ဂြိုဟ်လေးတွေ ဘယ်လိုသွား

ဂြိုဟ်တွေ ဒီနေ့ဘယ်မှာနေ . .

Thursday, August 16, 2012

သစ္စာခံ ဆန်းကျမ်း ဗေဒင် ပညာ (အပိုင်း-5)


ဆန်းနိမိတ်အကြောင်း
            ဤဗေဒင်ပညာသည် ကိန်းနှင့် နိမိတ်ကို ခွဲခြားဟောပြောရသော ပညာဖြစ်သောကြောင့် ကိန်းအတိုင်း ဆန်းဝင်သည့် နိမိတ်များ ပေါ်ပေါက်လျှင် အကြောင်းခံရှိ၍ အကျိုးသက်ရောက်မှုများ ပေါ်ပေါက်လာတော့မည်ကို ကြိုတင် သိရှိထားရမည်။
            ကောင်းသောဌာနမှ ပြသောနိမိတ်သည် ဇာတာရှင်အတွက် ကောင်းကျိုးဖြစ်စေမည့် နိမိတ်ဖြစ်၍ ဆိုးသောဌာနမှ ပြသောနိမိတ်သည် ဇာတာရှင်အတွက် ဆိုးကျိုးဖြစ်စေမည့် နိမိတ်ပင် ဖြစ်လေသည်။
            သက်ရောက်သော ဂြိုဟ်ဖြစ်စေ၊ ဒသာဂြိုစ်ဖြစ်စေ ၎င်းဂြိုဟ်သည် ကောဇာတိုင်မှ ကောင်းသော အထက်ဂြိုဟ်မှ ထူထားသော သက်ရောက်တိုင်၊ ဒသာတိုင် စသည်တို့သည် ကောင်းသောဌာနများမှသာ နိမိတ်ပြလိမ့်မည်။ (တိုင်ထိပ်၊ တန်းစီး၊ တန်းကပ်= ကောင်းသောဌာနများ)
            ကောဇာတိုင်တွင် သက်ရောက်ဒသာ စသည့်ဂြိုဟ်များမှာ အောက်ဂြိုဟ်များ ဖြစ်ကြလျှင် ထူထားသောတိုင်တွင် မကောင်းသောဌာနမှသာ နိမိတ်ပြလိမ့်မည်။ (ပြ၊ တိက္ခနိစ်၊ မန္ဒနိစ်)
            ကောင်းသောဌာနမှာ နောက်ကကပ်သောဂြိုဟ်သည် (အကြောင်းနိမိတ်)ဖြစ်၍ အဓိကဂြိုဟ်သည် (အကျိုးတရား) ဖြစ်လိမ့်မည်။
            မကောင်းသောဌာနမှာ ဂြိုဟ်တို့ကို ၀ိပရိတ်ပြန်ပြီးသည့် အချက်သည် (အကြောင်းနိမိတ်) ဖြစ်၍ နဂိုမူလ အမြင်အတိုင်းသည် (အကျိုးတရား) ဖြစ်လိမ့်မည်။








            အကြောင်းနိမိတ်ပေါ်မှသာ အကျိုးတရားအဖြစ်များသည် မုချ ပေါ်ပေါက်ဖြစ်ပျက်ရ၏။ ဤကောင်းသောဌာနမှ ပြမည့်နိမိတ်မှာ စနေဂြိုဟ်သည် (အကြောင်းနိမိတ်) ထို့ကြောင့် စနေဂြိုဟ်ကိုကြည့်လျှင် ကြာသပတေးဂြိုဟ်က ကပ်လျှက်ရှိသည်။ ထို့ကြောင့် (ဓမ္မာ) သက်ရှိ စနေဂြိုဟ်ဖြစ်သည်။ ရန်တွင် အထက်ဂြိုဟ်ကပ်၍ မုဆိုးဖို။ (သောကြာဂြိုဟ် သက်ရောက်ဒသာတိုင်)
            ထို့ကြောင့် ဤဇာတာတွင် ဦးစွာနိမိတ်အဖြစ် ဇာတာရှင် ကြာသပတေးဂြိုဟ်၏ မျက်နှာချင်းဆိုင်အိမ်တွင် (မွေးနံ ကြာသပတေးဂြိုဟ်နှင့် မျက်နှာချင်းဆိုင် တည်ရှိသော စနေဂြိုဟ်) အဝေးရပ်မှ စနေဂြိုဟ်နာမည်မှည့်ခေါ်သော လူမျိုးကွဲလူစိမ်း မုဆိုးဖို ယောက်ျားတစ်ဦး ရုတ်တရက် အကြောင်းမကြားဘဲ (တိုင်ထိပ်သဘာဝ) ၀င်ရောက်လာသော နိမိတ်ကို တွေ့လျှင် (အကြောင်းတရား) . ..
            (အကျိုးတရားအဖြစ်) ကြာသပတေးဂြိုဟ်ကို စနေဂြိုဟ်ကပ်၍ (သက်မဲ့ ကြာသပတေးဂြိုဟ်)၊ အောက်ဂြိုဟ် စနေဂြိုဟ်ကပ်၍ အကောင်းအား ၁မတ်ဖိုးသာရှိသော ကြာသပတေးဂြိုဟ် (မီးဂြိုဟ်စနေဂြိုဟ်ကပ်၍) မီးဖိုတစ်လုံး မမျှော်လင့်ဘဲ အခမဲ့ပေး၍ ၀င်လာမည်။ (တနည်း) မီးဖိုအဟောင်းကို ငွေကြေး အမြတ်အစွန်းနှင့် ရောင်းချရမည်။ ၀ယ်သူပေါ်မည်။ အကျိုးအားဖြင့် ၁မတ်ဖိုး ကောင်း၏။ (၄ မတ်ကောင်းသော ဌာနတွင် ၃မတ်ဆိုးသော ဂြိုဟ်ကပ်သောကြောင့် ကောင်းအား ၁မတ်မျှသာ ရှိသည်။)
            ကပ်ဂြိုဟ်နှင့် အပြန်အလှန် (အကြောင်းနှင့်အကျိုး) ယူဆပုံကို သဘောပေါက်ပါလေ။
            ကြာသပတေးဂြိုဟ်ကို စနေဂြိုဟ်ကပ်သကဲ့သို့ အကြောင်းနိမိတ်ယူသောအခါ၌ စနေဂြိုဟ်ကိုလည်း ကြာသပတေးဂြိုဟ် ပြန်၍ ကပ်လေသည်။
မှတ်ချက်            ။ အကြောင်းနိမိတ် ပြသည့်နေရာမှာ မွေးနံဂြိုဟ်ကို ဇာတာရှင်၏ နေအိမ်ဟု ယူဆ၍ ဟောလိုရာဂြိုဟ်သည် တစ်လုံးကျော်၌ ရှိလျှင် အောက်ကို ခြေရင်း၊ မျက်စောင်းထိုး တစ်အိမ်ကျော်၊ အထက်တွင်ရှိလျှင် ခေါင်းရင်း မျက်စောင်းထိုး တစ်အိမ်ကျော် စသည်ဖြင့် ဌာနကို ယူရမည်။
အင်္ဂါဂြိုဟ် တန်းစီးဌာနအကြောင်း ဟောရန်အတွက် အကြောင်းနိမိတ်မှာ . . .
            အင်္ဂါဂြိုဟ်သည် မွေးနံ ကြာသပတေးဂြိုဟ်မှ အောက်တစ်လုံးခြားတွင် ရှိသဖြင့် ဇာတာရှင်၏ ခြေရင်းဘက် တစ်အိမ်ကျော် မျက်နှာချင်းဆိုင်အိမ်တွင် ဇာတာရှင်ကိုယ်တိုင် မြင်တွေ့သိရှိရသော ထင်ရှားသည့် (အကြောင်းတရားနိမိတ်များ) ပေါ်လာလျှင် ဇာတာရှင်မှာ (တန်းစီးအင်္ဂါဂြိုဟ်ကို ကြာသပတေးဂြိုဟ် ကပ်ခြင်းဆိုင်ရာ အကျိုးတရား)များကို မုချ ကြုံတွေ့ရပေလိမ့်မည်။ အကြောင်းနိမိတ်ခံကို တွေ့ပြီးမှ အကျိုးဖြစ်ရမြဲကို သတိချပ်ရမည်။
            အင်္ဂါဂြိုဟ်ကို ဟောရန်အတွက် နိမိတ်မှာ ကြာသပတေးဂြိုဟ်ကို အင်္ဂါဂြိုဟ်ကပ်လျှက်ရှိသည်။ (၅-၃) ပန်းစိန် သက်ရှိ။ (၅-၃)သည် မိတ်ပျက်ရန်။ ကပ်သော အင်္ဂါဂြိုဟ်မှာ ကောဇာတွင် ကိစ္ဆ (အောက်ဂြိုဟ်)ဖြစ်၍ တိရစ္ဆာန်။ အင်္ဂါဂြိုဟ်ကပ်ဂြိုဟ်သည် လေဂြိုဟ်ဖြစ်၍ (စရေ)။ ၅-၃ သည် သောမနှင့် ပါပ ဖြစ်၍ တစ်ခြားသောအရပ်။ ကြာသပတေးဂြိုဟ်သည် အင်္ဂါဂြိုဟ်ကပ်၍ အဆိပ်ရှိသော လေထဲမှာ ကျက်စားသော သတ္တ၀ါ။
            ထို့ကြောင့် ဇာတာရှင်၏ ခြေရင်းဘက် တစ်အိမ်ကျော်မှ မျက်နှာချင်းဆိုင်အိမ်၊ သစ်ပင်စသည်တို့တွင် တခြားသောအရပ်မှလာသော ပျားသတ္တ၀ါ၊ ပျားအအုံဖွဲ့၍ ၀င်လာမည်။ (၀ါ) ပျားစွဲမည်။ ဤအကြောင်းနိမိတ်ကို ဇာတာရှင် တွေ့ပြီး မကြာမီ၌ အောက်ပါ ၃-၅ တန်းစီးဌာန ပရိယာယ် သဘောများ အကျိုးဆက်အဖြစ် မုချဝင်လာဖြစ်ကြုံမည်ဟု ဟောရမည်။
Ø  ၃-၅ စိန်ပန်း မိတ်။ သက်မဲ့ အင်္ဂါဂြိုဟ်။ ပါပ-သောမ ဖြစ်၍ တစ်ပါးသော အရပ်။ လူမျိုးကွဲ
Ø  ကပ်ဂြိုဟ် ကြာသပတေးဂြိုဟ်သည် ကောဇာတိုင်တွင် အထက်ဂြိုဟ် (လာဘ)
Ø  တန်းစီးဌာန ၃မတ်ကောင်းသော ဌာနတွင် ကပ်ဂြိုဟ်လာဘ ၂မတ်ကောင်း၍ ၅မတ်ဘိုး ကောင်းသော သက်မဲ့ အင်္ဂါဂြိုဟ် ဖြစ်သည်။
ထို့ကြောင့် အထက်ပါ ပျားစွဲသော နိမိတ်ကို မြင်ပြီးမှ ဇာတာရှင်သည် အခြားသော မြို့ရွာမှ စက်ဘီး၊ စက် စသည် တန်းဘိုးရှိသော အင်္ဂါဂြိုဟ် သက်မဲ့ပစ္စည်း ၀င်လာမည်။ အကျိုးပြုစေမည်။ ကောင်းနိမိတ်ခံ၍ ၀င်လာလျှင် ကံကောင်းသော ၀င်ခြင်းသာ ဖြစ်၏။
မကောင်းသောဌာနတို့မှ ပြသည့် နိမိတ်များမှာ
(ကျား)






