ဂြိုဟ်လေးတွေ ဘယ်လိုသွား

ဂြိုဟ်တွေ ဒီနေ့ဘယ်မှာနေ . .

Thursday, August 30, 2012

V. Hierophant


V. Hierophant



အမည်ကွဲများ
-       The Pope
-       Archpriest
-       High Priest
-       Grand Master
-       Gypsy Prince

ဆက်နွယ်မှုများ
-       ဟီဘရူးအက္ခရာ Vau
-       ရာသီက မိဿ
-       ကြာသပတေးဂြိုဟ်

သရုပ်ဖော်ပုံ
            ခရစ်ယာန် ဂိုဏ်းချုပ် ဘုန်းကြီးတစ်ပါးက ရိုးရိုး ဘုန်းကြီး နှစ်ပါးကို ပြောဆို ဆုံးမနေဟန်၊ ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဆွတ်ဆွတ်ဖြူနေတဲ့ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေး။ အနီရောင်၊ လိမ္မော်ရောင်၊ အ၀ါရောင်တွေ လွှမ်းနေတဲ့ အပေါ်ဝတ်ရုံ၊ ခေါင်းဆောင်းနဲ့ အတွင်းခံအောက်ပိုင်းမှာ ပြာလွင်နေတဲ့ ၀တ်စုံကို ၀တ်ဆင်ထားပါတယ်။ သူ့ရှေ့မှာ ဒူးထောက်ထိုင်နေတဲ့ Cardinal (ခရစ်ဘုန်းကြီး) နှစ်ပါးရဲ့ ခေါင်းပေါ်က ခေါင်းဆောင်းနှစ်ခုက ဒီကားချပ်ရဲ့ မြှုပ်ကွက်ဖြစ်ပါတယ်။ စာအုပ်တော်တော်များများမှာ ဒီအကြောင်းကို ဖော်ပြရေးထားတာ မတွေ့ရပါဘူး။ တားရော့ထုပ်တွေရဲ့ Major ကားချပ် (၂၂)ချပ်မှာ Lem niseate (အ၀ိုင်း နှစ်ခု၊ နေလနှစ်ပါးရဲ့ သင်္ကေတ) ပုံပါတဲ့ ကားချပ်များအဖြစ် နံပါတ် I.Magician နဲ့ နံပါတ် XI.Strength ကားချပ်နှစ်ချပ်ကိုသာ ဖော်ပြလေ့ရှိပါတယ်။ အခုနံပါတ် V ကားချပ်၊ ဘုန်းကြီးကတ်မှာ နေလ သင်္ကေတပါတယ်ဆိုတာရယ်၊ သူ့အဓိပ္ပာယ်တွေက ဘာကို ရည်ညွှန်းတယ်ဆိုတာကို Fred Gettings ရဲ့ The Book of Tarot ထဲမှာပဲ တွေ့ရပါတယ်။
ထ = ၀ ၀ = နေ + လ = ဖို + မ = အပူ + အအေး အစရှိတဲ့ Lemniscate ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေကို နံပါတ် I.Magician ကားချပ်မှာ ဖွင့်ဆိုရှင်းပြခဲ့ပါပြီ။ ဒီကားချပ်မှာ တစ်ခုထူးခြားတာက နေလ သင်္ကေတ နှစ်ခုဟာ ပူးကပ်မနေပဲ အတန်ငယ် ဝေးကွာနေခြင်းပဲ ဖြစ်ပါတယ်။ ဘယ်ဘက်ခေါင်းဆောင်းအ၀ိုင်းက အနီရောင်ရင့်တဲ့အတွက် နေသဘော၊ positive, active သဘောကို ဆောင်ပါတယ်။ သူ့ရဲ့ လက်တစ်ဘက်က အောက်ဘက်မြေကြီးဆီကို ညွှန်ပြနေပါတယ်။
