အတိတ်ကာလ ရက်္ခိုင့်မြေပေါ်တွင်
အထူးထူးအဆန်းဆန်းသော ယဉ်ကျေးမှုအမြုတေ ပန်းကလေးများ ဖူးပွင့်ဝေဆာ ခဲ့ကြသည်။ ခေတ်၏ဥယျာဉ်မှူးတို့ကလည်း
ခေတ်အဆက်ဆက် အရိုးခံဗီဇ ပင်မယဉ်ကျေးမှုများအပေါ်တွင် မူတည်ပြီး အသစ်အသစ်သော ယဉ်ကျေးမှု
ရတနာပန်းပင်ကလေးများကို တီထွင်ကြံဆကာ တယုတယ စိုက်ပျိုး ခဲ့ကြပေသည်။ ဥယျာဉ်မှူးတို့၏
အရည်အသွေးကောင်းကြသလောက် ရက်္ခိုင့်ယဉ်ကျေးမှုမှာလည်း လှပတင့်တယ်စွာ ပွင့်လန်းလာခဲ့ကြသည်သာတည်း။
ယင်းတို့မှာ အနာဂတ်ရက်္ခိုင်များအဖို့
တန်ဖိုးမဖြတ်နိုင်၊ မရိုးနိုင်သော ရတနာအမြုတေ အမွေအနှစ်များအဖြစ် ယနေ့တိုင်အထင်အရှား
ဖိတ်ဖိတ်လက်စွာ တောက်ပဆဲရှိနေပေသေးသည်။ ယင်းသို့ခေတ်အဆက်ဆက်တွင် ထွန်းပြောင်သစ်လွင်ခဲ့သော
ရက်္ခိုင်အမြုတေရတနာများထဲမှ မြောက်ဦးခေတ်ရက်္ခိုင့်ရာသီလိုက် နက္ခတ်၊ တာရာ၊ ရာသီရုပ်၊
ပွဲတော်ပန်းနှင့် အချိန်နာရီတို့ကို တင်ပြလိုပါသည်။
ဤအချက်များကို မြောက်ဦးခေတ်တွင်
အလွန်ထင်ရှားကျော်ဇောခဲ့သော ရက်္ခိုင့်စာဆိုပညာရှိ သုခမိန် မဟာပညာကျော်၏ (၁၂)လရာသီဖွဲ့
ဧကပိုဒ်ရတုပေမူတွင် တွေ့ရပေသည်။ မဟာပညာကျော်သည် ရက်္ခိုင်ပြည်နယ်၌ ရာသီလိုက်ထွန်းပကြသော
နက္ခတ်၊ တာရာ၊ ကျင်းပခဲ့ကြသောပွဲတော်၊ ဖူးပွင့်ကြသောပန်း၊ နေ့နှင့်ည အချိန်နာရီ၊ မွန်းတည့်ဖ၀ါး၊
ရာသီရုပ် စသည်တို့ကို ဧကပိုဒ်ရတုတစ်ခုတည်းဖြင့် အကွက်စေ့အောင် ကျစ်လစ်သိပ်သည်းစွာ တင်ပြထားပေသည်။
ရတု၏အစပိုင်းတွင်
““ညွန်လမ်းမင်္ဂလာ၊ မော်ခမ်းဖြာဗိန့်၊ မဟာကပ္ပေ၊ မီးရေလေကြောင့်၊ ဖျက်ချေတည်ထွန်း၊
လေးကျွန်းမြင်းမိုရ်၊ ယုဂန်္ဓိုဓိုရ်နှင့်၊
ရေညိုသီတာ၊ တာရာနက္ခတ်၊ လနတ်သူရိန်၊ အချိန်မနှောင်း””
ဟူ၍ရေးစပ်သီကုံးထားသည်ကို တွေ့ရပါသည်။
ဤသို့ရေးစပ်ထားခြင်းမှာ
စာဆိုသည် မိမိဆိုလိုသော အချက်အလက်များကို မတင်ပြမီ ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော
ဤမဟာကပ်ကမ္ဘာကြီးသည် မီး၊ ရေ၊ လေ၊ မြေ စသည့်ဓာတ်ကြီးလေးပါးကြောင့် ဖြစ်ပျက်တည်ထွန်းနေပုံကို၊
မြင်းမိုရ်တောင်ကြီးကို ကျွန်းကြီးလေးကျွန်းနှင့် သမုဒ္ဒရာရေညိုသီတာတို့က ၀န်းရံထားကြပုံ၊