ကောဇာ

သက်ရောက်

ဥပဒေသ . . .
Ø  နိစ်နှင့်ပြတို့မှ မျက်မြင်အတိုင်း ဂြိုဟ်တို့ကို အလုံးစုံ ၀ိပရိတ်ပြန်ပြီး သတ်မှတ်ရမည်။ ၎င်းဝိပရိတ် ပြန်ပြီးသားသည် နိမိတ်ဖြစ်၍ “မျက်မြင်အတိုင်း”သည် အကျိုးအဟောများ ဖြစ်တော့သည်။ (ထွက်ခြင်း၊ ပျက်ခြင်း၊ နစ်နာခြင်း အဟောများကို ဟောရသည်။)
Ø  မွေးနံဂြိုဟ်သည် နိစ်နှင့်ပြ ဌာနများတွင် တည်ရှိသောအခါ ဌာန (၇) ပါးလုံးရှိ ဂြိုဟ်တို့ကို အားလုံးပင် ၀ိပရိတ်ပြန်ခြင်းသည် နိမိတ်ဖြစ်၍ မျက်မြင်အတိုင်းသည် အကျိုးတရား ဖြစ်လေသည်။
အထက်ပါတိုင်ကို ကြည့်လျှင် . . .

မျက်မြင် ၆-၎
Ø  ပြဌာနတွင် ရှိ၏။ သေ၀ံ ဓါတ်ပျက်ရန်။ သက်မဲ့။ ၀ိပရိတ်ပြန်သော် မိတ်။ သက်ရှိ။
Ø  ကပ်သော ဗုဒ္ဓဟူးဂြိုဟ်သည် အောက်ဂြိုဟ်ဖြစ်၍ ၀ိပရိတ်ပြန်သော် အထက်ဂြိုဟ်။ အပျိုလူပျို။ ကျားဖြစ်သောကြောင့် “မ” ဟုပြန်၍ယူ (အပျို)
Ø  သောမချင်းဖြစ်၍ အနီးအနား၊ အတူနေ၊ ၀ိပရိတ်ပြန်သော် အဝေး အခြားအရပ်။
Ø  ကပ်ဂြိုဟ် ဗုဒ္ဓဟူးဂြိုဟ် (၀ံသေ)ရေဂြိုဟ်ဖြစ်၍ ၀ိပရိတ်ပြန်သော် မီးဂြိုဟ်
ထို့ကြောင့် ကြာသပတေးဂြိုဟ်၏ အိမ်ခေါင်းရင်းဘက်ရှိ မိန်းမပျိုတစ်ဦးသည် အဝေးအရပ်သို့ မီးရထား(မီး)ဖြင့် ထွက်သွားခြင်း (သို့မဟုတ်) ဇာတာရှင်နှင့် ပဋိပက္ခဖြစ်ခြင်း၊ ဖျားနာထိခိုက်ခြင်း (ပြသဘော) တို့ကို ကြားသိတွေ့မြင်ရသော နိမိတ်များ ပေါ်ပေါက်လျှင် . . .
ဇာတာရှင် ကြာသပတေးဂြိုဟ်၏ အိမ်တွင်းမှ သွပ်၊ သံ၊ သစ် စသည်ဖြစ်စေ။ သောကြာဂြိုဟ် ပရိယာယ် ရေအိမ်သာခန်း၊ နောက်ဖေး၊ အဖီခန်းများ ပျက်ခြင်း ပြိုခြင်းတို့ ဖြစ်လိမ့်မည်။
ဤနေရာ၌ အလုံးစုံ မျက်မြင်မှ ၀ိပရိတ်ပြန်ခြင်းသည် အကြောင်းနိမိတ်။ နဂိုအရှိအတိုင်းသည် အကျိုးအဟောများ ဖြစ်ပါသည်။

ဆန်းကျင်မှုနှင့် ၀ိသေသ အဟောများ
တနင်္ဂနွေဂြိုဟ်
            မကောင်းသောဌာန၌ တနင်္ဂနွေဂြိုဟ်ကို အင်္ဂါဂြိုဟ်ကပ်၍ ၎င်းအင်္ဂါဂြိုဟ်မှာ ဆန်းကျင်သော် အင်္ဂါဂြိုဟ်မစုံသူ ဖွားမြင်မည်။ (မူလ အင်္ဂါဂြိုဟ်က အထက်၊ ကောဇာ အင်္ဂါဂြိုဟ်က အောက်ဖြစ်လျှင် ဇာတာရှင် နေရာအိမ်၌ . . .။ မူလ အင်္ဂါဂြိုဟ်ကအောက်၊ ကောဇာအင်္ဂါဂြိုဟ်က အထက်ဖြစ်လျှင် ဇာတာရှင်၏ အိမ်နှင့် အနီးအနား ကပ်လျှက်အိမ်တွင် . . .)
            မကောင်းသောဌာန၌ တနင်္ဂနွေဂြိုဟ်ကို မည်သည့်ဂြိုဟ်မဆို ကပ်၍ သက်မဲ့ဖြစ်လျှက် ဆန်းကျင်သော် အိမ်တွင်း အင်းမြှုပ်ထားခြင်းခံရခြင်း၊ အင်းတိုက် အခိုက်မိခြင်းများ ဖြစ်မည်။
            ကောင်းသောဌာန၌ တနင်္ဂနွေဂြိုဟ်ကို အကြီးစား ဆန်းကျင်ဂြိုဟ် ကပ်သော် အိမ်ဆောက်သော် အပြီးမသတ်ခြင်း၊ ၀ယ်လျှင် ပျက်စီးပြီးမှ ရခြင်း၊ ထိခိုက်ခြင်းများ ဖြစ်မည်။
            ကောင်းသောဌာန၌ တနင်္ဂနွေဂြိုဟ်ကို အင်္ဂါဂြိုဟ်ကပ်၍ ဆန်းကျင်လျှင် အမွှာပူးမွေးဖွားမည်။

တနင်္လာဂြိုဟ်
            ပြတွင်နေသော တနင်္လာဂြိုဟ်ကို တနင်္လာဂြိုဟ်ကပ်၍ ဆန်းကျင်သော် မိန်းမဖြစ်က ကားတိုက်ခြင်း၊ ကားမှောက်ခြင်း အကြောင်းနိမိတ်ကိုတွေ့ပြီး ငွေလိမ်ခံရခြင်း၊ ကျောက်လိမ်ခံရခြင်း၊ ကြွေးအမှုပေါ်ခြင်း ဖြစ်မည်။
            မကောင်းသောဌာနတွင် တနင်္လာဂြိုဟ်ကို ဗုဒ္ဓဟူးဂြိုဟ်က ဆန်းကျင်၍ ကပ်သော် ဂ၀ံရုပ် ၀င်လာမည်။ အစီအရင်မကင်းသော နိမ့်ကျသည့် အရုပ်များ ၀င်လာမည်။
            တနင်္လာဂြိုဟ်သည် ပြတွင်နေပြီး တနင်္လာဂြိုဟ် ဆန်းကျင်ပြီး ကပ်ပါက ယောက်ျားဖြစ်လျှင် ငွေကြေး အမှုအခင်းဖြစ်ခြင်း အကြောင်းနိမိတ်ကို တွေ့ပြီး ကားတိုက်ခံရတတ်သည်။ ခြေကျိုးရတတ်သည်။

အင်္ဂါဂြိုဟ်
            ဇာတာရှင်၏ အိမ်တွင် ကိုယ်ဝန်ဆောင် မိန်းမရှိပြီး အင်္ဂါဂြိုဟ်ကို တနင်္ဂနွေဂြိုဟ်က ဆန်းကျင်၍ ကပ်လျှင် (ကောင်းသောဌာန၌) အမွှာပူး ခလေးမွေးမည်။
            မကောင်းသောဌာနတွင် အင်္ဂါဂြိုဟ်ကို သက်ရှိအဖြစ် မည်သည့်ဂြိုဟ်မဆိုကပ်လျှက် ဆန်းကျင်ခဲ့သော် အင်္ဂါဂြိုဟ်ချို့ယွင်းသူ (သို့မဟုတ်) အောက်လမ်းပညာသည်၊ စုန်းမ၊ စုန်းပညာသည် ရှိသည်။ ၀င်ထွက် သွားလာ ဆက်ဆံမှုရှိသည်။ မကောင်း။
မကောင်းသောဌာနတွင် အင်္ဂါဂြိုဟ်ကို သက်မဲ့အဖြစ် မည်သည့်ဂြိုဟ်မဆိုကပ်လျှက် ဆန်းကျင်ခဲ့သော် အစာမိခြင်း၊ ဆေးမိခြင်း၊ ဆေးထိုးမှားခြင်း၊ အဆိပ်သင့်ခြင်းများ ဖြစ်တတ်သည်။

