ရှေးယခင်ကာလ အချိန်မှတ်သားပုံကို ဗဟုသုတအဖြစ် သိရှိနိုင်ရန် ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။
နောင်----ဒူ----နောင်(ဒိုင်း)----ဟိန်း----ဟိန်း------ဟိန်း
ရှေးခေတ်ရခိုင်တို့သည်
တစ်နေ့တာကို နာရီ (၆၀) စီဖြင့် ရေတွက်ခဲ့ကြသည်။ ယင်းသို့ ရေတွက်ရာတွင် နာရီအမျိုးအစားအားဖြင့်
သုံးမျိုးခွဲခြားထားသည်။ (၁) ရေနာရီ၊ (၂) သဲနာရီ၊ (၃) ကြက်နာရီဟူ၍ ဖြစ်သည်။ သဲနာရီနှင့်
ကြက်နာရီတို့ကို နေရာဌာနအချို့တွင် သင့်လျော်သော အချိန်ကာလကို သိနိုင်ရန် အသုံးပြုခဲ့ကြသည်။
ရေနာရီကိုကား ဌာနအသီးသီး၌ အသုံးပြုခဲ့ကြသည်။ ယင်းသို့အသုံးပြုရန် လိုအပ်သောပစ္စည်းများကို
စုံလင်စွာထားရသည်။ ယင်းတို့မှာ (၁) အ၀န်းအစောက်တူညီစွာပြုလုပ်ထားသော အင်တုံကြီး ၃လုံးနှင့်
(၂) ကြေးဖလား ၃လုံးတို့ ဖြစ်သည်။
အချိန်နာရီတိုင်းတာရန်
ပဟိုရ်တီးရန်လုပ်သားများမှာ
(၁) အင်တုံ ၃လုံးကို
စောင့်နေရန် လူ ၃ယောက်၊
(၂) ရေဖြည့်ခြင်း၊
ရေသွန်ခြင်း၊ပြုလုပ်ရန် လူ၂ယောက်၊
(၃) ပဟိုရ်တီးရန်
လူ ၂ယောက်၊ စုစုပေါင်း (၇)ယောက် အမှုထမ်းရသည်။ မဟာပဟိုရ်စင်တော်ကြီးမှာ မြောက်ဦးမြို့တွင်
နန်းတော်မြို့ရိုး၊ တံတိုင်း ၃ထပ်အနက်၊ တတိယမြို့ရိုးနှင့် ဒုတိယမြို့ရိုးကြားတွင်
တည်ရှိသည်။
နန်းတော်၏တောင်ဘက်၌ရှိသော
ပေသကူတောင်တွင် တည်ဆောက်ခဲ့သည်။ မြောက်ဦးမြို့တည် သမိုင်းကျမ်း ဒုတိယတွဲဖြစ်သော
(မြောက်ဦးမြို့ ဥပနီသျှကျမ်းတွင် ယင်းတောင်ကို မြောက်ဦးမြို့တည်စဉ်က တောင်အမည်၊
ချောင်းအမည် အရပ်အမည် များကို ခေါ်ဝေါ်ကြရန် မင်းစောမွန်နှင့် အမတ်ပညာရှိသုခမိန်များ၊
ဟူးရားဗေဒင်အရာ၌ လိမ်္မာသော ပုရောဟိတ်များတိုင်ပင်၍ ဂါမ၊ နိဂါမ၊ ပဗ္ဗတ၊ နဒီအစရှိသည်တို့ကို
နာမ။ သညာနမင်္ဂလာပွဲပြုလုပ်ပြီး သမုတ်ခေါ်တွင်ခဲ့ကြလေသည်။
ယင်းအချိန်က ယင်းတောင်ကို
