတယ်။ ဒီအခါ မိမိရဲ့ အတွေး၊ ခံစားမှု ဖြစ်စဉ်တွေကို တားရော့က အစီအစဉ်တကျ ဇြစ်စေတယ်။ ချိုးလိုက်တဲ့အခါ အပေါ်ဆုံးမှာရှိတဲ့ ကားချပ်ကစပြီး ဗေဒင်မေးသူရဲ့ ကိုယ်စား ဟောတဲ့ ဆရာက မေးပေး/ ဘာသာပြန်ပေးရတဲ့ ဖြစ်စဉ်တွေကို အစဉ်လိုက် ဖြစ်ပေါ်စေတယ် . . . . ဆိုတဲ့ အကြောင်းအကျိုးတွေကို (လာနေကျ လူဟောင်းမှအပ) ပြောပြပေးရမယ်။ မိမိလုပ်တဲ့ အလုပ်ရဲ့ ရည်ရွယ်ချက်ကို သိရှိနားလည်စေရမယ်။ အလေးအနက် ရှိစေရမယ်။
            ဘာမေးစရာ အကြောင်းမှ မရှိပဲ အပျော်သဘောမျိုးသော လည်းကောင်း။ ပညာစမ်းချင်တဲ့ သဘောနဲ့သော် လည်းကောင်း မေးမြန်းခြင်း မပြုသင့်ပါ။ ပညာကိုသော် လည်းကောင်း၊ ဆရာကိုသော် လည်းကောင်း စော်ကားရာ ရောက်ပါတယ်။ အထက်က ပြောပြခဲ့တဲ့ ဥပမာထဲက ကျောင်းဆရာမလို ဘာမှပေးစရာမရှိ/ ဘာမေးရမှန်းလည်း မသိပဲနဲ့ မေးရင်လည်း ဘာမှ အဖြေမှန် ထွက်လာမှာ မဟုတ်ပါဘူး။

ဆက်ရန်
ဆရာစိုး (ရွှေအရုဏ်ဦး)
မိုးကောင်း

No comments:

Post a Comment