ဗုဒ္ဓဟူးဂြိုဟ်
            ပြဌာနတွင် ဗုဒ္ဓဟူးဂြိုဟ်တည်ပြီး ဗုဒ္ဓဟူးဂြိုဟ်က ဆန်းကျင်၍ ကပ်သော် လှည်းပျက်ကို လှည်းပေါ်တင်ခြင်း၊ လှေပျက်ကို လှေပေါ်တင်ခြင်း စသော သက်မဲ့အပျက်နိမိတ်ကို တွေ့ပြီးလျှင် သူတစ်ပါး လက်ချက်ကြောင့် သေကြေပျက်စီးတတ်သည်။ (အကြီးစား ဆန်းကျင်လျှင် သေနိုင်၍ အလတ်စား ဆန်းကျင်လျှင် သေလောက်အောင် အနာတရ ဖြစ်တတ်သည်။ မူလတိုင်က ဇေယျ၊ ကောဇာတိုင်က ကိစ္ဆ အကြီးစားဆန်းကျင်လျှင် လူသတ်ခံရတတ်ခြင်း၊ မူလတိုင်က ကိစ္ဆ ကောဇာတိုင်က ဇေယျ အဖြစ် ဆန်းကျင်လျှင် မိမိရောဂါနှင့် သေကြေတတ်သည်။
            မကောင်းသောဌာနတွင် ဗုဒ္ဓဟူးဂြိုဟ်တည်၍ ရေဂြိုဟ်ကပ်ပြီး မျက်မြင်သက်ရှိဖြစ်ခြင်း၊ ဆန်းကျင်၍ ကပ်ခြင်း၊ လေဂြိုဟ်မီးဂြိုဟ်ကပ်၍ ၀ိပရိတ်ပြန်မှ သက်ရှိဖြစ်ခြင်း၊ ဆန်းကျင်ခြင်းများကို တွေ့သော် အိမ်ပေါ်အိမ်နားတွင် ရေနစ်သေသူ၊ ရင်ခွဲရသူ၊ ၀မ်းရောဂါဖြစ်သူ၊ ၀က်ရူးပြန်သူ ရှိမည်။ မွေးနံဂြိုဟ် ဆိုးအားရှိလျှင် ကိုယ်တိုင်ဖြစ်မည်။
            မကောင်းသောဌာနတွင် ဗုဒ္ဓဟူးဂြိုဟ်တည်၍ တနင်္လာဂြိုဟ်ကပ်ခြင်း ဆန်းကျင်ခြင်း (တန်းအောက်နိစ်များတွင် ၀ိပရိတ်ပြန်မှ သက်မဲ့ဖြစ်ခြင်း) ကို တွေ့လျှင် လူခြောက်မွေးခြင်း၊ ဇာတာရှင်၏ အိမ်ပေါ်အိမ်နားတွင် တစ်ခုခု တွေ့ရမည်။

ကြာသပတေးဂြိုဟ်
            မကောင်းသောဌာနတွင် ကြာသပတေးဂြိုဟ်တည်၍ စနေဂြိုဟ်ကပ်ခြင်း၊ စနေဂြိုဟ်ကို ကြာသပတေးဂြိုဟ်ကပ်ခြင်း၊ ကပ်ဂြိုဟ် ဆန်းကျင်ခြင်းကို တွေ့လျှင် အိမ်နောက်ဖေး တောင်ပို့ပေါက်ခြင်း၊ မှိုပေါက်ခြင်း၊ ခိုက်ခြင်း ဖြစ်မည်။
            မကောင်းသောဌာနတွင် အခြားဂြိုဟ် တစ်ခုခုကပ်၍ သက်မဲ့ဖြစ်ပြီး ဆန်းကျင်သော် မြေမသန့်ခြင်း၊ မြေဘုတ်ဘီလူး ရှိခြင်းကို ဟောရမည်။

သောကြာဂြိုဟ်
            ကောင်းသောဌာနတွင် သောကြာဂြိုဟ်ကို မြေဂြိုဟ်က ကပ်လျှင်သော်လည်းကောင်း၊ ရေဂြိုဟ်ကပ်လျှင် သော်လည်းကောင်း၊ သက်ရှိဖြစ်၍ ဆန်းကျင်မူ အိမ်ပေါ်အိမ်နားမှာ အနည်းငယ် ကိုယ်ရေကိုယ်သား မကောင်းသူ၊ အနည်းငယ် စိတ်နောက်သူ ရှိမည်။
            မကောင်းသောဌာနတွင် သောကြာဂြိုဟ်ကို မြေဂြိုဟ်ကပ်လျှင်သော်လည်းကောင်း၊ ရေဂြိုဟ်ကပ်လျှင် ဆန်းကျင်လျှင် အပြင်းအထန် စိတ်နောက်သူ၊ နူနာစွဲကပ်သူ ရှိမည်။
            ကောင်းသောဌာနတွင် သောကြာဂြိုဟ်ကို တနင်္လာဂြိုဟ်ကပ်၍ ဆန်းကျင်မူ မိုးကြိုးခခြင်းကို ဟောပါ။ (ကောင်း၏)

စနေဂြိုဟ်
            စနေဂြိုဟ်ကို ဗုဒ္ဓဟူးဂြိုဟ်ကပ်၍ သက်ရှိဖြစ်သော် ကပ်ဂြိုဟ်ဆန်းကျင်သော် နတ်ဝင်သည်လာမည်။ နတ်စွဲ၊ နတ်နှင့် ပတ်သက်သူ ၀င်လာမည်။ နတ်ဝင် နတ်ပူးခြင်းများနှင့် ကြုံတွေ့ရမည်။
            တန်းကပ်၊ တိုင်ခြေ တစ်ခုခုတွင် စနေဂြိုဟ်တည်ပြီး သက်ရှိဖြစ်သော် ကပ်ဂြိုဟ်ဆန်းကျင်သော် ရှောသားမွေးမည်။
            တိုင်ခြေ စနေဂြိုဟ်ကို စနေဂြိုဟ်ကပ်၍ ဇာတာရှင်သည် မိန်းမဖြစ်လျှင် ဆန်းကျင်လျှင် ရှောသားမွေးမည်။
            စနေဂြိုဟ်တိုင်ခြေတည်ပြီး သက်ရှိဖြစ်၍ တန်းစီး ဗုဒ္ဓဟူးဂြိုဟ်ကို ပါပဂြိုဟ်ကပ်၍ သက်ရှိဖြစ်သော် ဇာတာရှင်သည် ကိုယ်ဝန်ဆောင်မိန်းမဖြစ်သော် ဗုဒ္ဓဟူးဂြိုဟ်ကို ကပ်သောဂြိုဟ် ဆန်းကျင်သော် အမွှာပူး မွေးမည်။
            တိုင်ထိပ်တွင် ရှိသော စနေဂြိုဟ်ကို ကောဇာ (၀ရ)ဂြိုဟ်ကပ်ပြီး ဆန်းကျင်သော် ၎င်းစနေဂြိုဟ်သက်ရှိဖြစ်သော် အချင်းစလွယ်သိုင်းနှင့် ခလေးမွေးခြင်းကို ဟောရမည်။ ဇာတာရှင်၏ အိမ်ပေါ်၌ တွေ့ကြုံရမည်။
            အထက်ပါအတိုင်း ကပ်သောဂြိုဟ်သည် (မရဏ) အဖြစ်နှင့် ဆန်းကျင်လျှင် ဇာတာရှင်၏ အိမ်အနီးအနားတွင် တွေ့ကြုံရမည်။