ပေသကူတောင်ဟု အမည်သမုတ်ခဲ့ကြသည်။ ပဟိုရ်စည်တော်ကြီးတားရန် စင်တော်ကြီးကို ဆောက်ပြီးမှ
ရွှမ်းတောင် (ယွန်းတောင်)ဟု အမည်တွင်လာသည်။ ပဟိုရ်စည်တော်ကြီး၏ အောက်ခြေအုတ်မြစ်ကို
ကျောက်တုံးကြီးများဖြင့် တည်ဆောက်ပြီး ခေါင်မိုးပြဿဒ်ဝယ် ၅ဆင့်မိုးသည်။ လေးထောင့်ပုံဖြစ်ပြီးစည်တော်ကို
ပိတောက်သားဖြင့် ပြုလုပ်ပြီး သားရေကြက်သည်။ စည်တော်ကို တွဲရန်ပွတ်လုံးတိုင်တွင် ပွတ်လုံးတန်းငွေကြိုးဖြင့်
တွဲထားသည်။ တွဲခုံတစ်ခုလုံးနှင့် စည်တော်သစ်သားကို ရွှေပိန်းချထားသည်။ စည်တော်တီးရန်လက်ရိုက်မှာ
ဆင်သားရေတုံး ဖြစ်သည်။ ဗျက်လက်လေးသစ်၊ အရှည်တထောင့်တထွာရှိသည်ဟု ဆိုသည်။ စည်တော်တီးသည့်အချိန်ကာလကို
နန်းတွင်းမိညို၏ “စည်”တော်ပဟိုရ်၊ ကျွန်ုပ်ဆိုသား” ချီသောကိုယ် ရည်သေးရတုပိုဒ်စုံတွင်
တင်ပြထားသည်။ အကျယ်ကို မဆိုပြီ။ တီးပုံ၊ တီးနည်းကိုသာ တင်ပြပါမည်။
စည်တော်တီးပုံ
တစ်ချိန်စည်တီးသောအခါ
တစ်ပဟိုရ်ဟု ဆိုသည်။ ၄ ပဟိုရ်တီးတစ်မောင်းပြည့်သည်။ ၄ပဟိုရ်တစ်မောင်းဟု ဆိုသောကြောင့်
မောင်းကြီးတစ်လုံးကို တစ်ချိန်တီးရသည်။ ဤအကြောင်းနှင့် စပ်လျဉ်း၍ ပဟိုရ်စင်တော်တွင်
မောင်းသုံးလုံးရှိသေးသည်။ “ဒူ” ဟု အသံထွက်သော မောင်းတစ်လုံးတို့ ဖြစ်သည်။ ဒူမောင်းနှစ်လုံးတွင်
“ဒူဟူဟူ” ဟူ၍ ဟိန်းသံထွက်သော မောင်းတစ်လုံးရှိသည်။ ဒူ----ဟူ၍ ရိုးရိုးအသံထွက်သော မောင်း
နှင့် “နောင်” ဟူ၍ ရိုးရိုးအသံထွက်သော မောင်းတစ်လုံးတို့မှာ အတိုင်းအတာအတူတူ ပြုလုပ်ရသည်။
ဤရိုးရိုးမောင်းနှစ်လုံးသည် အတိုင်းအတာ ၄တောင်ပတ်လည်စီ ရှိသည်။
“ဒူဟူဟူ” ဟူ၍ ဟိန်းသံထွက်သောမောင်းကြီးမှာ
၆တောင် ပတ်လည်ရှိသည်။ ၄ပဟိုရ် တစ်မောင်းပြည့်တိုင်း လက်တံရှည်ခရာကြီးကို တစ်ကြိမ်စီမှုတ်ရသည်။
တစ်ပဟိုရ်ပြည့်သောအခါ နောင်မောင်းကိုတစ်ချက်၊ ဒူမောင်းကိုတစ်ချက်၊ နောက်ထပ် နောင်မောင်း
ကိုတစ်ချက်တီးပြီးလျှင် ဆင်သားရေ လက်ရိုက်ဖြင့် ပဟိုရ်စည်တော်ကို တစ်ချက်တီးလိုက်ရသည်။