နက္ခတ်တာရာနှင့် နေမင်း လမင်းတို့မှာလည်း မြင်းမိုရ်တောင်ကြီးကို ဗဟိုပြုပြီး လည်ပတ်သွားလာနေပုံကို
အထင်းသားပေါ်လွင်အောင် နိဒါန်းပျိုးထားသည်မှာ အလွန်ပင်သဘာဝကျလှပေသည်။
စာဆိုအနေဖြင့် အထက်ဝဠာတွင်
နေ၊ လ၊ နက္ခတ်တာရာတို့၏ လှည့်ပတ်သွားလာမှုကြောင့် ဤကမ္ဘာပေါ် ဥတု၊ ရာသီ၊ ရာသီနှင့်လ၊ ရက်၊
အချိန်နာရီစသည်တို့ တ၀ဲလည်လည် ပြောင်းလဲဖြစ်ပျက်နေကြသည်။ သြကာသလောက ရေမြေတောတောင် သစ်ပင်ပန်းမန်တို့မှာလည်း
သူ့ရာသီ၊ သူ့နက္ခတ်၊ သူ့အချိန်အလိုက်သာ ဖူးပွင့်ကြသည်။ ပန်းသည်ရာသီအလိုက်ဖူးပွင့်ပြီး
ရာသီသည် ပန်းအလိုက် ပြောင်းလဲနေသည်ဟူ၍ ဆိုလိုဟန်တူပေသည်။ ယင်းသို့စကြာဝဠာတစ်ခုလုံး
လှည့်ပတ်သွားလာနေပုံကို ရုပ်လုံးဖော်ပြီးနောက် သူတင်ပြလိုသော အချက်အလက်များကို သူ့လ၊
သူ့ရာသီအလိုက် တင်ပြထားသည်ကို တွေ့ရပေသည်။
““တန်ခူးမာသိန်၊ ဖန်ချိန်ခြိမ်းစ၊ ကြယ်ဖုသျှတိ၊
မိဿရာသီ၊ နှစ်ယံချီသော်၊ သင့်ညီစိတ်တြ၊ ဆိတ်မြူးကလျက်၊ တာရဆံကျင်၊ သဘင်ရေသွန်း၊ ကံ့ကော်ပန်းနှင့်၊
ထူးဆန်းရင်ခတ်၊ သူရိန်နတ်လည်း၊ မိန်းမတ်ရိပ်သွား၊ သုံးဖ၀ါးဟု၊ ပိုင်းခြားလှည့်က၊ နေ့ညနာရီ၊
သုံးဆယ်စီတည်း””
တန်းခူးလသည် မိဿရာသီဖြစ်သည်။
ရာသီရုပ်မှာ ဆိတ်ရုပ်ဖြစ်သည်။ ဖုသျှနက္ခတ်၊ စိတ်္တနက္ခတ်နှင့် ဆံကျင်တာရာတို့ထွန်းပကြသည်။
ရေသွန်းသဘင်(သင်္ကြန်းပွဲ) ကျင်းပကြသည်။ ကံ့ကော်ပန်း၊ ရင်ခတ်ပန်းတို့ဖူးပွင့်ကြသည်။
နေ့နှင့်ညနာရီ (၃၀)စီရှိသည်။ မွန်းတည့်ဖ၀ါးမှာ သုံးဖ၀ါးရှိသည်။
““ရာသီပြိဿ၊ ကဆုန်လ၀ယ်၊ မာဃနေငြိမ်၊
ပျော်ရှိန်သဲ့သဲ့၊ ညောင်ရေပွဲဟု၊ ပွင့်မြဲစံကား၊ နှစ်ဖ၀ါးတိ၊ နွားလားဥသဘ၊ တံငှတာရာ၊
သန်းခေါင်မှာတွင်၊ ၀ိသာခါညီ၊ ညဥ့်နာရီတိ၊ ထာဝိသာဖွယ်၊ သုံးဆယ်နှစ်ကျွေ့၊ နာရီစေ့က””
ကဆုန်လသည် ပြီဿရာသီဖြစ်သည်။
ရာသီရုပ်မှာ နွားလားဥသဘရုပ်ဖြစ်သည်။ မာဃနက္ခတ်၊ ၀ိသာခါနက္ခတ်နှင့် တံငှတာရာတို့ထွန်းပကြသည်။
ညောင်ရေသွန်းပွဲကျင်းပသည်။ စံကားပန်းပွင့်သည်။ နေ့နာရီ(၃၂)နှင့် ညနာရီ(၂၈)ရှိသည်။ မွန်းတည့်ဖ၀ါးနှစ်ဖ၀ါးရှိသည်။