အထွေထွေဟောကွက်များ
            တန်းကပ် တိုင်ခြေ တစ်ခုခုတွင် တည်သော ဗုဒ္ဓဟူးဂြိုဟ်ကို စနေဂြိုဟ်ကပ်လျှင် ကပ်သော စနေဂြိုဟ်မှာလည်း အောက်ဂြိုဟ်ဖြစ်လျှင် ရုံးဂတ် စသည် ရောက်တတ်၏။
            တိုင်ခြေမှာရှိသော တနင်္ဂနွေဂြိုဟ်ကို သက်မဲ့အဖြစ်နှင့် ကပ်သောဂြိုဟ်မှာ အောက်ဂြိုဟ်ဖြစ်လျှင် အိမ်ပျက်၍ ပြင်ရတတ်သည်။
            စနေဂြိုဟ်တိုင်ထိပ် တန်းစီး တစ်ခုခုတွင် တည်ပြီး၊ ကောဇာဂြိုဟ်၏ ၀ရဂြိုဟ် သက်ရှိအဖြစ်ကပ်လျှင် ဇာတာရှင်သည် ကိုယ်ဝန်ဆောင် မိန်းမ ၀င်လာခြင်းကို ဟောရမည်။ ဇေယျဂြိုဟ် ကပ်လျှင် ဇာတာရှင်သည် ကိုယ်ဝန်ဆောင် မိန်းမမွေးဖွားသော အိမ်တွင် အိပ်ရပါက အကြံအစည်များ အထူးအောင်မြင်မည်ကို ဟောရမည်။
            မကောင်းသောဌာနတွင် တနင်္ဂနွေဂြိုဟ်တည်၍ သက်မဲ့ဖြစ်ပြီး အောက်ဂြိုဟ် ကပ်ပါက လူမအိပ်ဘဲ၊ လူမနေသော လစ်လပ်နေသော အိမ်ယာကွက်လပ် ရှိသည်။ (သက်ရှိဖြစ်ပါက အိမ်ထဲ၌ အိမ်ထောင်ပျက် ယောက်ျား၊ မိန်းမ တစ်ဦးဦး ရှိသည်။
            မကောင်းသောဌာနတွင် သောမဂြိုဟ် နှစ်ထပ် ကပ်ယှဉ်၍ ဖြစ်စေ၊ သောမဂြိုဟ်ချင်း ကပ်လျှက်ဖြစ်စေ၊ ကပ်ဂြိုဟ် အောက်ဂြိုဟ်ဖြစ်ပါက အိမ်ပေါ်အိမ်နားတွင် အကြီးဆုံးသူ နာတာရှည် မကျန်းမာခြင်းကို ဟောရမည်။
            ကောင်းသောဌာနတွင် မွေးနံနှင့် အတွင်းမိတ်တည်၍ သက်ရှိဖြစ်ပြီး အထက်ဂြိုဟ် ကပ်ခဲ့သော် အိမ်ထောင်ကျရန် အကြောင်း ပေါ်ပေါက်လာမည်။
            တိုင်ထိပ်တွင် သောကြာဂြိုဟ်တည်၍ ကပ်ဂြိုဟ်မှာ ကြာသပတေးဂြိုဟ် အထက်ဂြိုဟ်ဖြစ်သည်။ ဆိုပါစို့ . . . (တနင်္ဂနွေဂြိုဟ် ဖြစ်လျှင် တိုင်ထိပ် သောကြာဂြိုဟ်နှင့် ဦးသာမိတ်ဖြစ်ပြီး သက်ရှိဖြစ်၍ အိမ်ထောင်ကျခြင်းကို ဆိုလိုပါသည်။) အင်္ဂါဂြိုဟ်ဖြစ်လျှင် ၎င်းသောကြာဂြိုဟ်နှင့် ဆွေသား မိတ်ဂြိုဟ်ဖြစ်သောကြောင့် ချစ်သူခင်သူများနှင့် တွေ့ရမည်။ (အခြားသော နေ့သားများ ကိုလည်း တွဲဖက် ဟောဆိုပါလေ)
            မကောင်းသောဌာနတွင် မွေးနံတည်၍ ကောဇာဂြိုဟ်၏ အောက်ဂြိုဟ်ကပ်လျှင် လက်ရှိအခြေအနေများကို ဖျက်စီးလိုသော စိတ်များ ဖြစ်ပေါ်နေမည်။ မကောင်းသောဘက်သို့ စိတ်များ ယိမ်းယိုင်နေတတ်သည်။ ကိစ္ဆဂြိုဟ်ကပ်လျှင် အဆိုးဘက်သို့ အထူးယိမ်းယိုင်လှုပ်ရှားသဖြင့် အမှားများကိုသာ လုပ်ကိုင် ဆုံးဖြတ်မိတတ်သည်။ ဒုက္ဓတွေ့ရတတ်သည်။ မရဏဂြိုဟ် ကပ်လျှင် သေလိုစိတ်များ ပေါ်လာတတ်သည်။ ဗျာယဂြိုဟ်ကပ်လျှင် စိုးရိမ်သောကစိတ်များ ကြီးမားမည်။ ဒွယဂြိုဟ် ကပ်လျှင် ချီတုံချတုံ စိတ်နှစ်ခွ ဖြစ်နေတတ်သည်။ အကြံအစည် နှစ်မျိုး ဖြစ်တတ်၏။
            မွေးနံ ပြတွင်တည်လျှင် အနာပေါက်တတ်သည်။ ပြတွင်ရှိသော နေ့နံသားသမီးများ အနာပေါက်တတ်သည်။
            မွေးနံ နိစ်တွင်ရှိလျှင် အမြင့်မှကျတတ်သည်။ အကျယ်မှ အကျဉ်းသို့ ရောက်တတ်သည်။ စိတ်ကျဉ်းကြပ်မှု ကြီးမည်။
            သောကြာဂြိုဟ်ကောင်းသော ဌာနတွင်တည်ပြီး ကပ်ဂြိုဟ်နှင့်တွဲ၍ သက်ရှိဖြစ်လျှင် ခရီးသွားစရာပေါ်မည်။ သွားသော် ကောင်း၏။ ကောဇာတိုင်၏ အထက်ဂြိုဟ်ကပ်လျှင် ကောင်းသော ဣဋ္ဌ ခရီးမျိုး၊ ဘုရားဖူးခရီမျိုး၊ အပျော်ခရီးမျိုးကို ယူပါ။ အောက်ဂြိုဟ်ကပ်လျှင် အနိဋ္ဌခရီးမျိုး (နာရေး) စသည်သွားရမှု ပေါ်တတ်၏။ မကောင်းသောဌာနတွင် သောကြာဂြိုဟ်တည်ပြီး သက်ရှိဖြစ်ပါက ခရီးသွားရန် ပေါ်ပေါက်သော်လည်း ပျက်ကွက်တတ်၏။ သွားဖြစ်ပါကလည်း မကောင်းတတ်ပါ။
            ကောင်းသောဌာနတွင် သောကြာဂြိုဟ်ကို ပါပဂြိုဟ်ကပ်ပြီး အောက်ဂြိုဟ်ဖြစ်ပါက အတောင်ပေါက် သတ္တ၀ါဝင်မည်။
            ကောင်းသောဌာနတွင် စနေဂြိုဟ်ကို သောမဂြိုဟ်ကပ်ပြီး အောက်ဂြိုဟ်ဖြစ်ပါက အိမ်ပေါ်မြွေတက်ခြင်း၊ မြွေတွေ့ခြင်း။
            ကောင်းသောဌာနတွင် ကြာသပတေးဂြိုဟ်ကို အင်္ဂါဂြိုဟ်ကပ်၍ အောက်ဂြိုဟ်ဖြစ်ပါက အိမ်ပေါ်အိမ်နား၌ ပျားစွဲခြင်း၊ ဗျိုင်းနားခြင်း၊ မျောက်ဝင်ခြင်းများ ဖြစ်တတ်သည်။
            တနင်္လာဂြိုဟ် ပြတွင် သက်မဲ့ အဖြစ်နေပြီး အောက်ဂြိုဟ်ကပ်လျှင် ငွေအနည်းငယ်။ အထက်ဂြိုဟ် ကပ်ပါက ငွေများများအတွက် ပူပန်သောကရောက်ရခြင်း။ အလိမ်အကောက်ခံရခြင်း များကို ဟောနိုင်၏။ (အကြွေးတင်ခြင်းကိုလည်း ဟောနိုင်သည်။)
            မွေးနံ နိစ်ပြခံပြီး မူလတိုင်တွင် ဇေယျ၊ ကောဇာတိုင်တွင် ကိစ္ဆ၊ အထက်နှင့်အောက် အကြီးဆုံးဆန်းကျင်၍ မကျန်းမာသူဖြစ်က ခဲယဉ်းစွာ ကုရတတ်သည်။
            တိုင်ထိပ်တွင် ဗုဒ္ဓဟူးဂြိုဟ်တည်ပြီး ၎င်းဗုဒ္ဓဟူးဂြိုဟ်ကို မူလတိုင်၏ အထက်ဂြိုဟ်ကပ်ခြင်း၊ ကောဇာတိုင်၏ ဇေယျဂြိုဟ် ကပ်ခြင်း၊ သက်မဲ့ဖြစ်ခြင်းကို တွေ့ပါက နေအိမ်သို့ ဘုရားဆင်းတုတော် ကြွလာတတ်သည်။
            တိုင်ထိပ်တန်းစီးတွင် ဗုဒ္ဓဟူးဂြိုဟ်တည်ပြီး မူလတိုင်၏ အထက်ဂြိုဟ်ကပ်ခြင်း၊ ကောဇာတိုင်၏ (၀ရ)ဂြိုဟ်ကပ်ခြင်း၊ သက်မဲ့ ဗုဒ္ဓဟူးဂြိုဟ်ဖြစ်ခြင်းတို့ကို တွေ့လျှင် ရှင်သီဝလိ ၀င်လာတတ်သည်။
            မကောင်းသောဌာနတွင် တည်သောဂြိုဟ်ကို ကိစ္ဆဂြိုဟ်ကပ်၍ သက်ရှိဖြစ်လျှင် မွေးနံတည်ရာမှထောက်၍ မျက်နှာချင်းဆိုင်၊ မျက်စောင်းထိုး အိမ်တို့၌ လူသေမည်။
            တန်းကပ်တိုင်ခြေ စနေဂြိုဟ်သက်မဲ့ဖြစ်ပြီး ကိုယ်ဝန်ရှိသူဖြစ်လျှင် မျောက်ထား၍ ရသော ကိုယ်ဝန်ဟု ဟောနိုင်သည်။ (ကိုယ်ဝန်တည်ပြီးချိန်နှင့် ဒသာကာလကို ကိုက်ညီစေ)
            တန်းကပ်တိုင်ခြေ စနေဂြိုဟ်သက်ရှိဖြစ်လျှက် အိမ်တွင် ကိုယ်ဝန်မရှိမူ အမှုအခင်း ရင်ဆိုင်ရတတ်သည်။ အမှုအခင်း ဖြစ်ရာ၌ စနေဂြိုဟ်ကို မိတ်ဂြိုဟ်၊ ဓါတ်ဂြိုဟ် ကပ်လျှင် တရားမမှု၊ ရန်ဂြိုဟ်ကပ်လျှင် ရာဇ၀တ်မှု ဖြစ်တတ်သည်။ ကိုယ်တိုင် မဖြစ်သော် သက်သေ လိုက်ရတတ်သည်။ စနေဂြိုဟ်ကို ပါပဂြိုဟ်ကပ်လျှင် ဇာတာရှင်အတွက် သားချင်းတို့အတွက်၊ သောမဂြိုဟ်ကပ်လျှင် သူစိမ်းအတွက် အမှုဖြစ်ခြင်း၊ သက်သေလိုက်ရခြင်း။
            တန်းကပ်တိုင်ခြေတွင် စနေဂြိုဟ် သက်ရှိ၊ မူလတိုင်ရော ကောဇာတိုင်ပါ အောက်ဂြိုဟ်များချည်း ကပ်သော် အိမ်ပေါ်အိမ်နားတွင် ကိုယ်ဝန်ရှိသူ ကိုယ်ဝန်ပျက်ကျမည်။
            မွေးနံဂြိုဟ် နိစ်နှင့် ပြဌာနတို့တွင် တည်၍ ကပ်သောဂြိုဟ်မှာ အထက်ဂြိုဟ်များ ကပ်သော် မကောင်းစားနိုင်သေးပါ။
            မွေးနံဂြိုဟ်သည် နိစ်နှင့် ပြဌာနတို့တွင် တည်နေပါက (၇)ဌာနလုံးကို ၀ိပရိတ်ပြန်၍ အကြောင်းခံနိမိတ်များကို ဟောရမည်။
            မွေးနံ နိစ်ပြတွင်တည်သော ကာလတွင် အနိဌဘက်သို့ ယိမ်းယိုင်သဖြင့် အကုသိုလ်မှု၊ အရက်သောက်၊ ဖဲရိုက်၊ မိန်းမလိုက် စသော သစ္စာပျက်တတ်သော စိတ်များဝင်စား၍ ကောင်းမှုဘက်တွင် အားနည်းသည်။


ပရိဝါရ အာယု အစရှိသည့် ဝေဘန်ခန်း
ပရိဝါရ          = အချွေအရံ၊ မိမိနှင့်ဆိုင်သော အရာများ
အာယု          = အသက်၊ ကျန်းမာရေး
နာဂရ           = မြို့ပြ၊ နေရပ်
ဘုမ္မိ             = သုတ်သွေး၊ သွေးသား၊ အညစ်အကြေးစွန့်ရာအရပ်
ဂဟပတိ       = မိမိပိုင်ပစ္စည်း
တေဇ           = ပညာ
ဌာန             = မိမိနေရပ်၊ အိမ်
သီရိ             = ကြက်သရေ၊ မင်္ဂလာတရား၊ အလှူဒါနပြုလုပ်ခြင်း