ယင်းသို့တီးရာတွင် စည်တီးခြင်း၏အင်္ဂါရပ်နှင့်ညီစွာ အနှေးတီး၊ အလျင်တီး၊ (အမြန်တီး၊
စောင့်တီး၊ ချိန်တီး၊ သံပြိုင်တီးဟူ၍ အင်္ဂါရပ်များရှိသည်။ ယင်းတို့အနက်ဒူမောင်း၊ နောင်မောင်းတို့ကို
တီးခတ်ရာတွင် စောင့်တီးနှင့်အမြန်တီးနှစ်မျိုးကို အသုံးပြုသည်။
ရှေးခေတ်မြန်မာနှင့်ရခိုင်တို့၏
တစ်နေ့စီကို တွက်ချက်၍ နာရီ ၆၀-စီ သတ်မှတ်ထားကြရာတွင် နေ့နာရီ၊ ညနာရီဟူ၍ နှစ်ပိုင်းခွဲထားသည်။
ယင်းသို့ခွဲထားရာ၌လည်း ယခုခေတ်စက်နာရီကဲ့သို့ ၁၂-နာရီ ပိုင်းခြားထားခြင်း မဟုတ်ပေ။
ဥတု ၃-ပါးတို့တွင်နေထွက်နေ၀င်ကိုအကြောင်းပြု၍ နေ့နာရီနှင့် ညနာရီကို အနည်းအများ ပိုင်းခြားထား
ကြသည်။ “ပတ်သံတာရှည်တီးသံမြည်” ဟူသောကဗျာ၏ အဆိုအတိုင်း ရေတွက်ခဲ့ကြသည်။
သို့ရာတွင် ဘာသာရေးနှင့်
ယဉ်ကျေးမှုရေးရာအတွက် အသုံးပြုရန် မွန်းတည့်ချိန်နှင့် သန်းကောင်ချိန်ကို အဓိကပိုင်းခြားထားခဲ့ကြသည်။
မွန်းတည့်နှင့် သန်းခေါင်အချိန် ကျရောက်လျှင် အချိန်စေ့နာရီကို တီးပြီးနောက် အမြောက်ကြီးတစ်ချက်စီ
ပစ်ဖောက်ရသည်။ ဤသို့ပစ်ဖောက်ခြင်းအားဖြင့် မွန်းတည့်ဆွမ်းစားရမည့်အချိန်ကို သတ်မှတ်ပေးခြင်း၊
အာရုဏ်တက်ချိန်တွင် ဆွမ်းပန်းချက်ရန်ဆွမ်းပို့နိုင်ရန်အတွက် အဓိကပစ်ဖောက်ခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ရှေးခေတ်အခါ၌ လူအများစုနှင့် ရဟန်းသံဃာတော်အမျာစုတို့မှာ နာရီတိုင်းတာရန်
ခက်ခဲသည်များကို လွယ်ကူစွာ သိရှိနိုင်ရန်အတွက်ဖြစ်သည်။ မျက်မှောက်ခေတ်တွင် စက်နာရီများပေါများနေသဖြင့်
အခက်အခဲမရှိပေ။
ရှေးခေတ်တွင်ကား အခက်အခဲများ
ရှိနေခြင်းကြောင့် ဤသို့အမြောက်ပစ်ဖောက်ရခြင်းဖြစ်သည်။ ကျွန်တော်တို့ငယ်စဉ်က စစ်တွေမြို့တွင်
မွန်းတည့် ၁၂နာရီ တီးလျှင် စစ်တွေမြို့ ဖောင်တော်ကြီးမှ မွန်းတည့်အမြောက်ပစ်ဖောက်ခဲ့သည်။