““မြူငွေ့မှုန်မှုန်၊ လနယုန်ဝယ်၊ မေထုန်ရာသီ၊
ကိန်္နရီဖိုမ၊ ဇေဋ္ဌသံကြိန်၊ သူရိန်စစ၊ ဥတ်္တရဖလဂုနီ၊ ညဥ့်နာရီတိ၊ ဆ၀ီသတိ၊ ဇောတြိနေး၊ ပန်းမြတ်လေးနှင့်၊
ငွေသွေးစံပယ်၊ ကြယ်ဖွေစံပေး၊ ကေးဝတ်တာရာ၊ ဧကာဖ၀ါး တစ်ပြန်ထားရှင့်””
နယုန်လသည် မေထုန်ရာသီဖြစ်သည်။
ရာသီရုပ်မှာ ကိန္နရီဖိုမရုပ်ဖြစ်သည်။ ဇေဋ္ဌနက္ခတ်၊ ဥတ္တရဖလနီနက္ခတ်နှင့် ကေးဝတ်တာရာတို့ ထွန်းပကြသည်။
ကိန္နရီဖိုမပွဲ ကျင်းပသည်။ စံပယ်ပန်း၊ မြတ်လေးပန်းတို့ ဖူးပွင့်ကြသည်။ မွန်းတည့်ဖ၀ါး
တစ်ဖ၀ါးရှိသည်။ နေနာရီ (၃၄)နှင့် ညနာရီ (၂၆)ရှိသည်။
““၀ါဆိုကရကဋ်၊ နေခြည်ပြတ်က၊ စိတ်တြနှင့်၊
ဒေ၀နတ်စက်၊ ပုန်းညက်ပွင့်မြဲ၊ ပဉ်္စင်းပွဲလျှင်၊ သဲသဲသိမ့်အောင်၊ သန်းခေါင်ချိန်မှန်၊
ပြုပ်္ပါသံနှင့်၊ ဆဒ္ဒန်တာရာ၊ ရုပ်ဝါထူးချွန်၊ လယ်ပုစွန်ဟု၊ ရိပ်မွန်ဖ၀ါး၊ သုညထွက်ကြုံ၊
နာရီဆုန်ရှင်၊ နေ့သုံးဆယ့်ခြောက်၊ညရောက်ဇောပီ၊ ရင့်ကျူးချီ၏။
ဝါဆိုလသည် ကရကဋ်ရာသီဖြစ်သည်။
ရာသီရုပ်မှာ လယ်ပုစွန်ရုပ်ဖြစ်သည်။ စိတြနက္ခတ်၊ ပြုပ္ပါသံနက္ခတ်နှင့် ဆဒ္ဒန်တာရာတို့ ထွန်းပကြသည်။
ပဉ္စင်းခံပွဲကျင်းပသည်။ ပုန်းညက်ပန်းပွင့်သည်။ နေ့နာရီ (၃၆)နှင့် ညနာရီ (၂၄)ရှိသည်။
မွန်းတည့်ဖ၀ါးမှာ သုညဖ၀ါးရှိသည်။ ဤသည်ကို ထောက်ပြီး ရက်္ခိုင်တို့တွင် ““၀ါဆိုခြီအောက်၊
အရိပ်ပျောက်”” ဆိုသော စကားတစ်ရပ်ပေါ်ထွက်လာဟန် တူပါသည်။
““ရာသီထိန်ဆောင်၊ ၀ါခေါင်ဝယ်၊ ဖန်ရောင်ငြိမ်းလာ၊
ဝိသာခါနှင့်၊ ခတ္တာပန်းလှိုင်၊ သန်းခေါင်တိုင်က၊ မြင်းတာရာနှင့်၊ ထွန်းပသရဂ၀ဏ်၊ ရုပ်မွန်ခြင်္သေ့၊
စာရေးတံပွဲ၊ နှစ်ဆယ့်ခြောက်ည၊ ဇရတြိ၊ နေ့ကိန်းနာရီ၊ ကုံညီဖ၀ါး၊ တစ်ပြန်ထားရှင့်””
ဝါခေါင်လသည် သိန်ရာသီဖြစ်သည်။
ရာသီရုပ်မှာ ခြင်္သေ့ရုပ်ဖြစ်သည်။ ၀ိသာခါနက္ခတ်၊ သရ၀ဏ်နက္ခတ်နှင့် မြင်းတာရာတို့ ထွန်းပကြသည်။
စာရေးတံပွဲ ကျင်းပသည်။ ခတ်္တာပန်းပွင့်သည်။ နေ့နာရီ(၃၄)နာရီ၊ ညနာရီ (၂၆)နာရီရှိသည်။
““မှတ်သား မြဲသွင်း၊ တော်သလင်းဝယ်၊