ကာရက (၈) ပါး အကြောင်း
ကတ္တု           = အလုပ်အကိုင်ပြီးစီးအောင် လုပ်ဆောင်တတ်ခြင်းသဘော (ပြုလုပ်ခြင်း၊ ထပ်တလဲလဲပြုခြင်း၊ အမှုကိစ္စ)
သာမိ    = . . .
                = နှစ်ဦးစပ်ပိုင်ဆိုင်မှု၊ နှစ်ဦးပိုင် (ရှယ်ယာ၊ မိမိကိုယ်ပိုင် အိမ်ငှားလိုခြင်း၊ နောက်မယားယူလိုခြင်း)
ကမ္မ             = ပြုလုပ်အပ်သောအလုပ် (အမှုသစ်၊ အလုပ်အကိုင်သစ်၊ အိမ်သစ်)
ကာရဏ       = ပြီးစီးအောင် ကူညီတတ်သော သဘော
အပ္ပါဒါန        = ပယ်ပြစ်စေသော၊ ထွက်ခွာစေတတ်သောသဘော (ခရီးထွက်ခြင်း)
သြကာသ      = တည်ရာမှီရာသဘောဖြစ်ခြင်း (မပြီးပြတ်သေးသော အလုပ်ဆက်လက်ဆောင်ရွက်ရန်)
အာလပ္ပန      = ၀င်စေခြင်း၊ ခေါ်လိုခြင်းသဘော (ငှားယူလိုမှု၊ ငွေချေးလိုမှု)
၁-၅       အပ္ပါဒါနကာရက။ အောင်ပမိတ်။ သက်မဲ့။ တနင်္ဂနွေဂြိုဟ်။ ပယ်ပြစ်စေသော၊ ထွက်ခွာစေတတ်သော ဆက်ဆံရေးသဘောရှိကြောင်းကို သိရမည်။ ဤတွင် တနင်္ဂနွေဂြိုဟ်သည် တိုင်ထိပ် တန်းစီးစသည် ကောင်းသောဌာန၌ နေခြင်း။ ကပ်ဂြိုဟ်ကောင်းခြင်းမျးကို တွေ့သော်ငြားလည်း ၀င်လာစေမည်ဟု မဟောအပ်တော့ချေ။ တနင်္ဂနွေဂြိုဟ် သက်မဲ့ အင်း၊ အိမ် စသည်တို့ ဇာတာရှင်အား အကျိုးကျေးဇူးပြုပြီး ထွက်သွားခြင်း (၀ါ) ရောင်း၍ စွံခြင်းတို့ကို တိကျစွာ ယူဆဟောပြော နိုင်ပေလိမ့်မည်။
၃-၅       ကမ္မကာရက။ စိန်ပန်း။ သက်မဲ့။ စက် စသည့် အင်္ဂါဂြိုဟ် ရွေးချယ် ဟောပြောနိုင်ပေသည်။
၃-၁       တိုင်ထိပ်ဌာန သက်ရှိ အင်္ဂါဂြိုဟ်ဖြစ်သည်။ အထက်ဂြိုဟ်ကပ်ပါက အင်္ဂါဂြိုဟ် စစ်ဗိုလ်၊ ဆရာဝန်၊ စစ်ဘက်မှ ပုဂ္ဂိုလ် အစရှိသည်တို့သည် ဇာတာရှင်ရှိရာ အိမ်သို့ (အ၀င်ဌာနဖြစ်၍ သုံးတန်ပေးနိစ်ကဲ့သို့) ၀င်ရောက်လာခြင်း ဟူ၍ တရားသေ မယူဆဘဲ (သြကာသကာရက) တည်ရာမှီရာ ဖြစ်ခြင်း သဘောကြောင့် ၎င်းတို့၏ ကူညီမှုကို မရည်ရွယ်ဘဲ (တိုင်ထိပ်) ရရှိစေခြင်း၊ မစချီးမြှောက်ခြင်းကြောင့် ဇာတာရှင်အဖို့ ကောင်းခြင်းကို ဟောပြောရမည်။
·         တိုင်ထိပ် မရည်ရွယ်ဘဲ ဖြစ်ရခြင်း၊ ရုတ်တရက်ဖြစ်ခြင်း (၀င်ခြင်း)
·         ပြ    မဖြစ်သင့်ဘဲ ဖြစ်ရခြင်း (ပျက်ခြင်း၊ ထွက်ခြင်း)
·         တန်းစီး   ရည်ရွယ်၍ဖြစ်ရခြင်း (၀င်ခြင်း)
·         တန်းကပ်            ကြိုးစား၍ဖြစ်ရခြင်း (၀င်ခြင်း)
·         မန္ဒနိစ်    မိမိကြောင့်ဖြစ်ရခြင်း (ပျက်ခြင်း၊ ထွက်ခြင်း)
·         တိက္ခနိစ် အဆိုးကြုံ၍ဖြစ်ရခြင်း (ထိခိုက်နစ်နာခြင်း၊ ပျက်စီးခြင်း)
·         တိုင်ခြေ  တရှောင်ရှောင်ဖြစ်ခြင်း (ယာယီအားကြီးခြင်း)

ဆက်ရန် . .
ဆရာမင်းကျော်ဇော်
ဆက်ဖတ်ရန်
ဆက်ဖတ်ရန်>>>

Thursday, July 19, 2012

ဆရာ ဘိုးတော် ကျော်မြသန်းနှင့် ဟိန်းဆက်



ဆရာကျော်မြသန်း၊ ဘိုးတော်ကင်း၊
ဘိုးတော်ကင်း၊ ကန္နားစီးမောင်မောင်လတ်
ဆရာကျော်မြသန်း၊ သမ္မတ
သမ္မတ၊ ဆရာကျော်မြသန်း
 . . . . . . . .   . . . . . . . . .
ဆရာကျော်မြသန်း . . .     . . . ။

            တစ်ခုနှင့်တစ်ခု ခွဲခြားမရသော အမည်နာမများ၊ အသိအာရုံနှင့် သညာသိ ခန္ဓာမှာ အတိုင်းအတာတစ်ရပ်အထိ နေရာယူလွှမ်းမိုးထားခဲ့သော အမည်နာမများ၊ ထိုအမည်နာမများက မိမိနှင့်အတူ အခြားစာဖတ်ပရိသတ်ထုကြီးကိုပါ လွှမ်းမိုးထားဖူးသည်။ ဘာ့ကြောင့် လွှမ်းမိုးထားနိုင်ခဲ့ပါသလဲ။
            ဆရာ့အကြောင်းမပြောခင် မိမိအကြောင်း နည်းနည်းပြောချင်သည်။ ပြောခွင့်ပြုပါ။ ၁၀ နှစ် ၁၁နှစ် ၀န်းကျင်ကတည်းက ဘိုးတော်ပေါင်းစုံ၊ ဆရာပေါင်းစုံ၊ ဆရာတော်မျိုးစုံ တွေ့ဖူး၊ ကြုံဖူး၊ ဆုံးဖူး ဖူးသည်။ အံ့သြဖွယ်ရာ ဖြစ်ရပ်များ ကြုံဆုံခဲ့ဖူးသည်။ ယုတ်စွအဆုံး ရသေ့ကြီးကျိကုန်းကဲ့သို့သော မြေလျှောက် ဂန္ဓရီခရီးသည် ၀ိဇ္ဖာဆိုသူများပင် ကြုံဆုံဖူး၏။ လူကိုယ်တိုင် ကြုံဆုံဖူးသလို ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)၏ ကတိသစ္စာ အစပြုသော ဂမ္ဘီရစာပေများ ဖတ်ရှုဖြစ်ခဲ့ပြန်သည်။ ၁၀ နှစ်ဝန်းကျင်မျှ ဂမ္ဘီရ ဘာသာရပ်ကြီးက လွှမ်းမိုးခဲ့သည်ဟု သုံးသပ်မိသည်။ ထို ၁၀ နှစ်ဝန်းကျင် အတွင်းထဲမှာပင် ဖတ်ဖြစ်ခဲ့သော စာအုပ်က ဘိုးတော်ကင်း။
            ဆရာကျော်မြသန်း၏ အခြားစာအုပ်များကို သိပ်အာရုံမရောက်ခဲ့သော်လည်း ဘိုးတော်ကင်းမှစ၍ စူးစူးစိုက်စိုက် ဖတ်မိလာခဲ့သည်။ အထူးသဖြင့် ဘိုးတော်ကိစ္စ၊ နတ်ကိစ္စ၊ ဗေဒင်ဆရာကိစ္စများ . . . ။
            ဆရာက ၀တ္ထုတစ်ပုဒ်ကို ဇာတ်လမ်းဇာတ်ကွက်အရ တောက်လျှောက်ရေးဖွဲ့လေ့မရှိ။ ဆရာအသိ၊ ဆရာ့အတွေးအခေါ်ကို ဆရာကိုယ်တိုင် ၀င်၍ ပြောပြသွားသည်။ ညွှန်ပြသွားသည်။ ဆရာ့ အာဘော်များကို ဇာတ်ဆောင်အား သိပ်ပြီး ပြောခိုင်းလေ့မရှိ။ ဆရာကပဲ ပြောလေ့ရှိသည်။
            ဆရာ့ဝတ္ထုများကို ဖတ်ရဖန်များသောအခါ ဆရာသည် လောကီကိစ္စများကို စနစ်တကျ သိရှိသူ၊ စာဖတ်ပရိတ်သတ်ကို ဆရာကဲ့သို့ သိရှိစေလိုသူဟု နားလည်မိခဲ့သည်။ “အမှန်သိမှ အသိမှန်မယ်၊ အသိမှန်မှ အမှန်သိမယ်” ဟူသော စေတနာသည် ပေါ်လွင်လှသည်။
            စာနယ်ဇင်းသမားတစ်ယောက်၏ တာဝန်က ဘာများပါလဲ။ ထိုတာဝန်းများထဲမှာ စာဖတ်သူတွေ “အမှန်သိမှ အသိမှန်မယ်၊ အသိမှန်မှ အမှန်သိမယ်” ဟူသော စေတနာတွေ မလွဲမသွေ ပါဝင်သည်ဟု ထစ်ထစ်ချ ယုံကြည်သည်။
           
ကိစ္စတစ်ရပ်၊
            ဖြစ်ရပ်တစ်ခု
            လောကတစ်လွှာ . . .။
            အရာရာအပေါ်မှာ စာဖတ်သူတွေ အမှန်သိ အသိမှန်ဖို့ ဆောင်ရွက်ပေးနိုင်ခြင်းသည် စာနယ်ဇင်း၏ တာဝန်တစ်ရပ် ဖြစ်သည်။ ဒါဆို ဆရာကျော်မြသန်း၏ စေတနာနှင့် စာနယ်ဇင်း၏ တာဝန်ဦးတည်ချက် မတူဘူးလား။ အထူးသဖြင့် ထင်ယောင်ထင်မှားဖြစ်စေသည့် ဂမ္ဘီရ၊ လောကီနယ်ပယ်နှင့် စပ်လျဉ်း၍ အမှန်သိရေး အသိမှန်ရေးအတွက် ဆရာကျော်မြသန်းနှင့် ဆွေးနွေးဖို့ အချိန်ကျပြီဟု ယူဆမိပါသဖြင့် . . . .