ညာဘက် Cardinal ရဲ့ခေါင်းဆောင်းအ၀ိုင်းက အ၀ါရောင်နုတယ်။ ဒါကြောင့် Lunar=လ ရဲ့သဘော Negitive, Passive သဘော၊ “မ” သဘောကို ဆောင်ပါတယ်။ သူ့ရဲ့ ဘယ်လက်တစ်ဖက်က အပေါ်ကို ညွှန်နေပါတယ်။ Magician ကားချပ်ပါ ရုပ်ပုံရဲ့ လက်ဟန်အနေအထားအတိုင်း ဖြစ်ပါတယ်။
Leminiscate ရဲ့ သဘောသဘာဝ၊ နီးကပ်ပူးပေါင်းမှု မရှိသေးဘဲ၊ အတန်ငယ်ဝေးကွာနေခြင်းရဲ့ သဘောသဘာဝတွေအရ (ဒီနေရာမှာ နေ+လ၊ အပူ+အအေး၊ ဖို+မ စတဲ့ ဆန့်ကျင်ဘက် သဘောတရားတွေမယူပဲ) “လောကီနဲ့ လောကုတ်ကို မျှတစွာ အဆင်ပြေအောင် ပေါင်းစပ်နိုင်ဖို့ ကြိုးစားခြင်း” ဆိုတဲ့ အဓိပ္ပာယ်ကို ယူရပါမယ်။ လောကီနယ်သား တစ်ဦးအနေနဲ့ ရပ်တည်နေသော်လည်း လောကုတ္တရာရဲ့ သဘောသဘာဝတွေကို ကျင့်သုံးဖို့ ကြိုးစားနေတဲ့သူ၊ လေ့လာဆဲ၊ လေ့ကျင့်ဆဲသူလို့ အဓိပ္ပာယ် ရပါတယ်။ ဘာသာရေးနဲ့ ပတ်သက်မယ်၊ မိရိုးဖလာ ဓလေ့ထုံးစံတွေနဲ့ ပတ်သက်မယ်၊ ဘာသာရေးပုဂ္ဂိုလ်၊ ဘာသာရေးစာပေ၊ အတွေးအခေါ်၊ အကျင့်သီလ၊ အဆောက်အဦး၊ ဘုရား၊ ပုထိုး စတာတွေနဲ့ ပါတ်သက်ပါမယ်။
နောက်အဓိပ္ပာယ် တစ်ခုက ဘုန်းကြီးဆိုတာ ကိုယ်တိုင် စီးပွားမရှာဘူး။ လူတွေ၊ ဒကာ ဒကာမတွေ လှူဒါန်းသ၍ကို ကျေနပ်ရောင့်ရဲတယ်။ အပိုအလျှံ စုဆောင်းသိမ်းဆည်းခွင့် မရှိဘူး။ တနေ့စာ သုံးစွဲပြီး ပိုသမျှ မျှဝေပေးကမ်း စွန့်ကြဲရတယ်။ တစ်ကိုယ်ရေ လုံခြုံပြည့်စုံပြီး ပိုသမျှ ပြန်လည်လှူဒါန်း ပေးကမ်း၊ စွန့်ကြဲရတယ်။ ကိုယ်တိုင်လည်း ဘာသာရေးကျင့်၊ လူတွေကိုလည်း ပြုပြင်ဆုံးမ လမ်းမှန်ကို ညွှန်ပြပေးရတယ်။ အမှားအမှန် ဝေဖန်ခွဲခြားခြင်း၊ အကြံဥာဏ်ပေးခြင်း၊ သဘောထားကြီးခြင်း၊ ခွင့်လွှတ်ခြင်း တို့ကိုလည်း ရည်ညွှန်းပါတယ်။
ကားချပ်တွေရဲ့ ညွှန်းချက်တွေက အတော်စုံသွားပြီ။ လက်တွေ့ဟောကွက် နမူနာလေးတွေ ကြည့်ရအောင် . . .။