နေမင်းဝင်က၊ မူလနက္ခတ်၊ ရုံးမှတ်ဒေ၀၊ နတ်မိမ္မတိ၊ မွှေးပျရမာ၊ သန်းခေါင်ခါကို၊ ပြုဗ်္ဗဘဒြပိုဒ်၊
ရေ၌သဘင်၊ လှေပွဲဆင်၍၊ မွန်ဖျင်ငြိမ်လစ်၊ သုံးဆယ့်နှစ်တိ၊ နေ့ဖြစ်နာရီ၊ ညဥ့်ထာဝီတိ၊
ရာသီကန်မှ၊ တာရဦးပျိုင်း၊ ရိပ်တိုင်းဖ၀ါး၊ ဒွေးဟုထားရှင့်””
တော်သလင်းလသည် ကန်ရာသီဖြစ်သည်။
ရာသီရုပ်မှာ နတ်မိန်းမရုပ်ဖြစ်သည်။ ပြုဗ္ဗဘဒြပိုဒ်နက္ခတ်နှင့် ဥဗျိုင်းတာရာ တို့ထွန်းပကြသည်။
လှေပွဲသဘင်(ရွှီလွှီတော်ဆင်း၊ ရီခင်းသဘင်) ကျင်းပသည်။ ယင်းမာပန်းပွင့်ရှိသည်။ နေ့နာရီ(၁၂)၊
ညနာရီ (၂၈)ရှိသည်။ မွန်းတည့်ဖ၀ါးနှစ်ဖ၀ါးရှိသည်။
““စည်းလျှားမချွတ်၊ လ၀ါကျွတ်မူ၊ တူရာသီလ၊
နေ့နှင့်ညကို၊ တွက်ဆနာရီ၊ သုံးဆယ်စီတိ၊ သုံရ၀ီဂေါယာ၊ လှည့်ကာကွယ်လွန်၊ သရ၀ဏ်ဟု၊ မိုးစွန်ပြောင်လျက်၊
ညဥ့်နှစ်ချက်ကို၊ ရှည်လျက်ထွန်းပ၊ ကျီတကနှင့်၊ အဿဝနီ၊ တရီဖ၀ါး၊ ငါးပါးကြာပန်း၊ ထူးဆန်းချိန်ခွင်၊
နတ်လျှင်ကိုင်ဟန်၊ သဏ္ဍာန်ရုပ်ကျော့၊ ကန်တော့ပွဲကြီး၊ ဆီမီးမြင်းမိုရ်ရောင်၊ တိုင်းလုံးပြောင်မျှ””
ဝါကျွတ်လသည် တူရာသီဖြစ်သည်။
ရာသီရုပ်မှာ ချိန်ခွင်ကို နတ်သားကိုင်ဟန်ဖြစ်သည်။ သရ၀ဏ်နက္ခတ်၊ အဿဝဏီနက္ခတ်နှင့် ကာက(ကျီး)
တာရာတို့ ထွန်းပကြသည်။ ကန်တော့ပွဲဆီမီးမြင်းမိုရ်ပွဲတို့ ကျင်းပကြသည်။ ကြာမျိုးငါးပါး
ဖူးပွင့်သည်။ နေ့နာရီနှင့် ညနာရီ(၃၀)စီရှိကြသည်။ မွန်းတည့်ဖ၀ါးမှာ (၃)ဖ၀ါးရှိသည်။
““တန်ဆောင်မုန်းချီ၊ ရာသီဗြိစ်္ဆာ၊ ဇရဖ၀ါး၊
ပျော်ပါးမြူးကွန်၊ ကင်းပုစွန်ဟု၊ ပွဲမွန်ကထိန်၊ မာရဇိန်ကို၊ ကောင်းငြိမ်လှူဒါန်း၊ ခ၀ဲပန်းဟု၊
ညဥ့်သန်းယံမှာ၊ ကြတ်္တိကာနှင့်၊ တာရာကက္ကတ၊ ငြိမ်းစနေခြည်၊ တည်သည်နက္ခတ်၊ သတ္တဗီသျှ၊ ချမ်းမြညဥ့်ရီ၊
ပါတီတီ၊ ထာဝီမှန်သော်၊ နေ့ကိန်းခေါ်၏””
တန်ဆောင်မုန်းလသည်
ဗြိစ်္ဆာရာသီဖြစ်သည်။ ရာသီရုပ်မှာ ကင်းပုစွန်ရုပ်ဖြစ်သည်။ သတ်္တဗီသျှနက္ခတ်၊ ကြတ်္တိကာ
နက္ခတ် နှင့် ကက်္ကတတာရာတို့ ထွန်းပကြသည်။
ကထိန်ပွဲကျင်းပကြသည်။ ခ၀ဲပန်းပွင့်သည် နေ့နာရီ(၂၈) ညနာရီ(၃၂)ရှိသည်။ မွန်းတည့် (၄)ဖ၀ါးရှိသည်။
““နတ်တော်မှန်လှ၊ ဟင်းသတာရာ၊ မဟာပိန်းနဲ၊