ဆရာ့အနေနဲ့ ဗေဒင်၊ လက္ခဏာ၊ ယတြာ အစရှိတဲ့ ပညာရပ် (ပညာစစ် ပညာမှန်) တွေကို ယုံကြည်မှု အပြည့်ရှိပါသလား။ လက်ခံမှုရော ရှိပါသလား။ ဘာကြောင့် ယုံကြည်တာလဲ။ ဘာကြောင့် လက်ခံတာလဲ။
            ယုံကြည်မှု အပြည့်အ၀ရှိပါတယ်။ ပညာရပ်အကောင်းကိုလည်း လက်ခံပါတယ်။ မြန်မာ့မျိုးနွယ် အစဉ်အဆက် ဘုရားရှင် လက်ထက်တော်ကတည်းက ရှိခဲ့သော ပညာရပ်ဖြစ်၍ ယုတ္တိယုတ္တခိုင်လို့ ပညာရပ်ဆိုင်ရာ ကျမ်းရင်းများ ရှိသောကြောင့် ယုံကြည်လက်ခံတာပါ။ ပညာရှင်နဲ့ ဆရာကိုတော့ ခွဲခြားရမယ်ထင်ပါတယ်။ ယနေ့ခေတ်မှာ ပညာရှင်ထက် ဆရာများနေတယ်လို့ ဆိုပါရစေလား . . .။

အဲဒီပညာရပ်တွေရဲ့ တန်ဖိုးဟာ ဘယ်လိုအနေထားမျိုးဆိုရင် ပိုပြီး တန်ဖိုးကြီးမားနိုင်ပါသလဲ။ ပညာရပ်အစစ်အမှန်ရဲ့ တန်ဖိုးဟာ ပညာရပ်ပေါ် တည်တည်သလား၊ လူအပေါ်မူတည်သလား။
            လောကီပညာရပ်များရဲ့ တန်းဖိုးဟာ ပညာစစ် ပညာမှန်ဘက်သို့ ဇောင်းပေးမှုကို ဦးတည်ချက်ထားရင် ပိုပြီး တန်ဖိုးကြီးမားပါလိမ့်မယ်။ အပေါ်ယံ အဟောအပြောဘက်သို့ ဇောင်းပေးရင် တန်ဖိုးလျော့သွားမယ်လို့ ထင်ပါတယ်။ သိပ္ပံခေတ်အားပြိုင်မှုမှာ ပညာစစ် ပညာမှန်နှင့်သာ အားပြိုင်မှု ပြုနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ လူထက် ပညာရပ်ပေါ်မှာသာ တည်ပါတယ်။ ယနေ့ခေတ်မှာ ကြေငြာဟိတ်ဟန်ထည်ဝင့်မှုနဲ့ လူအပေါ်တင်နေတာကို ၀မ်းနည်းဖွယ်ရာ တွေ့နေရပါတယ်။ အဓိကဟာ ပညာပါ။ သာမညဟာ လူပါ။

“ဘိုးတော်ခေတ်”ဟာ ဆရာ “ဘိုးတော်ကင်း”ရေးတဲ့ ၁၉၇၅-၇၆ နဲ့သည်ဘက်ကာလတွေမှာ ပိုပြီး ကျယ်ပြန့်လာတယ်လို့ ထင်ပါတယ်။ ဒီအရင်က မကျယ်ပြန့်ဘဲ အဲဒီကာလကျမှ ပိုမိုကျယ်ပြန့်လာတာ ဘာကြောင့်ပါလဲဆရာ။ ဆရာ့အယူအဆပေါ့။
            ဘိုးတော်ခေတ်ဟာ ကျွန်တော် ဘိုးတော်ကင်းရေးပြီး ကျယ်ပြန့်လာတာပါ။ ကျွန်တော်ရဲ့ စာအုပ်ကြောင့်များလားလို့ ယနေ့အထိ သံသယရှိနေဆဲပါ။ ခုတ်ရာတစ်ခြား၊ ရှရာတစ်ခြားများ ဖြစ်သွားလေသလားလို့။ လူသိများအောင် သူတို့အကြောင်း ကြေငြာပေးလိုက်သလို ဖြစ်သွားလေသလားလို့။ ဒါပေမယ့် ဘိုးတော်ခေတ်ဟာ ကျဆုံးသည့်ဘက်သို့ ဦးတည်နေပါပြီ။ အတုဟာ ခဏသာခံပါတယ်။

ဘိုးတော်မယ်တော်တွေ ကျယ်ပြန့်လာသလို လောကီဖြစ်ရပ်ဆန်း၊ ထူးခြားတဲ့သစ်ပင်၊ အမြုတေ၊ မိုးကြိုးသွား . . . စတဲ့ အကြောင်းအရာတွေလည်း ကျယ်ပြန့်လာပါတယ်။ ဒါ စာနယ်ဇင်းဆိုတဲ့ Media တွေကြောင့်လား။
            ထူးခြား ဆန်းကျယ်တဲ့ အကြောင်း ဖြစ်ရပ်မျိုးကစုံ လူတွေစိတ်ဝင်တစား လက်ခံလာခြင်းဟာ အကြောင်းဖြစ်ရပ်တွေ ထူးခြားဆန်းကျယ်သောကြောင့်လို့ မထင်ဘူး။ မထူးခြား မဆန်းကျယ်တာတွေကို လူတွေစိတ်ဝင်စားလာခြင်းဟာ စာနယ်ဇင်း Media များကြောင့်လို့ ထင်ပါတယ်။

အဲဒီ လောကီဖြစ်ရပ်ဆန်း၊ ထူးခြားတဲ့ အရာဝတ္ထုတွေက လူတွေကို အကျိုးပြုနိုင်ပါသလား။ အဲဒါကို ဖော်ပြတဲ့ Media တွေကရော အကျိုးပြုနိုင်ပါသလား။
            လောကီဖြစ်ရပ်ဆန်း ထူးခြားတဲ့ အရာဝတ္ထုတွေက လူတွေကို အကျိုးမပြုနိုင်ပါ။ တဒင်္ဂဟန် စိတ်ဝင်စားမှုဖြစ် စေမည်တာပါ၊ ကြွက်ကို ဆင်ဖြစ်အောင် ချဲ့ထွင်ပေးတဲ့ စာနယ်ဇင်း၊ Media များကိုတော့ အကျိုးပြုလိမ့်မယ်လို့ ထင်မြင်ပါတယ်။ ဒီအကြောင်းအရာတွေက လူဗြိန်းကြိုက်မို့ ပိုရောင်းရမယ်လေ။ ဒါကြောင့် စာနယ်ဇင်းကို အကျိုးပြုတာပေါ့။

ဆရာက လောကီဝိဇ္ဖာ အစစ်အမှန်တွေရှိတယ်လို့ ယုံကြည်တယ်နော်။
            ယုံကြည်ပါတယ်။

ဒါဆို အဲဒီလောကီဝိဇ္ဖာ အစစ်အမှန်တွေဟာ ကျွန်တော်တို့ လူတွေကြားထဲမှာ ရှိနိုင်ပါ့မလား။ လူတွေဖြစ်ချင်ရာ ဆန္ဒ အသီးသီးကို ဖြည့်စွမ်းပေးလေ့ ရှိပါသလား။
            လောကီဝိဇ္ဖာ အစစ်အမှန်တွေဟာ လူတွေကြားထဲမှာ မရှိနိုင်ပါ။ လူတွေ ဖြစ်ချင်ရာဆန္ဒတွေကိုလည်း မဖြည့်စွမ်းပေးနိုင်ပါဘူး။

တချို့ပုဂ္ဂိုလ်များဟာ မူလက အကျင့်စခန်းမှန်ကန်ပေမယ့် နောက်ပိုင်း အတုအယောင်သဖွယ် လမ်းမှားသွားတာ ဘာကြောင့်လဲ။ သူ့ဖောက်ပြန်မှုကြောင့်လား။ လူတွေရဲ့ ဖျက်စီးမှုကြောင့်လား။
            မူလအမှန်၊ နောက်မမှန်တာက လူ့သဘာဝ နိယာမအတိုင်း ကိုယ်တိုင် ဖောက်ပြန်တတ်တဲ့ သဘာဝကြောင့် ဖြစ်ပါတယ်။ တပည့်တပန်းများရဲ့ မြှောက်ပင့်မှုအပေါ် သာယာသောကြောင့်လို့လည်း ဆိုနိုင်ပါတယ်။
            ဒါကလည်း လူ့သဘာဝပေါ့။

Media တွေမှာ ဖော်ပြလေ့ရှိတဲ့ ပုဂ္ဂိုလ်ထူးတွေကို ဆရာ စိတ်ချပါသလား။ လူတွေကိုရော စိတ်ချပါသလား။
            ပုဂ္ဂိုလ်ထူးဟု ဆိုသူတွေကို လုံးဝစိတ်မချ။ မယုံကြည်ပါ။ လူတွေကိုလည်း စိတ်မချပါနဲ့။ မယုံကြည်ပါနဲ့လို့ တိုက်တွန်းလိုပါတယ်။ အရှိအမှန်ဆို ဟုတ်၊ မဟုတ်ကို အသိအမှန် ကိုယ်ပိုင်ဥာဏ်ပေတံဖြင့် တိုင်းကြည့်ပါလို့ လေးလေးနက်နက် တိုက်တွန်းလိုပါတယ်။

ဗေဒင်ဆရာ၊ လက္ခဏာဆရာ၊ နတ်ကတော်၊ အကြားအမြင်၊ ဘိုးတော်၊ မယ်တော် ဆိုတိုင်း “သံသယ”အမြင်နဲ့ ကြည့်သင့်ပါသလား။
            “သံသယ” အမြင်များလေ မမှားလေလို့ ဆိုပါရစေ။

လူတွေကို အမှန်ကို အမှန်အတိုင်း ပြောရဲတဲ့သတ္တိ ဘယ်လိုမွေးပေးရင် ဖြစ်နိုင်မလဲဆရာ (ကျွန်တော်ပြောတဲ့ သတ္တိက ဒီလိုပါဆရာ၊ ဥပမာ . . . ဗေဒင်ဆရာရဲ့ ဟောချက်ကို မှားရင်မှားတယ်လို့ ပြောရဲတဲ့ သတ္တိမျိုးပါ။ ဘိုးတော်အတုယောင်တွေနဲ့ ဆက်နွယ်ပြီး ပြောရရင် ရှင်ဘုရင်ရဲ့ နတ်ဝတ်ပုဆိုး သာဓကလိုပေါ့။ အမွှေးတိုင်က အငွေ့ထွက်လာပုံကိုကြည့်၊ ဘိုးတော် အောင်မင်းခေါင်ပုံ ပေါ်နေတယ် မြင်လား (မမြင်ရင် အရှက်ကွဲတော့မှာ) ဒီတော့ မမြင်လဲ မြင်တယ် ပြောရတာပေါ့။ အမှန်ပြောရဲတဲ့ သတ္တိမရှိဘူး။ ကျွန်တော်ဆိုလိုချင်တာက အဲဒီသတ္တိမျိုး)
            ဗေဒင်၊ နတ်ကတော်၊ ဘိုးတော်တွေထံသို့ သွားကတည်းက မိမိမှာ အားနည်းချက် အခံရှိထားပြီမို့ အမှန်ကို အမှန်အတိုင်း မဟုတ်တာကို မဟုတ်တဲ့အတိုင်း ပြောဆိုတဲ့ သတ္တိမျိုး မရှိနိုင်ပါ။