ရှေးခေတ်နှင့် ကျွန်တော်တို့ ငယ်စဉ်ခေတ်ထိ ဥပုသ်သီတင်းဆောက်တည်ကြသော အခါ (မွန်းတည့်အမြောက်ဖောက်သံကို
နာထောင်၍ မဖောက်မီ ဆွမ်းသုံးကြရမည်)ဟူ၍ ပြောဆိုခဲ့ကြသည်။
ဗဟိုရ်တီးပုံနှင့် အသံထွက်ပေါ်လာပုံများကို
အနည်းငယ်တင်ပြပါဦးမည်။
တစ်ဗဟိုရ်စေ့သောအခါ
နောင်မောင်းတစ်ချက်၊ ဒူမောင်းတစ်ချက် နောက်ထပ် နောင်မောင်းတစ်ချက်တို့ကို တီးခတ်ခြင်းအားဖြင့်
နောင်---ဒူ----နောင်(ဒိုင်း)ဒိန်း----ဟိန်း----ဟိန်း----ဟိန်း----ဟိန်း ဟူ၍ ထွက်ပေါ်လာသည်။
အမြောက်ပစ်ပြီးသည့်နောက် စည်ကြီး ၅-မျိုးနှင့် တူရိယာမျိုးစုံတို့ကို တီးမှုတ်ပြီးလျှင်
တစ်ချိန်တည်းလက်တံရှည်ခေါ် ခရာကြီးကို မှုတ်ရသည်။
နာရိတိုင်းရန် ခွက်(ဖလား)တို့
ပြုလုပ်ရာတွင် အတိုင်းအတာမှာ အလွန်ညီညွတ်မျှတမှု လိုအပ်ပါသည်။ ယင်းအကြောင်းကို ဖော်ပြထားသော
ရခိုင်နာရီကျမ်းတွင် လင်္ကာဖြင့် (ရခိုင်သံဖြင့်) ဤသို့ရေးထားသည်ကို တွေ့ရပါသည်။
အခါနာရီ၊ ခြင်တွက်လီ၍၊
ထုံးပြီဤသို့၊ လင်္ကာပျို့၌၊ လူတို့မျက်စိ၊ ဆယ်နှိုက်ဟိက၊ တစ်ခဏသာ၊ မှတ်ကုန်ပါလော့၊ ဆယ်ခါခဏ၊
တလယျတည်း၊ လယျ ၁၂-ခါ၊ တခရာတည်း၊ အခရာဆယ်ဖန်၊ တပြန်ဟူသည်၊ အပြန်လေးလီ၊ တပီဇနာ၊ မှန်လှစွာ၏။
ပါဒ်မူလေးလီ၊ တစ်နာရီတွင်၊ ကြေးနီတပြား၊ ဆယ့်ခြောက်သားကို၊ ယာဝါးစံတူ၊ ကေကင်းဇူလီ၊
လက်သန်းညီဖြင့် ကိုးသစ်ချက်၍၊ အ၀န်းစောက်မှာ၊ ဥပဇာကား၊ သက်္ကာစင်စစ်၊ ခုနစ်သစ်လျှင်၊
ခွက်လုပ်ကျင်မှ၊ ဒူဝိဇ်္ဇာပါ၊ ဣတိ္ထယာ၏။ ကေသာဆံပင်၊ ဆယ့်ခြောက်ပင်ကို၊ ၀င်လောက်ရုံရုံ၊
ဖောက်ပြီးတုံမှ၊ ယင့်မူခဏ၊ ရေဝေချ၍၊ သို့မှမှန်စွာ၊ နှိုက်တခါကို၊ တစ်နာရီမှတ်၊ တစ်မောင်းခတ်ပြီး၊
သူမြတ်ဉဏ်ရှင်၊ ဗဟိုရ်စင်ဟု၊ ညလျှင်နံနက်၊ ရှေလေးချက်သည်၊ ရေတွက် ၆၀အမှန်တည်း။
ဟူ၍ ရှစ်ကြောင်းပေမူ ကီဝမ်းတစ်မျက်နှာတွင်
ဆိုထားသည်။ အဖွင့်ကျမ်းတွင် ကြေးခွက်(ဖလား)စစ်စစ်ကိုသာလျှင် ပြုလုပ်ရမည်ဟု ဆိုထားသည်။