ဆွဲရထားဝင်၊ ဂမုန်းအင်နှင့်၊ သဇင်ပျံ့သင်း၊ မန်္ဓာန်မင်းတိုင်၊ ပျော်ခင်းဌာန၊ နတ်နှုန်းလှ၏။
ပဉ်္စငါးခု၊ ဖ၀ါးစု၍၊ ဓနုရာသီ၊ သန်းခေါင်ရီက၊ မိဂသီမည်၊ ရောင်ခြည်ရ၀ိန်၊ ဖန်ရှိန်ကွယ်က၊
ဥတ္တရဘဒြပိုဒ်၊ မွန်းဆိုက်တည့်တုန်း၊ ဆယ့်သုံးနှစ်လီ၊ နေ့နာရီကို၊ ညပြီတွက်ရေး၊ သုံးဆယ့်လေးတိ””
နတ်တော်လသည် ဓနုရာသီဖြစ်သည်။
ရာသီရုပ်မှာ မန်္ဓာန်မင်းရုပ်ဖြစ်သည်။ ဥတ်္တရဘဒြပိုဒ်နက္ခတ်၊ မိဂသီနက္ခတ်နှင့်ဟင်္သာတာရာတို့
ထွန်းပကြသည်။ မဟာပိန်္နဲနတ်ရထားဆွဲပွဲ ကျင်းပသည်။ ဂမုန်းပန်း၊ အင်ပန်း၊ သဇင်ပန်းတို့
ဖူးပွင့်ကြသည်။ နေ့နာရီ(၂၆) ညနာရီ(၃၄)ရှိသည်။ မွန်းတည့်ဖ၀ါးမှာ(၅)ဖ၀ါးရှိသည်။
““စဉ်ရှေးပြောဆို၊ လပြာသိုဝယ်၊ ခွာညိုနွယ်ပန်း၊
မကန်းရုပ်လှ၊ မကာရတိ၊ ဖုသျှသန်းခေါင်၊ နေရောင်ပျောက်ပြီ၊ ဘရဏီဟု၊ နာရီတွက်ဖွဲ့၊ သုံးဆယ့်ခြောက်ည၊
ဇနနွေးနေ့၊ ဖ၀ါးနေ့ပျောက်ပြန်၊ ပုစွန်တာရ၊ ရောင်မြလျှံလင်း၊ နေလျှံကင်းက၊ မြင်းခင်းသဘင်
စီရင်ခန့်မြဲ။ ပြာသိုလသည် မကာရရာသီဖြစ်သည်။ ရာသီရုပ်မှာ မကန်းရုပ်ဖြစ်သည်။ ဖုသျှနက္ခတ်၊
ဘရဏီနှင့် ပုစွန်တာရာတို့ ထွန်းပကြသည်။ မြက်ခင်းသဘင်ကျင်းပသည်။ ခွာညိုပန်းနှင့် နွယ်ပန်းမျိုးစုံဖူးပွင့်ကြသည်။
နေ့နာရီ(၂၄)နာရီ၊ ညနာရီ (၃၆)နာရီရှိသည်။ မွန်းတည့်ဖ၀ါး(၆)ဖ၀ါးရှိသည်။
““တပို့တွဲဝယ်၊ ပေါက်လေး၊ ဆူးပန်း၊
ညဥ့်သန်းချိန်ကျ၊ ကြယ်မာဃနှင့်၊ တာရချိန်စင်း၊ နေမင်းဝင်ရီ၊ ရောဟဏီတိ၊ နာရီတိဝ၊ ဆနွေးချမှ၊
ဇရတြိန်း၊ နေ့ကိန်းနာရီ၊ ကုံရာသီဟု၊ လှူကောင်းမှုဖြင့်၊ ရာကုမီးဖုန်း၊ တိုင်းလုံးလျှံဖြိုး၊
ကြာသွတ်အိုးနှင့်၊ ကြာမျိုးစိုက်ထူ၊ ပဉ္စဖ၀ါး””
တပို့တွဲလသည် ကုံရာသီဖြစ်သည်။
ရာသီရုပ်မှာ ကြာပင်စိုက်ဟန်ဖြစ်သည်။ ရောဟဏီနက္ခတ်၊ မာဃနက္ခတ်နှင့် ချိန်စင်းတာရာတို့
ထွန်းပကြသည်။ (တာရာအနေဖြင့် ““ချိန်စင်း””ဟူ၍တွေ့ရပါသည်။ ““ချိန်ခွင်”” တာရာလော့ဟု
ယူဆမိပါသည်)။ ယာဂုပွဲ၊ မီးပုံကြာသွတ်အိုးပွဲတို့ ကျင်းပကြသည်။ ပေါက်လေးပန်း၊ ဆူးပန်းအမျိုးမျိုးတို့
ဖူးပွင့်ကြသည်။ နေ့နာရီ(၂၆)၊ညနာရီ(၃၄)ရှိသည်။ မွန်းတည့်ဖ၀ါး (၅)ဖ၀ါးရှိသည်။