ဆရာ့ဘ၀ ဆရာ့အတွေ့အကြုံမှာ ပရလောကပုဂ္ဂိုလ် (သိုက်၊ ရုက္ခစိုးစသည်) တစ်ဦးဦးရဲ့ ကူညီစောင့်ရှောက်မှုမျိုး ရှိခဲ့ဖူးပါသလား။ ရှိရင် အဲဒီအတွေ့အကြုံကို ပြောပြစေချင်ပါတယ်။
            ပရလောကရဲ့ ကူညီစောင့်ရှောက်မှုမျိုးမရှိပါ။ အလေးအနက်လည်း မထားပါ။ ကောင်းမှုပြုပြီးတိုင်း အမျှအတန်းပေးဝေသင့်သည် ဟူသော သဘောထားကို လက်ခံပါတယ်။ ကိုယ်တွေ့ စမ်းသပ်မှုတစ်ခုတော့ ရှိခဲ့ဖူးပါတယ်။ ဒါကိုတော့ အလျင်းသင့်လျှင် သီးခြားရေးပါဦးမယ်။

ဒါဆို ဆရာ့အနေနဲ့ ပရလောကရဲ့ ကူညီစောင့်ရှောက်မှုကို ယုံကြည်တယ်ပေါ့။
            ကူညီစောင့်ရှောက်မှုကို မယုံကြည်ပါ။ ကူညီစောင့်ရှောက်နိုင်စွမ်း ရှိတယ်လို့လည်း မထင်ပါ။

ပရလောကရဲ့ အကူအညီတွေအပေါ် ယုံသင့် မယုံသင့် ဘယ်လိုဝေဖန်ပိုင်းခြား စမ်းသပ်မလဲဆရာ။
            အကြောင်းချင်းရာ အခြေခံကို ကျယ်ကျယ်ပြန့်ပြန့် တွေးပြီးမှ ဖြေဆိုသင့်သည့် မေးခွန်းမို့ အတိုခြုံ၍ ဖြေဆိုရန်မသင့်ဟု ထင်မြင်ယူဆပါသည်။

လူတွေ ဗေဒင်၊ လက္ခဏာ မေးသင့်ပါသလား။ ဘယ်လိုအခါမျိုးမှာ မေးသင့်သလဲ။ ဘယ်လို ဆရာမျိုး မေးသင့်သလဲ။ အကြံပေးပါဦးဆရာ။
            ကိုယ့်အကြောင်း ကိုယ်သာလျှင် အသိဆုံးဖြစ်ပါတယ်။ ဗေဒင် လက္ခဏာဟာ အရှိပညာကို အခြေခံ၍ တွက်ချက်ကြည့်မြင်ဟောပြောတဲ့ ပညာရပ်ဖြစ်လို့ မေးသင့်ပါတယ်။ စိတ်အစာကို ဖြည့်စွမ်းပေးနိုင်တဲ့ သဘော သက်ဝင်တာကြောင့် မေးသင့်တယ်လို့ ပြောရတာပါ။ မိမိရဲ့ အကြောင်းနဲ့ ပတ်သက်သော ကိုယ်ပိုင် ဆုံးဖြတ်ချက် ၀ိုးတ၀ါး၊ ဇဝေဇ၀ါ၍ ဖြစ်နေတဲ့အချိန်မျိုးမှာ မေးသင့်ပါတယ်။ လက်ဆန်းဗေဒင်ပညာထက် နက္ခတ်ဗေဒင်ပညာ တတ်ကျွမ်းတဲ့ ဆရာမျိုးကို ရွေးချယ်သင့်တယ်လို့ ထင်ပါတယ်။ လွယ်ကူ သွက်လက်မှုနဲ့ ခက်ခဲနက်နဲမှုကို ရွေးချယ်ဖို့ ဖြစ်ပါတယ်။

ဆရာစိတ်အ၀င်စားဆုံး လောကီပညာရပ်တစ်ခုခု (ဗေဒင်၊ လက္ခဏာ၊ ဂဏန်းဗေဒင်၊ တားရော့ စသည့်) ဘာ့ကြောင့် စိတ်ဝင်စားတာလဲဆရာ။
            နက္ခတ်ဗေဒင်ပညာကို စိတ်ဝင်စားပါတယ်။ လူဗြိန်းအကြိုက် ဟောပေးသလို ဟောလို့မရသောကြောင့် ဖြစ်ပါတယ်။

စာနယ်ဇင်းတွေမှာ ပါလေ့ရှိတဲ့ ဟောစာတမ်းတွေအပေါ် ဆရာဘယ်လို သဘောထားပါသလဲ။
ယေဘူယျ ဟောစာတမ်းဖြစ်လို့ ယေဘူယျလို့ဘဲ သဘောထားသင့်တယ်လို့ပဲ ဆရာယူဆပါတယ်။

အဆောင် လက်ဖွဲ့တွေအပေါ်ထားတဲ့ ဆရာ့သဘောထား၊ ဆရာ့အမြင် . . .။
            ဗုဒ္ဓ၏ ရတနာသုံးပါးအဆောင်မှလွဲလို့ အခြား ဆောင်စရာ အဆောင်မရှိဘူးလို့ ဆိုပါရစေ။ အဲဒီ ယုံကြည်ချက် အတိုင်းလည်း စွဲမြဲစွာ ယုံကြည်တဲ့အလျောက် ယနေ့ထိ အမြတ်ဆုံးအဆောင်အဖြစ် ဆောင်ထားရတယ်။

ထေရ၀ါရဗုဒ္ဓ၀ါဒမှာ မပါတဲ့ ဂါထာမန္တာန်တွေအပေါ် ဆရာ့သဘောထား။
            ထေရ၀ါဒ၊ ဗုဒ္ဓ၀ါဒများမပါတဲ့ ဂါထာ မန္တန်များကို စိတ်မ၀င်စားပါ။ အန္တရာယ်ကင်း ရွတ်ဖတ်ရမည့် ဂါထာ (၉)မျိုး၊ ကျက်သရေရှိရန် ရွတ်ဖတ်ရမည့် ဂါထား(၄)မျိုး၊ အကျိုးပေး ဖြစ်ထွန်းစေမယ့် သုတ် (၁၁)သုတ်ကိုသာ စိတ်ဝင်စားပါတယ်။ ဓမ္မစင်္ကြာပါဠိတော်၊ ပဋ္ဌာန်းပါဠိတော်၊ ဓရဏသုတ်၊ ပရိမိတ္တဇလသုတ်၊ အဘိဏှသုတ်၊ ဇောဇ္ဈင်င်္ဂသုတ်၊ မေတ္တာသုတ်များ နေ့စဉ်နေ့တိုင်း ရွတ်ဖတ်လာတာ ၁၅နှစ် ကျော်ကာလတိုင်ခဲ့ပါပြီ။ အကျိုးကတော့ ယနေ့အထိ အစစ အရာရာ အဆင်ပြေ၍ စိတ်ချမ်းသာ ကိုယ်ချမ်းသာ နေထိုင်ရခြင်းပဲ ဖြစ်ပါသည်။

“ဘိုးတော်ကင်း”၊ “ကနားစီးမောင်မောင်လတ်”၊ “ဟောသမျှ ပြောသမျှ အဟောဝက” စတဲ့ ၀တ္တုတိုတွေ ရေးဖို့အတွက် ဆရာဘယ်လို အတိုင်းအတာတွေအထိ လေ့လာခဲ့ရပါသလဲ။ အတွေ့အကြုံတစ်ချို့ ပြောပြပါဦးဆရာ။
            မဟိဒ္ဓိဂိုဏ်းကြီး တစ်ဂိုဏ်းတွင် ဆရာအဖြစ် နှစ်နှစ်ကျော်၊ ကိုယ်တိုင် ဘိုးတော်အဖြစ် နှစ်နှစ်နီးပါး လုပ်ခဲ့ဖူးတဲ့ ကိုယ်တွေ့ အတွေ့အကြုံကို အခြေခံပြီး လေ့လာတွေ့ရှိချက်များနဲ့ ပေါင်းစပ်လို့ ဘိုးတော်ကင်းကို ရေးခဲ့ပါတယ်။ ဂျာနယ်ကျော်ဦးစောဦးကြောင့် စွန်းလွန်းရိပ်သာသို့ ရောက်ရှိခဲ့ပြီးနောက် အရှိအမှန်ကို အသိဥာဏ်ဖြင့် ဆင်ခြင်နိုင်သောကြောင့် ဘိုးတော်ဘ၀ တစ်ဖြစ်လဲခဲ့ပါတယ်။ နတ်အကြောင်းကတော့ နတ်ပွဲတွေ လေ့လာပြီး စာအရှိနှင့် ကိုယ်တွေ့အသိများကို ဆက်စပ်ပြီး ရေးဖွဲ့ခြင်း ဖြစ်ပါတယ်။

ကနားစီး မောင်မောင်လတ်ထဲမှာ နတ်ကတော်တွေရဲ့ လျှို့ဝှက်ချက် (မီးစားပြတာ၊ အသားစိမ်းစားပြတာ၊ စတဲ့ . . )တွေကို ဆရာက စားပေါက်ပိတ်မှာစိုးလို့ ဆိုပြီး ထိန်ချန်ခဲ့တယ်။ အဲဒါ ကျွန်တော့်သဘောပြောရရင် သိပ်ဘ၀င်မကျဘူးဆရာ။ သူတို့ လျှို့ဝှက်ချက်တွေ လူတွေသိမှ နတ်ကတော်ကို အယုံအကြည်ကင်းမှာ၊ အဲဒီအချက် ဆွေးနွေးပေးပါဦးဆရာ။
            နတ်ကတော်တွေ လုပ်တဲ့နည်းနဲ့ မျက်လှည့်ဆရာတွေ လုပ်တဲ့နည်းဟာ အတူတူပါပဲ။ တကယ်တန်းဆို မျက်လှည့် ဆရာတွေက သူတို့ထက်တောင် သာပါလိမ့်ဦးမယ်။ ဒီလောက်ဆို ဘ၀င်ကျရောပေါ့။

လောကီပညာရပ်တွေကို လူတွေလိုက်စားသင့်ပါသလား။ လိုက်စားသင့်တယ်ဆို ဘယ်လိုလိုက်စားသင့်ပါသလဲ။ တစ်ဦးကောင်း တစ်ယေက်ကောင်း လိုက်စားလာတာနဲ့ အုပ်စုလိုက် လိုက်စားကာ ဘယ်ဟာပိုကောင်းနိုင်ပါသလဲ။
            ကိုယ့်အကြောင်းနဲ့ ကိုယ့်အခြေအနေအပေါ် အခြေခံပြီး လိုက်စားလိုက လိုက်စားသင့်ပါတယ်။ တကယ်လိုက်စားသင့်တာကတော့ အရှိအမှန် ဓမ္မတရားနဲ့ ၀ိပဿနာ ဘာဝနာ ပွားများအားထုတ်ခြင်း ဖြစ်ပါတယ်။ စိတ်ပါဝင်စားလို့ လောကီပညာလိုက်စားမယ် ဆိုရင်လည်း အစုအဖွဲ့နဲ့ မလိုက်စားသင့်ဘူးလို့ ထင်ပါတယ်။ လောကမှာ ဘာကိုမဆို ကိုယ့်အသိနဲ့ ကိုယ်ဟာ ကိုယ်လုပ်တာ အကောင်းဆုံးပါဘဲ။