နမူနာ (၁)
            Major ၂၂ ကတ် အဟောကျင့်ခါစ ငယ်သူငယ်ချင်း တစ်ယောက်။
            “ဗေဒင်ဆရာကြီး၊ ငါအလုပ်တစ်ခုလုပ်ဖို့ ရည်ရွယ်ထားတယ်။ အကောင်အထည် ဖော်ဖြစ်မဖြစ် မင်းရဲ့ တားရော့နဲ့ ဟောပေးစမ်းပါ”
            ထုံးစံအတိုင်း ပြုဖွယ်ရာတွေ ပြုပြီး ကားချပ်တစ်ချပ် ဆွဲလိုက်တယ်။ သူ့မျက်နှာက တည်တည်ကြည်ကြည်နဲ့ တလေးတစားပုံပေါ်နေလို့ ကျွန်တော်ကလည်း စိတ်ထဲက လေးလေးနက်နက် အဓိဌာန်ပြီး သူ့ရင်ထဲက ဆန္ဒဘာလဲ ? . .  ဖြစ်မလား/မဖြစ်ဘူးလား? . . ဆိုတာကို ရည်စူးမေးလိုက်တယ်။ ကားချပ်ကို မလှန်သေးပဲ မျက်နှာအနား ဆွဲယူပြီး မျက်စေ့မှိတ် နမ်းရှုံ့ပြီးမှ မျက်စိကို အသာဖွင့်ကြည့်လိုက်တယ်။ ရင်ထဲမှာတော့ ပေါ်လာတဲ့ကဒ်ကို ငါအဓိပ္ပာယ် ဖွင့်နိုင်ပါ့မလား . . မှန်ပါ့မလား . . အဓိပ္ပာယ် ရှင်းလင်းပြတ်သားတဲ့ ကားချပ်ဖြစ်ပါစေပေါ့ . .
            “သူငယ်ချင်း . . စီးပွားရေးကလည်း မကောင်း၊ မိန်းမနဲ့လည်း အဆင်မပြေတာနဲ့ လူ့လောကကြီးကို စိတ်ကုန်ပြီး ဘုန်းကြီးဝတ်တော့မလို့လား . .  စဉ်းစဉ်း စားစားလဲ လုပ်ပါကွာ . .”
            ပြောပြောဆိုဆို ကားချပ်ကို စားပွဲပေါ်ချခင်းလိုက်တယ်။ ဘုန်းကြီးကတ် Hierophant ပါဘဲ။
“အမြဲတမ်း ၀တ်ဖို့မဟုတ်ပါဘူးကွာ။ ငါတို့ ရွာမှာ သင်္ကြန်တွင်းတိုင်း တရားစခန်းဖွင့်တာ (၃)ကြိမ်ရှိပြီ။ ငါတစ်ခါမှ အလွတ်သေးဘူး။ ပထမတစ်ကြိမ်ဘဲ ယောဂီဝတ်နဲ့ နောက်အကြိမ်တွေမှာ ရဟန်းဝတ်နဲ့ တရားစခန်းဝင်ခဲ့တာ။ အခုနှစ်လည်း ရဟန်းတကာက ကြိုပြောထားပြီးသား။ ငါရဟန်းဝတ်သမျှ  ရဟန်းတကာခံပါ့မယ်လို့ . . ဒါပေမယ့် အဲဒီတူမလေးနဲ့ မတွေ့ရသေးတော့ ရဟန်းဝတ်ဖြစ်ပါ့မလားလို့ စိတ်ပူလို့ . . ”