““ယူသွားဆောင်ယောင်း၊ လတပေါင်းဝယ်၊
ချိန်မောင်းရိုက်ချီး၊ နှစ်ယံတီးက၊ ချိန်တူလနှင့်၊ ဥတ္တရဖလဂုနီ၊ ညနာရီဟု၊ နာရီတွက်စစ်၊
နှစ်ဆယ့်ရှစ်ကို၊ နေ့ဖြစ်မှန်လှ၊ ဒွေးတိညတိ၊ ဇရာဘ၀ါး၊ ရုပ်ထားမလွတ်၊ ငါးခြင်းပွတ်ဟု၊
ပွင့်ဝတ်သရဖီ၊ အညီအင်းကြင်း၊ နေလျှံကင်းက၊ ဟဿဒတိ၊ များလှအညီ၊ သဲစေတီကို၊ မြှောက်ချီရွှင်ပျ၊
လှူဒါန်းကြရှင့်””
တပေါင်းလသည် မိန်ရာသီဖြစ်သည်။
ရာသီရုပ်မှာ ငါးကြင်းရုပ်ဖြစ်သည်။ ဥတ်္တရဖလနက္ခတ်၊ ဟာဿဒနက္ခတ်နှင့် တူလာခေါ် ချိန်ခွင်တာရာတို့
ထွန်းပကြသည်။ သံစေတီပွဲကျင်းပသည်။ သရဖီပန်း၊ အင်းကြင်းပန်းတို့ ဖူးပွင့်ကြသည်။ နေ့နာရီ(၂၈)၊
ညနာရီ(၃၂)ရှိသည်။ မွန်းတည့်ဖ၀ါးမှာ (၄)ဖ၀ါးရှိသည်။
ဤဧကပိုဒ်ရတုကို ဆန်းစစ်ကြည့်ပါက
မြောက်ဦးခေတ်၏ ဗေဒင်ပညာ၊ နက္ခတ်ပညာ၊ ကဗျာ့စွမ်းရည်နှင့် ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများကို
ကွက်ကွက်ကွင်းကွင်းမြင်တွေ့ရပေမည်။ ဗေဒင်ပညာအရ နေ့ညအချိန်နာရီနှင့် မွန်းတည့်ဖ၀ါးတို့ကို
အတိအကျ ဖော်ညွှန်းထားသည်ကို တွေ့ရပါသည်။ နက္ခတ်ပညာအရ လစဉ်နက္ခတ်တာရာတို့၏ လှည့်ပတ်သွားလာနေကြပုံ၊
သူ့ရာသီအလိုက် ထွန်းပကြသော နက္ခတ်တာရာများကိုပါ ထည့်သွင်းသီကုံးထားပါသည်။
ရာသီအလိုက် သရုပ်ဖော်ထားသော
ရာသီရုပ်ပြသဏ္ဍာန်များမှာလည်း တစ်မူထူးခြားနေပေသည်။ ဤဧကပိုဒ်ရတုထဲတွင် ပါဝင်သော ရာသီရုပ်များမှာ
တခြားလူမျိုးများနှင့်တူညီသော ရုပ်သဏ္ဍာန်များပါရှိသလို မတူညီသော ရုပ်သဏ္ဍာန်များကိုလည်း
တွေ့ရသည်။ သို့သော် မြောက်ဦးခေတ်တွင် ရေးသားပြုစုသော ရက်္ခိုင်တို့၏ “ဗြူဟတ်ကျမ်း””လာ
ရာသီရုပ်များနှင့်မူ တစ်သဝေမတိမ်း တူညီနေသည်ကို တွေ့ရပါသည်။ ဝေသာလီမြို့ဟောင်းတစ်နေရာမှ
ပေါ်ထွက်လာသည့်(၁၂)လရာသီစက် ကျောက်ပြားငယ်တွင် ပါရှိသော ရာသီရုပ်များနှင့်မူ အနည်းငယ်လွဲချော်နေသည်များကို
တွေ့ရပြန်ပါသေးသည်။
ဤသို့သော မတူညီသော
ရာသီရုပ်များးကိုမူ ဤဆောင်းပါး၌ ရှည်သွားမည်စိုး၍ မတင်ပြနိုင်တော့ပါ။ အခါအခွင့်ကြုံပါကသီးခြားတင်ပြမည်ဟု