လောကီပညာရပ်တွေ လိုက်စားမယ်ဆိုရင် အခြေခံ သိသင့်တဲ့ ဘာသာရပ်တွေရှိဖို့ လိုမယ်ထင်ပါတယ်။ ဥပမာ- Psychology; General Science နောက် နက္ခတ်ဗေဒင်၊ ဆန်းကျမ်း၊ လက္ခဏာ ပြီးတော့ ကျင့်ကြံမှု စရတာ (ပုတီးစိတ်တာ၊ သမထထိုင်တာ၊ ယောဂပညာတွေ လေ့လာဆည်းပူးလေ့ကျင့်တာ) စသည်ဖြင့် . . .။
            လောကီပညာ လိုက်စားမယ်ဆိုရင် “သီလနဲ့ စရဏ”ဟာ အဓိက ပထမပါ။ သမာဓိ တည်ကြည်အောင် ကျင့်ကြံအားထုတ်တာက ဒုတိယပါ။ အဲဒီနှစ်ချက်နဲ့ တွဲစပ်ပြီး နည်းစနစ်ကျနမှုကို အလေးပေးထားဖို့ပါပဲ။

အဲဒီလို လေ့လာလိုက်စားခြင်းအားဖြင့် အတိုင်းအတာ တစ်ရပ်အထိ အောင်မြင်မယ်ဆိုရင် ကာယကံရှင်အတွက်ရော သူ့ဝန်းကျင်အတွက်ပါ အကျိုးရှိနိုင်ပါ့မလား။
            ကောင်းသောအကြောင်း ပြုလုပ်မှ ကောင်းသောအကျိုးကို ခံစားရရှိနေတာဟာ သဘာဝ သဘောပါ။ ကိစ္စတိုင်းမှာ အကြောင်းနှင့်အကျိုး ရှိစမြဲ ဖြစ်ပါတယ်။ ပုတီးစိပ်ခြင်း အကြောင်းတွင်လည်း အကျိုးတရားများ ရှိရမည်မှာ အမှန်ပါ။ အကျိုးမရှိဘဲ အကြောင်းမရှိနိုင်သလို၊ အကြောင်းမရှိဘဲလည်း အကျိုးမပေါ်နိုင်ပါ။ ရည်ရွယ်ချက်၊ ဦးတည်ချက် မှန်ကန်ဖို့တော့ လိုပါမယ်။

အဲဒီလိုလေ့လာလိုက်စား ကျင့်ကြံအားထုတ်ပြီး အတိုင်းအတာတစ်ရပ်အထိ အောင်မြင်ပြီဆိုပါစို့။ ဒီအောင်မြင်မှုအပေါ် အခြေတည်ပြီး “စီးပွားဖြစ် ဖြစ်စေ၊ အသက်မွေးဝမ်းကြောင်းမှု ပုံစံနဲ့ဖြစ်စေ” ငွေရှာသင့်ပါသလား။
            အသက်မွေးဝမ်းကြောင်းနှင့် စီးပွားဖြစ် လုံးဝမလုပ်သင့်ပါ။ ကုသိုလ်အလုပ်ကို အကုသိုလ်အလုပ်နဲ့ မလဲပါနဲ့။

ထောင်ထဲမှာရောက်သွားတဲ့ ဘိုးတော်အတုတွေ ဘာတွေကတော့ တွေ့ဖူး၊ မြင်ဖူး၊ ဖတ်ဖူးပါတယ်ဆရာ။ အဲလို ထောင်ထဲရောက်သွားတဲ့ ဗေဒင်ဆရာတွေရော ဆရာတွေ့ဖူးပါသလား။ ထောင်ထဲမှာ ဗေဒင်ဟောတဲ့ ဆရာရဲ့ အဟောခံရဖူးလား။ မှန်ရော မှန်လား။
            ဗေဒင်ကို လူတိုင်းစိတ်ဝင်စားပါတယ်။ ထောင်ထဲရောက်နေသူတွေက ပိုပြီး စိတ်ဝင်စားကြတာကို တွေ့ရပါတယ်။ လက်ဆန်းအဟောသွက်ရင် ထောင်ထဲရောက်သွားလို့ကတော့ မပူပါနဲ့။ ဗေဒင်ဆရာ ထောင်ထဲရောက်ရင် အနေအစား အလွန်ချောင်ပါတယ်။ ဗွီအိုင်ပီ စာရင်းဝင်ပါတယ်။ နာမည်ကြီးရင် ကြီးသလောက် အရေးပေးခံရပါတယ်။ တန်းစီ၊ တိုကင်ယူပြီး ဗေဒင်မေးရတဲ့ ရေးဖော် ဆရာကြီး ထောင်ထဲရောက်သွားစဉ်က ၀ါဒါကအစ၊ ထောင်ပိုင်အဆုံး သူတို့မိသားစုတွေပါ လက်မလည်အောင် ဟောခဲ့ရတယ်လို့ ကြားဖူးပါတယ်။ ကိုယ်တိုင်တော့ ထောင်ထဲမှာ ဗေဒင်မမေးဖူးပါဘူး . .. . . ။

            တကယ်တော့ မိမိမေးလို ပြောလိုသော အကြောင်းအရာများစွာ ကျန်ရှိနေပါသေးသည်။ မိမိဆွေးနွေးလိုသမျှကို ဆရာကလည်း ရွှင်လန်းတက်ကြွစွာ ပြောဆိုဆွေးနွေး ရှင်းပြပေးသည်။ တန်ဖိုးကြီးမားသော အချိန်များ . .။ ဆရာက ရွှင်လန်းတက်ကြွနေသော်လည်း ဆရာ့ကို အားနာမိသည်။ ဆရာ့ အသက်က ၆၈ နှစ်၊ အရွယ်က ရှိသေးသည်။ ဆရာနားချိန်ကို သည်မျှအထိ သိမ်းပိုက်ထားဖို့ မိမိလောဘမကြီးသင့်တော့ပါ။ ဆရာ့ဇနီး ကြီးကြီးမြကိုလည်း အားနာရသည်။ သို့ပါ၍ အချို့ဆွေးနွေးဆရာများကို ရင်ထဲမှာပင် လျှိုထားခဲ့ရသည်။
            ဆရာ့ကျေးဇူးတွေကတော့ မိမိအဖို့ ကြီးမားပြီးရင်း ကြီးမားနေသည်။
            “အမှန်သိမှ အသိမှန်မယ်၊ အသိမှန်မှ အမှန်သိမယ်” ဟူသော အမှန်တရားသည် ရင်ထဲမှာ ပဲ့တင်ထပ် လို့နေသည်။

ဝေဒပရိတ်သတ်ကြီး . . .
“အမှန်သိ အသိမှန်ကြပါစေ၊ အသိမှန် အမှန်သိကြပါစေ”
 . . . ကျေးဇူးမှတ်တမ်း . . .
            ဆရာ့စာရေးချိန်၊ အနားယူချိန်၊ ပရိတ်ရွတ်ချိန်၊ ပုတီးစိတ်ချိန်တို့ကို ဖဲ့ချွေ၍ မိမိသိလိုရာများကို ဆွေးနွေးပေးသော ဆရာကျော်မြသန်း၊ ဆရာ့ဇနီး ကြီးကြီးမြ၊ ဆရာ၏ စာအုပ်ဟောင်းများကို ရက်အကန့်အသတ်မရှိ ဖတ်ရှုခွင့်ပေးသော န၀ဒေးစာပေ ဥယျာဉ်မိသားစု(စံပြ ဖဆပလ)၊ အနှစ် ၄၀ကျော်ကြာ ဓာတ်ပုံမရိုက်ဖြစ်ခဲ့သော ဆရာနှင့် ကြီးကြီးမြတို့အား ဓာတ်ပုံမှတ်တမ်း ပြုပေးသော မိုးလွင်ဟန်တို့အား ဝေဒမဂ္ဂဇင်းမှတဆင့် ၀မ်းသာ ကြည်နူးစွာ ကျေးဇူးတင်ပါကြောင်း စာကမ္ဗည်း တင်ပါသည်။
ဟိန်းဆက် (15-July-97)

ဝေဒမဂ္ဂဇင်းအား ဗျူးခွင့်ပေးတဲ့ ဆရာကြီးကို ကျေးဇူးတင်ပါတယ်။ အမှန်သိဖို့အတွက် အမှန်ရေးမှ ပြောမှ ဖြစ်ပါမယ်။ ဗေဒင်ဆရာ တချို့နဲ့ ဗေဒင်မဂ္ဂဇင်းလို့ သတ်မှတ်ထားတဲ့ မဂ္ဂဇင်းတစ်ချို့ရဲ့ ရိုက်သွင်းလိုင်းကြောင့် မီဒီယာတွေကြောင့် ဗေဒင်မေးပရိသတ် တချို့ဟာ ဗေဒင်ပညာအစစ်ကို မသိတော့တာတော့ ကျွန်တော်တို့ ၀မ်းနည်းမိပါတယ်ဆရာ။ ကျွန်တော်တို့ ကြိုးစားပါမယ်။
ဝေဒမိသားစု

အထက်မှာက အသီးသီးကျေးဇူးတင်စကားတွေ ပြောကြာခဲ့ကြတာဆိုတော့ ကျွန်တော်ကလည်း . . .
 အမှန်သိပြီး အသိမှန်စေရန် ဖြေကြားပေးခဲ့ပါသော ဆရာကြီးကျော်မြသန်း အားလည်းကောင်း၊အသိမှန်ပြီး အမှန်သိစေရန် တွေ့ဆုံမေးမြန်းပေးခဲ့သော ဆရာဟိန်းဆက်အားလည်းကောင်း၊ အများဖတ်ရှုခွင့် ရရှိစေရန် ဇောတိသဝေဒ မဂ္ဂဇင်းတွင် ထည့်သွင်းဖော်ပြခဲ့ပါသော ဝေဒမိသားစုအားလည်းကောင်း၊ အထူးသဖြင့် ဤဆောင်းပါးအား ကျွန်တော် ဖတ်ရှုမှတ်သားခွင့်ရရှိအောင် တစ်ကူးတက ရှာဖွေယူလာပေးပါသော ဆရာကြီး ဦးမောင်မောင်ကြည် (သေသ၀ိဇ္ဇာ)အား လည်းကောင်း အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
မောင်အောင်ဟိန်းအေး
http://mmastrolesson.blogspot.com
ဆက်ဖတ်ရန်
ဆက်ဖတ်ရန်>>>