ယင်းကြောင့် ကြေးဖလား ၀မ်းတည့်တည့်တွင် အပေါက်ငယ် မိန်းမတို့ဆံပင်တစ်ဆယ့်ခြောက်ပင်
ဝင်ရုံသာ ဖောက်ရမည်ဟု ဆိုပေသည်။ နာရီတိုင်းတာသော ကြေးအပ်အင်တုံသုံးလုံးတွင် ပထမအင်တုံ၌
ကြေးဖလားတို့ ထည့်ရသည်။ အပေါက်ငယ်မှ ၀င်သောရေများ ပြည့်လာသောအခါ ကြေးဖလားနစ်သွားသည်။
နစ်လျှင် တစ်နာရီပြည့်သည်။ နစ်လျှင်နစ်ခြင်း ဒုတိယအင်တုံတွင် လူက ဖလားတစ်လုံး ထည့်လိုက်ရသည်။
ပထမလူက မြုပ်နေသော ကြေးဖလားကို ယူနေစဉ် အချိန်ကြန့်ကြာခြင်းမရှိရအောင် ဒုတိယလူက ချက်ချင်းထည့်ရခြင်း
ဖြစ်ပါသည်။ ဒုတိယဖလားနစ်လျှင် တတိယဖလား ထည့်ရသည်။ တတိယဖလားနစ်လျှင် ပထမလူက ပြန်စသည်။
ဤနည်းအားဖြင့် အချိန်နာရီများကို တိတိကျကျတိုင်းယူခြင်း ဖြစ်သည်။ နေ့ပိုင်း တာဝန်ကျသောသူတို့နှင့်
ညပိုင်းတာဝန်ကျသော သူတို့ကိုခွဲခြား၍ ခန့်ထားရသည်။ ဤသို့လျှင် ရှေးခေတ်ရခိုင်တို့၏
ဗဟိုရ်နာရီများကို တီး ခတ်ခဲ့ကြလေသည်။
မြောက်ဦးမြို့တော်၏
ဗဟိုရ်စင်တော်နာရီ ဆောက်ခဲ့သော ရွမ်းတော်တောင်ထိပ်တွင် စာရေးသူငယ်စဉ် ကျောင်းသားဘ၀၌
အခြေခံကျောက်တုံးများ ရှိသေးသည်။ဗြိတိသျှခေတ်တွင် မြောက်ဦးမှ လူကြီးအချို့တို့သည်
အပျော်တမ်းကလပ် (Club) တစ်ခုဖွဲ့စည်းတည်ထောင်ခဲ့သည်။ ပျဉ်းကတိုးတိုင်၊ သွပ်မိုးပျဉ်ကာ
အဆောက်အအုံတစ်ခု
ဆောက်သည်။ ယင်းအဆောက်အအုံဆောက်ရန်အတွက်
အဆိုပါကျောက်တုံးကြီးများကိုဖြိုဖျက်၍ အရှေ့ဘက်သို့ တွန်းချခဲ့ကြသည်။ အတော်အတန်ကျန်ရှိနေသော
ကျောက်များ ကိုလည်း ကျောင်းသားအချို့က ဒုံးတိုက်တမ်း ကစားသည်ဆိုကာ တောင်ပေါ်မှ ကျောက်တုံးကြီးများကို
တောင်အောက်သို့ တွန်းချတမ်းကစားခဲ့ကြသည်။ ကျွန်တော်လည်း သမိုင်းတန်ဖိုး နာမလည်သေး၍
တစ်တုံး၊ နှစ်တုံး တွန်းချခဲ့မိသည်။ အိမ်သို့ရောက်လျှင် ကျွန်တော်၏ အဘိုးက ဆဲဆိုတားမြစ်ပြီး
သမိုင်းတန်ဖိုးကို ပြောပြသဖြင့် နားလည်သွားခဲ့ပါသည်။ တောင်အောက်သို့ ရောက်သွားသော