“စိတ်မပူပါနဲ့၊ ရဟန်းဝတ်ဖို့ သေချာပါတယ်။ ရဟန်းဝတ်နဲ့ တရားစခန်း ၀င်ရမှာပါ။ ငါနောက်သလို ပြောမိတာ ခွင့်လွှတ်ပါကွာ။ သာဓုလည်း ခေါ်ပါတယ်။ ငါလည်း တတ်နိုင်သမျှ တကာခံပါ့မယ်။”
“အေး . . မင်းလည်း ဗေဒင်ယောင်ယောင်၊ ပုတီးယောင်ယောင် လုပ်မနေနဲ့။ သက်တမ်း တစ်ဝက်ကျိုးနေပြီ။ ကိုယ့်အတွက်ပါအောင် လုပ်ဦး . .”
“ဟုတ်ကဲ့ပါဆရာ . . ဆရာကိုယ်တိုင် ကျင့်ကြံပြီးမှာ ကိုယ်တွေ့တရား ဟောပြပါဦး။ တရားနာဖို့ စောင့်နေပါ့မယ်။ အခုလိုကြားရတာ ၀မ်းသာပါတယ်။ ဒါပေမယ့် စိတ်ထဲ မကောင်းတာ တစ်ခုတော့ရှိတယ်။ ငါရန်ကုန်ရောက်တုန်းက ၀င်းသူဇာဆိုင်က ၀ယ်လာတဲ့ RUM တစ်လုံးပါလာတယ်။ မင်းကို လက်ဆောင်ပေးဖို့ ရည်ရွယ်ထားတာ။ အခုလိုဆိုတော့ ပေးလို့ ဖြစ်ပါတော့မလား။ ငါ ငရဲကြီးနေပါဦးမယ်။”
သူက တစ်နေကုန် ခြံထဲမှာ အလုပ်လုပ်ရတာ။ မိုးရွာရွာ နေပူပူ။ အသက်ကလည်း ၆၀နားကပ်နေပြီဆိုတော့ ညနေထမင်းစားခါနီးမှာ သွေးပူ စားကောင်း အိပ်ပျော် ဆေးဝါးအနေနဲ့ ယမကာလေး နည်းနည်းတော့ ရံဖန်ရံခါ မှီဝဲတတ်တယ်။ ဒါကိုသိထားလို့ သူကြိုက်တတ်တဲ့ စက်မှု(၁)ထုတ် RUM တစ်ပုလင်း လက်ဆောင်ပေးဖို့ ရည်ရွယ်ထားတာ။
“ဟကောင်ရ . . သင်္ကြန်ကျဖို့က နှစ်လလောက်တောင် လိုသေးတာ။ အခုတော့ ဖြစ်ပါသေးတယ်ကွ။ အတော်ပဲ ငါလည်း အခုတစ်လော ပျင်းနေတော့ သိပ်ထမင်းစားမကောင်း၊ ညအိပ်မပျော်ဖြစ်နေတာ။ ညနေအိမ်ပြန်ရင် မင်းပါလိုက်ခဲ့ကွာ ခြံထဲမှာ သီးနှံလည်း စုံတယ်။ ငါစိုက်ထားတာ။ ခြံထွက်ဟင်းနဲ့ မင်းကို ငါကိုယ်တိုင် ချက်ကျွေးမယ်။”
“သက်တမ်း တစ်ဝက်ကျိုးနေပြီနော်။ အသောက်အစားလည်း ဆင်ခြင်ဦး ။”
“အေးပါ . . အေးပါ . .။ မင်းက ငါ့ကို ပြန်လက်စားချေတာပေါ့  . . ရပါတယ် . . ရပါတယ် . .”