ဆန္ဒပြုထားပါသည်။
စာဆိုသည် ရာသီလိုက်ကျင်းပလေ့ရှိသော
ပွဲတော်များကို ဖော်ပြရာ၌ အချို့သော ပွဲလမ်းသဘင်များကို ရှင်းလင်းရန်လိုအပ်မည်ထင်ပါသည်။
ယင်းတို့မှာ တန်ခူးလတွင် ကျင်းပသော လှေပြိုင်ပွဲ၊ ကဆုန်လ ကျင်ပွဲ၊ တန်ဆောင်မုန်းလ သင်ပုတ်ဆွမ်းတင်ပွဲနှင့်
တပို့တွဲလ ရထားပွဲတို့ ဖြစ်ကြသည်။
ပွဲလမ်းသဘင်များအနက်
အချို့သော ပွဲလမ်းသဘင်များကို ရှင်းလင်းရန် လိုအပ်မည်ထင်ပါသည်။ ယင်းတို့မှာ တန်ခူးလတွင်
ကျင်းပသော လှေပြိုင်ပွဲနှင့် ဤရတု၌ တော်သလင်းလတွင် ဖော်ပြထားသော ““ရေနှိုက်သဘင် လှေပွဲဆင်””
ဟူသော လှေပွဲ၊ တပို့တွဲလတွင် ကျင်းပသော ရထားပွဲနှင့် ဤရတု၌ နတ်တော်လတွင် ဖော်ပြထားသော
““မဟာပိန်္နဲ၊ ဆွဲရထားငင်”” ဆိုသော ရထားပွဲတို့ဖြစ်ပေသည်။ ဤပွဲတော်များမှာ တူသယောင်ယောင်နှင့်
ကျင်းပကြသော လရာသီများ လွဲမှားနေကြသယောင်ယောင် သံသယဖြစ်နိုင်စရာ အကြောင်းရှိနေခြင်းတို့ကြောင့်
ဖြစ်ပေသည်။
တန်ခူးလတွင် ကျင်းပလေ့ရှိသော လှေပြိုင်ပွဲနှင့်ပတ်သက်၍
ရက်္ခိုင်စာဆို ဥက်္ကာပျံ၏ သျှိုးလိုက်ရတုပိုဒ်တွင်....
““များစွာရွှီလှီလောင်း၊ သိင်္ဃနဒီ၊ နန်းတောဆီဝယ်၊
ရွှိလှီမင်းဆိပ်ချောင်း၌၊ တသောင်းသောင်း ပျော်ချိန်တွင်၊ တူစုံရှု
ကြည့်ချင်သည်၊ သင်္ကြန်အခါမြတ်တည့်လေ””
ဟူ၍တွေ့ရပါသည်။
ဤအချက်ကိုထောက်ပါက
ရက်္ခိုင်ဒေသများ၌ တန်ခူးလတွင် လှေပြိုင်ပွဲများ ကျင်းပခဲ့သည်မှာ ထင်ရှားနေပေသည်။
သို့သော် ဤလှေပြိုင်ပွဲမှာ
တော်သလင်းလတွင် ကျင်းပသော လှေပြိုင်ပွဲနှင့် တူညီမှုမရှိပေ။ အဘယ်ကြောင့်ဆိုသော်တန်ခူးလတွင်
ကျင်းပသော လှေပြိုင်ပွဲသည် ပြည်သူလူထုတစ်ရပ်လုံးက ရပ်ကွက်လိုက်ပါဝင်ပြီး ယှဉ်ပြိုင်ရသော
လှေပွဲသဘင်သာ ဖြစ်ပေသည်။ တော်သလင်းလတွင် ကျင်းပသော လှေပြိုင်ပွဲမှာမူ မင်းညီမင်းသား
နန်းတွင်းသူ နန်းတွင်းသားများသာ ပါဝင်ယှဉ်ပြိုင်ပျော်ပါးခွင့်ရကြသော လှေပြိုင်ပွဲ““ရွှီလှီတော်ဆင်း၊
ရီခင်းသဘင်”” သာဖြစ်သောကြောင့်တည်း။
တပို့တွဲလတွင် ကျင်းပလေ့ရှိသော
ရထားပွဲကို စာဆိုဥက်္ကာပျံ၏ သျှိုးလိုက်ရတုတစ်ပိုဒ်တွင်.....