ကျောက်များကို အချို့ပုဂိ္ဂုလ်တို့ သယ်ယူသုံးစွဲသော်လည်း တောင်ခြေရင်းနှင့် နံဘေးတွင်
ကြီးမားလှစွာသော ကျောက်တုံး
များကို ယနေ့ထိရှိနေပါသေးသည်။ တောင်၏အခြေအနေမှာလည်း
မြောက်ဘက်သို့ ထိုးထွက်နေသော တောင်စွယ်မှာ ကျောက်သားတောင်ဖြစ်သည်။ ပေ-၅၀ခန့် မြင့်သည်။
ယင်းတောင်စွယ်နှင့်တစ်ဆက်တည်း
တောင်ဘက်သို့ ပေ၃၀-ခန့်အမြင့်တွင် ဗဟိုရ်စည်ကို ထားခဲ့သည်။ မြေသားတောင် ဖြစ်သည်။ အထဲ၌
ကျောက်အတိ ဖြစ်သည်။ ဗြိတိသျှလက်ထက်တွင် တောင်ညိုတောင်စွယ်၏ ထိပ်ပြင်သည် အလျား၊ အနံ
ပေ၁၀၀-ကျော်စီရှိသည်။ တောင်ကိုဖြို၍ လမ်းခင်းခြင်းကြောင့် ၃-ပုံ ၂-ပုံခန့် ပျက်စီးသည်။
တောင်ထိပ်ကြီးမှာကား နဂိုအတိုင်းရှိသေးသည်။ မူလပထမမင်းစောမွန်အမည် သမုတ်ခဲ့စဉ်က(၁)
ပေသကူတောင်၊ (၂) ဗဟိုရ်စင်တော် တည်ဆောက်ပြီးနောက် ရွမ်းတောင် (ယွမ်းတောင်)၊ (၃) ဗြိတိသျှလက်ထက်
ကလပ် (ဃူကဘ) ဆောက်သောအခါ ကလပ်တောင်၊ (၄) ကလပ်ပြိုပြီးနောက်
မူလနာမည်အတိုင်း ရွမ်းတောင် (ယွမ်းတောင်)အမည်တွင်နေပါသည်။
ဤကား ရခိုင်တို့၏
ဗဟိုရ်စည်တီးခတ်ပုံ၊ နာရီရေတွက်ပုံ နာမည်များအဆင့်ဆင့်ပြောင်းလဲခေါ်ဝေါ်ပုံ၊ အဆောက်အအုံ
ဆောက်ခဲ့ပုံ၊ ပြိုပျက်သွားခြင်းနှင့် တောင်ထိပ်၏ထိပ်ပြင် ကျဉ်းမြောင်းသွားခြင်းစသည်တို့
ဖြစ်ပါသည်။ သုတေသီတို့သည် ပေ၊ ပရပိုက်၊ လက်ရေးမူတို့၌ ရေးသားထားခဲ့ကြသော သမိုင်းစဉ်များကို
ဖတ်ရှုကာ မြောက်ဦးမြို့သို့ကွင်းဆင်းလေ့လာကြသည်။ စာဆိုအတိုင်း တစ်ခုမျှ မဟုတ်ပါတကား။
မညီညွတ်ပါတကားဟူ၍ အထင်အမြင်မှားသွားမည်။ ယင်းသို့ အမြင်မမှားစေခြင်းငှာ ကျွန်တော့်အနေနှင့်
သမိုင်းမှတ်တိုင်နှင့် သမိုင်းရုပ်ကြွင်းများကို စာတွေ့၊ ပေတွေ့နှင့် မျက်မြင်တွေ့ရှိသော
အချက်အလက်တို့ကို တင်ပြလိုက်ရခြင်းပင် ဖြစ်ပါသည်။
ဦးသူရိယ(မြောက်ဦး)
သုတပညာ တိုးပွားကြပါစေ။
ရခိုင်မဂ္ဂဇင်း၊ ၁၉၈၇-ခု
No comments:
Post a Comment