နမူနာ(၂)
            ဘောင်းဘီက ကွာတားပစ်။ စတီးလက်ကောက်၊ နားမှာလည်း နားကပ်နဲ့။ အသက် (၃၀)ခန့် လူငယ်တစ်ဦး။
            “ဆရာ . . ကျွန်တော် အိမ်ထောင်ပြုဖို့ ရည်ရွယ်ထားတယ်။ အိမ်ထောင်ပြုသင့် မပြုသင့်၊ ကောင်း မကောင်း၊ တားရော့နဲ့ ကြည့်ချင်လို့ . . ”
            ထုံးစံအတိုင်း ပြုဘွယ်ရာတွေပြုပြီး တားရော့ကားချပ်တွေကို ဖြန့်ခင်းလိုက်တဲ့အခါ ပထမဆုံး ပေါ်လာတာက Hierophant ဘုန်းကြီးကားချပ်။
            “သိပ်ထူးဆန်းတယ် ညီလေး။ ညီလေးမေးတာက အိမ်ထောင်ရေး။ တားရော့က ပြောတာက ဘုန်းကြီး။ ဘာမှမဆိုင်ဘူး။ ဒါပေမယ့် ဆရာတို့က တားရော့အပေါ်မှာ သစ္စာရှိရတယ်။ ယုံကြည့်ရတယ်။ သူပြတဲ့ နိမိတ်အတိုင်း ဘာသာပြန်ပေးရတာ။ ပြင်ဆင်ပိုင်ခွင့် မရှိဘူး။ မှားတာ/မှန်တာက သူ့တာဝန်။ ဒီတော့ တားရော့ပြောတဲ့အတိုင်းပဲ ပြောမယ်”
            ညီလေး အိမ်ထောင်ရေးကိစ္စကို လုပ်ငန်းတာဝန်တစ်ရပ်အနေနဲ့ လုပ်ဆောင်ရမယ့်အပိုင်းလို့ပဲ သဘောထားပုံရတယ်။ ညီလေးရဲ့ ရင်ထဲမှာတော့ ဘာသာရေး ကိစ္စတွေ လွှမ်းမိုးနေတယ်။ တရားစာတွေဖတ်မယ်။ တရားခွေတွေ နာယူမယ်။ တရားထိုင်မယ်။ ဖြစ်နိုင်ရင် ရဟန်းဝတ်ပြီး တရားအားထုတ်ချင်တဲ့ စိတ်တောင် ဖြစ်နေနိုင်တယ်။ ကြံစည်နေတယ်။ ဟုတ်ရဲ့လား။
            “ဟုတ်ပါတယ်ဆရာ . . ကျွန်တော်က သင်္ဘောသားပါ။ ဒီတစ်ခေါက် သင်္ဘောတက်ပြီး ပြန်လာရင် ချစ်သူနဲ့ လက်ထပ်ဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် ဆရာအစောကပြောခဲ့သလို လူသားတစ်ယောက်ရဲ့ တာဝန်၊ ချစ်သူ ယောက်ျားလေး တစ်ယောက်ရဲ့ တာဝန်တွေအရ လက်ထပ်သင့်ပြီလို့ စဉ်းစားဆုံးဖြတ်ခဲ့ရတာ။ ကျွန်တော်က ဖြစ်နိုင်ရင် ဘုန်းကြီးဝတ်နဲ့ တရားအားထုတ်ချင်တယ်။ အခုလည်း နေ့စဉ် ဘုရားရှိခိုး၊ ပရိတ်ရွတ်ပြီးတိုင်း တရားထိုင်ပါတယ်။ နာရီဝက် တစ်နာရီပေါ့ ဆရာရယ်။ ဆရာတော်တွေရဲ့ တရားစာအုပ်တွေ တရားခွေတွေကိုလည်း အမြဲနာယူတယ်။ တရားစာအုပ်တွေကိုလည်း မိဖတွေရဲ့မည်နဲ့ ဓမ္မဒါန လှူပါတယ်။ တတ်နိုင်သလောက်ပေါ့။ အခုတောင် တရားစာအုပ်ပါသေးတယ်။ ဒီတစ်ခေါက် အုပ်ရေ (၁၀၀) လှူဖြစ်တယ်။ ဆရာ့ကိုလည်း တစ်အုပ်ဓမ္မဒါန ပြုခဲ့ပါ့မယ်။”