““ကုံရာသီလွဲ၊ တပို့တွဲသည် လွမ်းဖွယ်ပင်၊
ပျော်ရွှင်လူ့ရပ်မြေ၊ ရထားသဘင်၊ နှစ်စဉ်ငင်သည်၊ သောင်းခွင် ဤလူ့ပြည်
ထက်””
ဟူ၍လည်းကောင်း၊ မြောက်ဦးခေတ် သာခြင်းတစ်ပုဒ်တွင်....
““ပြာသိုလဲပွဲ၊ တပို့တွဲမှာ၊ မီးပွဲမယေသဘင်၊
ရထားငင်ကေ၊ ပျော်ရွှင်သောင်းသဲ””
ဟူ၍လည်းကောင်း ရေးစပ်သီကုံးထားကြသည်များကို
တွေ့ရပေသည်။
ဤအချက်ကိုထောက်ပါက
တပို့တွဲလတွင် ရထားပွဲဆင်နွှဲသည်မှာ သံသယဖြစ်စရာအကြောင်းမရှိပေ။ သို့သော် ဤရထားပွဲသည်
ဤရတုတွင် နတ်တော်လ၌ ဖော်ပြထားသော ရထားပွဲနှင့် လုံးဝတူညီမှုမရှိချေ။ အဘယ့်ကြောင့်ဆိုသော်
တပို့တွဲလတွင် ကျင်းပသော ရထားပွဲနှင့်တစ်ဖက်နှင့်တစ်ဖက် သူနိုင်ငါနိုင် အပြိုင်ဆွဲပွဲ(၀ါ)
ရထားငင်ပွဲဖြစ်သည်။ နတ်တော် လတွင် ကျင်းပသော ပွဲမှာမူ မဟာပိန္နဲနတ်ရုပ်ကြီးကို ရထားတင်ပြီး
မြို့ကိုလှည့်ပတ်၍ ““မဟာပိန္နဲ ဆွဲရထားငင်”” ဟူ၍
တွေ့ခဲ့ကြရပေလိမ့်မည်။
ရက်္ခိုင်ဒေသများ၌
ရာသီအလိုက် ကျင်းပသော ပွဲလမ်းသဘင်များမှာ အပျော်သက်သက် ကျင်းပခြင်းမျိုးမဟုတ်ဘဲ၊ ဘာသာရေး၊
နိုင်ငံရေး၊ လူမှုရေး၊ စစ်ရေး၊ ကျန်းမာရေးစသည့်အချက်အလက်များပေါ်တွင် များစွာအခြေတည်ကြောင်းကိုလည်း
သိရှိရပါသည်။
ဤ(၁၂)ရာသီဖွဲ့ ဧကပိုဒ်ရတုသည်
သုတေသီများအဖို့လည်းကောင်း အထောက်အကူဖြစ်လိမ့်မည်ဟု မျှော်လင့်မိပါသည်။ အနာဂတ်ရက်္ခိုင်မြေ၌ ဤကဲ့သို့သော
ယဉ်ကျေးမှုရတနာအမြုတေ ပန်းကလေးများ ဖိတ်ဖိတ်လက်တောက်ပနေကြဦးမည်။ အသစ်အသစ်ပန်းကလေးများ
ဖူးပွင့်လာကြဦးမည်။ ရာသီပွဲတော်များဖြင့် ခြိမ့်ခြိမ့်သဲမျှ စည်ကားလာဦးမည်ဆိုပါက
ဝမ်းသာအားရ ပီတိသောမနဿဖြစ်ရမည်သာတည်း။
မောင်ထွန်းတင်(မြောက်ဦး)
No comments:
Post a Comment