            ကျွန်တော်က မောင်နှမတွေထဲမှာ အကြီးဆုံးပါ။ သင်္ဘောထွက်တာ လေးခေါက်ရှိပါပြီ။ မိဘတွေကိုလည်း ဒဂုံမြောက်မှာ ခြံနဲ့အိမ်နဲ့ ၀ယ်ပေးထားပြီးပြီ။ ညီ၊ ညီမတွေလည်း ပညာစုံလို့ ကြင်ယာစုံသွားကြပြီ။ ကျွန်တော်ပဲ ကျန်တော့တယ်။ အမေကလည်း ကျွန်တော့်ကို သင်္ဘောကနား အိမ်ထောင်ပြုပြီး သူ့မျက်စေ့အောက်မှာ နေစချင်ပြီ။ မြေးချီချင်နေပြီပေါ့ ဆရာရယ်။ ကျွန်တော့် အမျိုးသမီးနဲ့ကလည်း ချစ်သူသက်တမ်း (၃)နှစ်ကျော်ပြီဆိုတော့ သူ့အနေနဲ့ရော နှစ်ဘက်မိဘတွေကပါ အိမ်ထောင်ပြုစေချင်ပြီ။
            ကျွန်တော်ကလည်း အခုမှ တရားဘာဝနာဘက်မှာ ပိုပိုပြီး စိတ်အားထက်သန်လာတယ်။ ပိုပိုပြီး အသိအမြင်တွေ နက်ရှိုင်းလာတယ်။ တစ်ခါတစ်လေ တရားထိုင်ရင်းနဲ့ ကိုယ်ခန္ဓာကြီးကို ရွံစရာကြီးအဖြစ် စက်ဆုပ်လာတယ်။ ရှေ့တိုးရခက် နောက်ဆုတ်ရခက် ဖြစ်နေတယ်ဆရာ။
            “ကြားရတာ ၀မ်းနည်း၊ ၀မ်းသာ ခံစားရပါတယ်။ ငွေကြေး ပြည့်ပြည့်စုံစုံ၊ နှစ်ဘက်မိဘ သဘောတူညီချက်နဲ့ ချစ်သူကို ပေါင်းဖက်ခွင့်ရတာ လောကကြောင်းအရ မင်္ဂလာတစ်ပါးပါ။ ပျော်စရာကြီးပေါ့။ လောကုတ္တဘက်က ကြည့်ပြန်တော့ ဗုဒ္ဓ လမ်းစဉ်တော်အရ လက္ခဏရေး (၃)ပါးကို ရှင်းလင်းပီပြင်စွာ ခန္ဓာကိုယ်တွေ့ သိမြင်နေရပြီဆိုတာကလည်း သာဓုခေါ်စရာ မင်္ဂလာတစ်ပါးပါဘဲ။ လူရယ်လို့ ဖြစ်လာပြီးတဲ့နောက် လူသားတာဝန်တော့ ကျေပွန်ရမယ်။ တာဝန်တွေ ထမ်းဆောင်ရဦးမယ်။ တနည်းဆိုရရင် ဘ၀ဟောင်းက ပါလာတဲ့ အကြွေးတွေကို ဆပ်ရဦးမယ်။ ကျေကျေနပ်နပ် ပေးဆပ်လိုက်ပါဦး။ လောကီရဲ့ တာဝန်ဝတ္တရားတွေ ထမ်းဆောင်ရင်း တစ်ဘက်က ကိုယ်ရထားတဲ့ ပါရမီမျိုးစေ့လေးကိုလည်း ပျောက်မသွားစေဘဲ မှန်မှန် ပျိုးထောင်ထားပေးပါ။”
            လောကီတာဝန်တွေ ကျေတဲ့တစ်နေ့မှာ တစ်ဖက်မှာလည်း ကိုယ် စဉ်ဆက်မပြတ် ပျိုးထောင်ပြုစုလာတဲ့ ပါရမီဥာဏ်ကလည်း ရှင်သန်ကြီးထွားလာချိန်နဲ့ အကိုက် ဖြစ်ပါလိမ့်မယ်။ အိမ်ထောင်တာဝန်တွေ ကြားကနေပြီး သေတာပန်၊ သကဒါဂမ်၊ အနာဂမ် စတဲ့ အရိယာဖြစ်သွားခဲ့တဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိခဲ့ပါတယ်။ ဘယ်ဘက်ကိုမှ စိတ်မပျက်ပါနဲ့။ မစွန့်လွှတ်ပါနဲ့။ လမ်းမှန်ရင် တစ်နေ့တော့ ရွာတွေ့မှာ သေချာပါတယ်။
            “ကျေးဇူး ကမ္ဘာပါဆရာ . . ။ မမေးပေမယ့် ရင်ထဲက ခံစားချက်တွေ ဖော်ထုတ်ပေးတဲ့ တားရော့ကိုလည်း လေးစားပါတယ်။ ဝေခွဲရခက်နေတဲ့ ကျွန်တော့် အတွေးတွေကို သဘာဝကျကျ မျှမျှတတ သုံးသပ်အကြံပေးတဲ့ ဆရာ့ကိုလည်း လေးစားပါတယ်။ ကျေးဇူးအထူး တင်ပါတယ်။”

ဆရာစိုး (ရွှေအရုဏ်ဦး)
မိုးကောင်း

No comments:

Post a Comment